လူထုထဲမှာ အမြစ်တွယ်လာတဲ့ Wrong Number

ကဏ္ဍ – Cover Story

၂၀၁၄ ခုနှစ်မှာ ဘာသာရေးသဲသဲလှုပ်တာကို သရော်ထားတဲ့ ကမ္ဘာကျော် အိန္ဒိယရုပ်ရှင် PK ဇာတ်ကားထွက်လာခဲ့ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေစိတ်ထင်ရာလျှောက်လုပ်ကြတဲ့ အကြောင်းကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဘာသာတရားမှာမရှိဘဲ ပေါက်ကရလျှောက်လုပ်တဲ့လုပ်ရပ်ကို #WrongNumber ဆိုပြီး အဲဒီဇာတ်ကားထဲမှာ ထွင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အခြေအမြစ်မရှိတဲ့ ဘာသာရေးယုံကြည်ချက်နဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး မဟုတ်က ဟုတ်က လုပ်ကြံဖန်တီးတာမှန်သမျှကို Wrong Number လို့ခေါ်ဝေါ်သုံးစွဲတာ ခေတ်စားလာခဲ့ပါတယ်။

Wrong Number ဟာ ဘာသာတိုင်းမှာရှိပါတယ်။ အလားတူ မွတ်စလင်လောကမှာလည်း ရှိပါတယ်။ ကုရ်အာန် ဟဒီးဆ်မှာ မပါရှိတဲ့ ယုတ္တိမရှိတာတွေ အခုလို ဆိုရှယ်နက်ဝေါ့ခေတ်စားချိန်မှာ လူတွေကြားထဲလျင်လျင်မြန်မြန် ပျံ့နှံ့ လာပြီး ဘာသာရေးအခြေခံသိပ်မရှိတဲ့ပတ်ဝန်းကျင်တွေမှာ လက်တွေ့ကျင့်သုံးနေတဲ့အထိရှိပါတယ်။

တိမ်ပေါ်မှာ အလ္လာဟ်စကားလုံးတွေ့တာ၊ ခရမ်းချဉ်သီးအပေါ်မှာ တမန်တော်နာမည်ပေါ်လာတာ၊ မိုးတိမ်တွေစဂ်ျဒဟ်လုပ်နေတာ၊ ကော်ဖီခွက်ထဲမှာအလ္လာဟ်နာမည်ပေါ်လာတာ၊ ဒါတွေအားလုံးဟာ Wrong Number တွေပါ။  မီးခွက်ကိုပါးစပ်နဲ့ မမှုတ်ရဘူး၊ ကွမ်းညှပ်မတီးရဘူး၊ ညဘက်တံမြက်စည်းမလှဲရဘူးဆိုတဲ့ ရှေးရိုးစွဲခံယူချက်တွေလည်း ရှိပါသေးတယ်။ ရမဇာန်ဆို နှစ်စဉ်ပေါ်လာတဲ့ ပထမရက်သရာဝီဖတ်ရင် ဘာရမယ်၊ ဒုတိယရက်ဆို ဘာရမယ် ဒါလည်း Wrong Number ပါပဲ။

ဟဇရသ်ထာနဝီသခင်ကြီးက “အဂ်လာသုလ်အဝါးမ်” အများမွတ်စ်လင်တွေရဲ့အမှားများ ဆိုတဲ့နာမည်နဲ့ စာအုပ်တစ်အုပ်ရေးသားခဲ့ပြီး အဲဒီခေတ်က Wrong Number တွေကို ဆန့်ကျင်ခဲ့ပါတယ်။ ခေတ်တိုင်းမှာ တိုးတက်လာတာနဲ့ အမျှ အသစ်အသစ်သော Wrong Numberတွေလည်းပေါ်လာပါတယ်။ Facebook, Viber တို့မှာ တစ်ခါတစ်လေ ပေါ်လာတတ်တဲ့ “ဒီဒုအာကို လူအယောက်၂၀ကိုဖြန့်ဝေလိုက်ပါ၊ မဖြန့်ရင်ကားတိုက်မယ်၊ ဆိုက်ကယ်မှောက်မယ် ဆိုတာတွေဟာ တကယ့်ကြီးကျယ်တဲ့လှည့်စားမှုတွေပါ။

နောက် ဒီဇိကိရ်ကို အကြိမ် တစ်သောင်းဖတ်ရင် မီလျံနာဖြစ်မယ်၊ သိန်း၁၀၀တန်ဖုန်းကိုင်နိုင်မယ် ဆိုတာတွေရှိပါသေးတယ်။ တကယ့်အခြေအမြစ်မရှိတဲ့ယုံကြည်မှုတွေပါ။ ဘဝဆိုတာပုံမှန်ပဲကောင်းတယ်။ လှေကားတက်တဲ့အခါ အဆင့်ကျော်တက်ရင် ခလုတ်တိုက်နိုင်သလို လူနေမှုဘဝမှာလည်း အဆင့်ကျော်ပြီး သမ္မာအာဇီဝမဟုတ်ရင် ဒုက္ခတွေ့တတ်တယ်။

တမန်တော်ကဘယ်တော့မှ ဖြတ်လမ်းနည်းနဲ့ တက်ကျမ်းတွေ၊ ကျင့်စဉ်တွေပေးမသွားဘူး။ လွယ်လွယ်ကူကူ လူတိုင်းလုပ်နိုင်တာတွေပဲ ဟောပြောသွားပြီး မိမိကိုယ်တိုင်လည်း သဘာဝကျကျနဲ့ ဘဝတစ်ခုကိုကျော်ဖြတ်ပြခဲ့တယ်။ လွယ်လွယ်လေးပါပဲ။ မနက်မိုးလင်းတာနဲ့ ဖဂျရ်ဆွလာသ် စွန္နသ် (၂)၊ ဖရ်ဇ် (၂)၊ လေးရကအသ်ဝတ်ပြုမယ်ဆိုရင် တစ်နေကုန်အလုပ်တွေ လွယ်ကူမှုကိုချီးမြှင့်မယ်။ ဖဂျရ်မဖတ်ဘဲ တစ်နေကုန် သတ်စ်ဗီ စိတ်ပုတီးကိုင်ပြီး ရိုဇီတိုးပွားဖို့ ဖတ်နေရွတ်နေလည်း ဘာမှအကျိုးထူးမှာမဟုတ်ဘူး။

စာတိုပေစတွေမှာ ရေးထားတဲ့ ဘယ်ဟာကို အကြိမ်ဘယ်လောက်ဖတ်ရင် အမြန်ဆုံးသူဌေးဖြစ်မယ်တို့၊ မီလျံနာဖြစ်မယ်တို့ ဆိုတာတွေဟာ ယုတ္တိမရှိတဲ့ ဘာသာရေး Wrong Number စာပေတွေပါပဲ။

၁၅၀၀တန်ဆင်းကတ်နဲ့ မည်သူမဆို အင်တာနက်ပေါ်စာရေးလို့ ရနေတဲ့ခေတ်မှာ အဲဒီလိုဟာတွေကို ကြပ်ကြပ်ရှောင်ဖို့ လိုပါတယ်။ အနှစ်သာရမရှိတဲ့ ဘာသာရေးတွေကို မစားသုံးကြပါနဲ့လို့ ဉာဏ်အလင်းမှတဆင့်အကြံပြုအပ်ပါတယ်။

(M.အောင်မြတ်ဦး)

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM