၁၇နှစ်နဲ့ မွတ်စလင်ဖြစ်လာသူ ဂျာမန်လူမျိုး ယာဟ်ယာ ရှရိုဒါ

ကဏ္ဍ – New Muslims
 
ကျနော်ကတော့ ယာဟ်ယာ ရှရိုဒါ (Yahya Schroder) ပါ။ ကျနော်က ဥရောပသားမွတ်စလင်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၁ လ ကျနော်အသက် ၁၇ နှစ်အရွယ်မှာ မွတ်စလင်ဖြစ်လာခဲ့ပါတယ်။ အခု ဂျာမနီနိုင်ငံ ပိုစ်ဒမ် (Postdam) မှာနေပါတယ်။ မွတ်စလင်နိုင်ငံမဟုတ်တဲ့ (non-muslim) နိုင်ငံမှာ မွတ်စလင်တစ်ဦးကြုံတွေ့ခံစားရတာတွေကို ကျနော်မျှဝေချင်ပါတယ်။
 
ဒီနိုင်ငံမှာ အစ္စလာမ်ဘာသာကို ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ မွေးကတည်းက မွတ်စလင်အဖြစ် ပြုစုပျိုးထောင်ခံခဲ့ရသူတွေနဲ့ ယှဉ်လိုက်ရင် ဒီးန်သာသနာအပေါ်မှာ လျှောက်လှမ်းရတာပိုပြီးလွယ်ကူလိမ့်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ ကျနော်သိတဲ့ မွေးကတည်းက မွတ်စလင်ဖြစ်လာသူအားလုံးနီးပါး ဂျာမန်ဖြစ်ချင်နေကြပါတယ်။ သူတို့က အစ္စလာမ်ကို ရိုးရာဓလေ့ထုံးတမ်းစဉ်လာတစ်ခုအဖြစ်သာ ခံယူလာကြပြီး ဂျာမန်တွေလက်ခံဖို့အတွက် အစ္စလာမ့်ယဉ်ကျေးမှုကို စွန့်လွှတ်ဖို့ကြိုးစားနေကြပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ သူတို့အနေနဲ့ သာသနာကို စွန့်လွှတ်ခဲ့သည်ဖြစ်ပါစေ၊ ဂျာမန်တွေက သူတို့ကို ဂျာမန်လို့လက်ခံဖို့မရှိပါဘူး။
 
ကျနော်ရွာသေးသေးလေးတစ်ခုမှာ ကြီးပြင်းခဲ့တယ်။ ရေကန်ရော ဥယျာဉ်ကြီးတစ်ခုပါရှိတဲ့ အိမ်ကြီးရခိုင်မှာ အမေရယ်၊ ပထွေးရယ်နဲ့အတူ နေခဲ့ရတယ်။ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ငယ်စဉ်ဘ၀ကို “လုံးဝအလန်း” နေခဲ့ရတယ်လို့ ဆိုရမယ်နဲ့တူပါတယ်။ အမြဲတမ်းတပူးတွဲတွဲပေါင်းခဲ့တဲ့ သူငယ်ချင်းတွေရှိတယ်။ သူတို့နဲ့အတူလျှောက်လည်ခဲ့တယ်၊ ဆယ်ကျော်သက်ဂျာမန်တွေလိုမျိုး အရက်သေစာလည်းသောက်စားခဲ့ကြတယ်။ ပေါက်ကရလည်း အစုံလုပ်ခဲ့တယ်။
 
ဂျာမနီနိုင်ငံမှာ မွတ်စလင်ဖြစ်ရတာ တော်တော်ခက်ခဲပါတယ်။ အချိန်နဲ့အမျှသိလာတာက ကျနော်လို ဂျာမန်မွတ်စလင်အတွက် ပိုတောင်ခက်ခဲသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမန်တစ်ယောက်ယောက်ကို အစ္စလာမ်နဲ့ပတ်သက်ပြီး ဘာများသိသလဲလို့ မေးကြည့်ရင် သူက အာရပ်တွေအကြောင်းပြောလိမ့်မယ်။ ဒါက ပုံသေနည်းတစ်ခုလိုဖြစ်နေပြီ။ အစ္စလာမ်/မွတ်စလင် = အာရပ် လို့မြင်နေကြတယ်။
 
ကျနော်တို့ရဲ့နိုင်ငံကြီးအကြောင်း သူတို့တွေမသိကြသေးဘူး။ အစ္စလာမ်ကိုပြောင်းလိုက်တော့ မိသားစုကို စွန့်ခွာဖို့အကြောင်းဖန်လာတယ်။ ဒါနဲ့ မြို့တော်ဘာလင်နားက ပိုစ်ဒမ်ဆိုတဲ့ ရပ်ကွက်ကိုပြောင်းခဲ့တယ်။ ကျနော်နေခဲ့တဲ့အိမ်ကြီးအပါအ၀င် ငယ်စဉ်ဘ၀ကတည်းက တန်ဖိုးထားရတဲ့အရာမှန်သမျှကို စွန့်လွှတ်ခဲ့ရတယ်။
 
အမေရယ်၊ ပထွေးရယ်နဲ့နေတုန်းကဆိုရင် ကျနော့်မှာ အကုန်ရှိခဲ့တယ်လေ။ အိမ်ကြီးတစ်အိမ်၊ ကိုယ်ပိုင်ပိုက်ဆံ၊ ရုပ်မြင်သံကြား၊ ဂိမ်းစက် အစရှိတာတွေပေါ့။ လက်ထဲမှာပိုက်ဆံပြတ်တယ်ဆိုတာမရှိဘူး။ ဒါပေမဲ့ ကျနော်မပျော်ရွှင်ခဲ့ဘူး။ တစ်စုံတစ်ခုကို ကျနော်အမြဲရှာဖွေနေမိတယ်။
 
ကျနော်အသက် ၁၆ နှစ်အရွယ်မှာ ပိုစ်ဒမ်က မွတ်စလင်အသိုင်းအ၀ိုင်းနဲ့ ချိတ်ဆက်မိတယ်။ အဲဒါကလည်း အဖေအရင်းကြောင့်လို့ ဆိုရမယ်။ သူက ၂၀၀၁ ခုနှစ်မှာ မွတ်စလင်ဖြစ်ခဲ့တာလေ။ အဖေ့ဆီကို တစ်လတစ်ကြိမ်တော့ ကျနော်ရောက်ဖြစ်တယ်။ သူ့ဆီရောက်ပြီဆိုရင် တနင်္ဂနွေနေ့တိုင်းလုပ်တဲ့ ရပ်ကွက်ထဲက မွတ်စလင်တွေ့ဆုံပွဲကို လိုက်လိုက်သွားတယ်။
အဲဒီအချိန်မှာ ကျနော် အစ္စလာမ်ကို စိတ်ဝင်စားနေပြီ။ ဒါကိုအဖေကလည်း ရိပ်မိတယ်။ တစ်ရက်ကျတော့ သူကပြောတယ်။ သားကိုအဖေအစ္စလာမ်အကြောင်းဘာမှမပြောဘူးတဲ့။ ဗဟုသုတကြွယ်ဝသူတွေဆီကနေ သင်ယူဖို့ အဖေက ပိုပြီးလိုလားတယ်။ ဒါမှသာ “အော်… ဒီကောင်လေးက အသက် ၁၇ နှစ်လောက်နဲ့ မွတ်စလင်ဖြစ်လာမှာပေါ့။ သူ့အဖေလုပ်သမျှလိုက်လုပ်တာကိုး” ဆိုတဲ့အပြောတွေကနေ လွတ်ကင်းလိမ့်မယ်လို့ အဖေက ဆုံးမတယ်။
 
အဖေပြောတာကို ကျနော်လက်ခံပါတယ်။ ဒါကြောင့် လစဉ်လတိုင်း ရပ်ကွက်တွေ့ဆုံပွဲကို ကျနော်သွားပြီး အစ္စလာမ်နဲ့ပတ်သက်တာတော်တော်များများကို လေ့လာသင်ယူခဲ့တယ်။ ဒီလိုနဲ့ ကျနော့်ရဲ့အတွေးအခေါ်ပုံစံတွေကအစ စတင်ပြောင်းလဲလာခဲ့ပါတယ်။ တစ်ရက်သော တနင်္ဂနွေနေ့မှာပါ။ မွတ်စလင်မိတ်ဆွေတွေနဲ့ ရေသွားကူးခဲ့ကြတယ်။ စင်ပေါ်ကနေ ဒိုင်ဗင်ထိုးတော့ အခန့်မသင့်ဖြစ်ပြီး ကျောရိုး နှစ်နေရာမှာ ကျိုးသွားတယ်။ ပြီးတော့ ရေကူးကန်ကြမ်းပြင်နဲ့ ခေါင်းနဲ့ဆောင့်မိသွားတယ်။
 
အဖေက ကျနော့်ကို ဆေးရုံသယ်သွားတယ်။ ဟိုရောက်တော့ ဆရာဝန်က “မင်းရဲ့ကျောရိုးကျိုးသွားတာ အခြေအနေတော့ ဆိုးတယ်။ ငြိမ်ငြိမ်မနေရင်တော့ ဒုက္ခိတဘ၀ရောက်သွားလိမ့်မယ်” လို့ သတိပေးတယ်။
 
ဒီသတိပေးစကားကလည်း ကျနော့်အတွက် အထောက်အကူမဖြစ်စေခဲ့ပါဘူး။ ကျနော့်ကို ခွဲခန်းထဲမပို့မီအချိန်လေးမှာ မွတ်စလင်သူငယ်ချင်းတစ်ယောက်ရောက်လာပြီး ကျနော့်ကိုဒီလိုပြောတယ်ဗျ။ “ယာဟ်ယား၊ မင်းရဲ့အသက်ကတော့ အလ္လာဟ်အရှင်မြတ်ရဲ့လက်ထဲမှာပဲရှိတယ်။ အနေအထားကတော့ မိုးပျံရထားစီးရသလိုပဲ။ အခုမင်းရထားလမ်းရဲ့ထိပ်ဆုံးကိုရောက်နေတယ်ဆိုပါတော့။ အလ္လာဟ်ကိုသာယုံကြည်ထားကွာ” တဲ့။ အဲဒီအားပေးစကားက ကျနော့်အတွက် တော်တော်လေးကို အထောက်အကူပြုခဲ့ပါတယ်။
 
ခွဲစိတ်ချိန် ငါးနာရီကြာခဲ့ပြီး သတိပြန်လည်ဖို့ကတော့ သုံးရက်ကြာခဲ့ပါတယ်။ အဲဒီအချိန်ထိ ညာဘက်လက်လှုပ်လို့မရသေးပေမယ့် ကျနော်ဟာ ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားလို့ ဆိုရမလားပဲ။ ကျုပ်လက်မောင်းဘာပဲဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးဗျိုး၊ အလ္လာဟ်က ကျနော့်ကို အသက်ရှင်ခွင့်ပေးလိုက်ပြီဆိုပြီး ဆရာဝန်ကို ကျနော်ပြောလိုက်တယ်။
 
ကျနော်နောက်ထပ် လအနည်းငယ်လောက်ဆေးရုံမှာနေရလိမ့်မယ်လို့ ဆရာဝန်ကပြောတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို သေချာ ဖိဖိစီးစီးလုပ်တော့ နှစ်ပတ်နဲ့ ဆေးရုံဆင်းခွင့်ရခဲ့တယ်။ တစ်ရက်မှာ ဆရာဝန်က ကျနော့်ဆီရောက်လာပြီး “ဒီနေ့လှေကားထစ်အပေါ် ခြေလှမ်းတစ်လှမ်းစတက်ကြည့်မယ်” လို့ပြောတယ်။ ဒါပေမဲ့ ဆရာဝန် အခုလိုလာမပြောခင် နှစ်ရက်အရင်ကတည်းက ဒီလေ့ကျင့်ခန်းကို ကျနော်လုပ်ခဲ့ပြီးနေပြီ။
 
အခုဆိုညာဘက်လက်မောင်းလည်းလှုပ်လို့ရနေပြီ။ အလ်ဟမ်ဒိုလိလ္လာဟ်၊ အလ္လာဟ်အရှင်မြတ်ကိုကျေးဇူးတင်မိပါတယ်။ ဆေးရုံမှာ ကျနော်နှစ်ပတ်ပဲနေခဲ့ရတယ်။ ဒီမတော်တဆမှုက ကျနော့်ရဲ့ စိတ်နေစိတ်ထားကိုတော်တော်လေးပြောင်းလဲစေခဲ့တယ်။
 
အလ္လာဟ်အရှင်မြတ်သာအလိုရှိမယ်ဆိုရင် လူတစ်ယောက်ရဲ့အသက်ဟာ စက္ကန့်အပိုင်းအတွင်း သေခြင်း၊ ရှင်ခြင်းဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ကျနော်သတိထားမိသွားတယ်။ ဒါကြောင့် ကျနော်ရရှိလိုက်တဲ့ အသက်ကို အသေအချာအလေးအနက်ထားပြီး ကျနော့်ဘ၀နဲ့ အစ္စလာမ်သာသနာအတွက် အများကြီးပိုတွေးခဲ့တယ်။ ဒါပေမဲ့ ကျနော် ရွာလေးမှာနေနေတုန်းပဲဗျ။
 
ကျနော် မွတ်စလင်ဖြစ်ချင်စိတ် တားမနိုင်စီးမရပေါ်လာခဲ့တာကြောင့် မိသားစုကို စွန့်ခွာရပါတော့တယ်။ အမေ၊ ပထွေးနဲ့ ဇိမ်ကျတဲ့ဘ၀ကြီးကို စွန့်ခွာပြီး ပိုစ်ဒမ်ကို ပြောင်းလာခဲ့တယ်။ အဖေအရင်းတော်သူရဲ့အိမ်ကိုပြောင်းလာခဲ့တယ်။ အခန်းလေးကကျဉ်းတာကြောင့် ကျနော့်အတွက် မီးဖိုချောင်မှာသာ နေရာရတယ်။ ဒါပေမဲ့ ကျနော့်မှာ အ၀တ်အစားနည်းနည်းရယ်၊ ကျောင်းစာအုပ်တွေရယ်၊ စီဒီချပ်တချို့ရယ်ကလွဲပြီး ဘာပစ္စည်းမှများများစားစားမပါတာကြောင့် နေရတာအဆင်ပြေပါတယ်။ ကျပ်ကျပ်သိပ်သိပ်မရှိလှဘူး။
 
ကျနော့်ဘ၀မှာ အရာအားလုံးကိုစွန့်လွှတ်ခဲ့ရပေမယ့် ကျနော်ပျော်နေတာကို ခင်ဗျားသတိထားမိမှာပေါ့။ ဘယ်လောက်ထိပျော်နေသလဲဆိုရင် ခွဲခန်းကထွက်လာပြီး သုံးရက်နေမှ သတိပြန်လည်လာချိန် ငါမသေသေးပါလားဆိုတဲ့ ခံစားချက်အပျော်မျိုးနဲ့ကိုပျော်နေတာ။ နောက်တစ်ရက်ကတော့ ရမ်ဇန်လရဲ့ ပထမဆုံးနေ့ပေါ့။ နောက်တစ်နေ့ဆိုရင် ကျောင်းအသစ်မှာ ပထမဆုံးတက်ရမယ့် ရောက်ပြီ။
ကျောင်းတက်ပြီး နောက်တစ်ရက်မှာတော့ ကျနော် ရှဟာဒသ်ရွတ်ဆိုခဲ့တယ် (အစ္စလာမ်သာသနာကိုယုံကြည်ကြောင်း သက်သေထွက်ဆိုခဲ့တယ်)။ အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးတော်ပါပဲ။ ဆိုတော့ … အားလုံးက အသစ်ဖြစ်သွားပြီ။ အိမ်အသစ်၊ ကျောင်းအသစ်၊ ပထမဆုံးအကြိမ်မိသားစုမရှိတဲ့ နေ့ရက်အသစ်။ ကျောင်းမှာလိုပဲ။ ကျနော်မွတ်စလင်ဖြစ်သွားတာလည်းသိရော၊ သူတို့တွေလှောင်ပြောင်သရော်ကြတော့တာပဲ။
 
ဒါကလည်း ပုံမှန်ဖြစ်နေကျကိစ္စလို့ ကျနော်ထင်တာပဲ။ ဘာကြောင့်လဲဆိုတော့ မီဒီယာလက်ချက်ကိုး။ “အကြမ်းဖက်သမား”၊ “အိုစာမာဘင်လာဒင်လာနေပြီ”၊ “မွတ်စလင်တွေက ညစ်ပတ်တယ်” အစရှိတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တိုက်ခိုက်ကြတယ်။ တချို့တွေဆိုရင် ကျနော့်ကို အရူးလို့တောင်ထင်ကြသေးသဗျ။ ပြီးတော့ ကျနော်ဟာ ဂျာမန်လူမျိုးစစ်စစ်ဆိုတာကိုလည်း မယုံကြဘူး။
 
ဒါပေမဲ့ ၁၀ လ ကြာတော့ အဲဒီအခြေအနေတွေအကုန်ပြောင်းလဲသွားပြီ။ ကျနော့်အတန်းဖော်တွေကို ဒအ်ဝါဟ် (အစ္စလာမ်ဘက်သို့ဖိတ်ခေါ်ခြင်း) အမြောက်အမြားလုပ်ခဲ့တယ်။ တစ်ကျောင်းလုံးမှာ ကျနော်တစ်ယောက်ထဲ မွတ်စလင်ပေမယ့် အခုဆိုရင် ကျနော်ဝတ်ပြုဖို့တောင် အခန်းရှိနေပြီ။
 
အတန်းဖော်သူငယ်ချင်းတွေကလည်း ကျနော့်ကိုနောက်ပြောင် ဟာသလုပ်တာမျိုးမရှိတော့ဘဲ အစ္စလာမ်နဲ့ ပတ်သတ်ပြီး သိချင်တာတွေကို အတည်ပေါက်မေးလာကြပြီ။ ပြီးတော့ အစ္စလာမ်ဟာ တခြားသော ဘာသာတရားတွေနဲ့ မတူဘူးဆိုတာကို သူတို့သတိထားမိလာကြတယ်။ “အစ္စလာမ်ဘာသာဟာ အထာကျတယ်” ဆိုတာကို သူတို့သတိထားမိလာကြပြီ။
 
တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရင် ကျနော်တို့ မွတ်စလင်တွေမှာ အာဒါးဘ် (အကျင့်ကောင်း) တွေရှိတယ်ဆိုတာကို သူတို့တွေမြင်လာတယ်။ သူငယ်ချင်းအပေါင်းအသင်းဖွဲ့ရင်လည်း လွတ်လွတ်လပ်လပ်ပေါင်းသင်းလာနိုင်တယ်။ ကျောင်းမှာ ထူးထူးခြားခြားပုံစံဖြစ်နေစရာမလိုတော့ဘူး။
 
ပြောချင်တာက … ကျနော်တို့ကျောင်းမှာ အဓိက အုပ်စုသုံးစုရှိတယ်။ ဟစ်ဟော့အုပ်စု၊ ပန့်ခ်အုပ်စုနဲ့ ပါတီပွဲပျော်အုပ်စုဆိုပြီးတော့ပေါ့။ ကျောင်းသား၊ ကျောင်းသူတိုင်းက အဲဒီသုံးအုပ်စုထဲက တစ်အုပ်စုမှာ ပါနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေကြတယ်။ ဒါမှသာ လူရာဝင်မယ်လို့ ထင်နေကြတာကိုး။
 
အဲ… အဲဒီထဲ ကျနော်တော့မပါဘူးဗျ။ ကျနော်ကတော့ အားလုံးနဲ့ သူငယ်ချင်းဖြစ်နေတယ်။ ကျနော်အထာကျဖို့ ထူးထူးထွေထွေ ဘာအ၀တ်အစားမှ ၀တ်စရာမလိုဘူး။ အံ့သြစရာကောင်းတာက ကျနော်နဲ့ ရပ်ကွက်ထဲက မွတ်စလင်သူငယ်ချင်းတွေကို သူတို့လုပ်တဲ့ ပါတီမှန်သမျှကို ဖိတ်ကြတာပဲ။
 
ပိုထူးခြားတာကိုပြောရမယ်ဆိုရင် ကျနော့်ကို မွတ်စလင်တစ်ဦးအနေနဲ့ လေးစားကြတဲ့အပြင် ကျနော့်အတွက်သီးသန့် ဟလာလ် အစားအစာရအောင်ဝယ်လာပေးထားတယ်။ အကင်လုပ်တော့မယ်ဆိုရင်လည်း အကင်မီးဖိုကို ကျနော်နဲ့ မွတ်စလင်သူငယ်ချင်းတွေအတွက် တစ်ခု၊ သူတို့အတွက်တစ်ခု သီးသန့်လုပ်ပေးကြတယ်။ ဒီကလူတွေအားလုံးကတော့ အစ္စလာမ်နဲ့ပတ်သက်ပြီး တော်တော်လေးကို ပွင့်လင်းမြင်သာမှုရှိလာကြပါပြီ။
 
Ref: Islamreligion.com (Yahya Schroder, Ex-Secularist, Germany) Written by: Yahya Schroder
(စတီဗင်ရေးသည်)
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1