ကမ္ဘာ့ထိပ်သီးခေါင်းဆောင်အချို့၏ ရမ်ဇန်လမြတ် သ၀ဏ်လွှာများ

“အစ္စရေးနိုင်ငံသား မွတ်စလင်တွေနဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေအနေနဲ့ ရမ်ဇန်လမြတ်မှာ လိုအပ်နေတဲ့ ညီရင်းအစ်ကိုစိတ်ဓာတ်၊ အပြန်အလှန်လေးစားသမှုနဲ့ ငြိမ်းချမ်းရေးတို့ ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဆိုခဲ့ပါတယ်။
 
ကနေဒါနိုင်ငံ ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒူးက “ရမ်ဇန်ဆိုတာ ကိုယ့်အသိုင်းအ၀ိုင်းအတွက်ပေးရမယ့် အချိန်ပါပဲ။ မွတ်စလင်တွေဟာ မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ၀တ်ပြုဆုတောင်းပြီး အိဖ်သာရ် ၀ါအတူဖြေကြပါတယ်။ ရမ်ဇန်လဟာ ကျနော်တို့ ချီးမြှင့်ခံထားရတဲ့ ဆုလာဘ်တွေကို ကျေးဇူးတင်ဖို့ အသိတရားဝင်ရမယ့်လဖြစ်ပြီး တခြားလူတွေကို ပေးကမ်းရမယ့် လလည်းဖြစ်ပါတယ်။ ကျနော်တို့ အသိုင်းအ၀ိုင်းတွေထဲမှာမက ကမ္ဘာအရပ်ရပ်မှာရောပေါ့။
 
ဒီနှစ်မှာ ကျနော်တို့ ကွန်ဖက်ဒရေးနိုင်ငံတော်ကြီး နှစ် ၁၅၀ ပြည့် နှစ်ပတ်လည်ရှိပါတယ်။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ကနေဒါနိုင်ငံကို နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံဖြစ်စေတဲ့ ကျနော်တို့ နိုင်ငံထဲမှာ ရှိတဲ့ မတူကွဲပြား များပြားလှတဲ့ ယဉ်ကျေးမှု၊ ရိုးရာနဲ့ ယုံကြည်မှုတွေကို ဂုဏ်ယူရမှာပါ။ မိသားစုကိုယ်စား ဆိုဖီနဲ့ ကျနော်တို့ဟာ ကနေဒါနဲ့ ကမ္ဘာအ၀န်းမှာရှိတဲ့ မွတ်စလင်တွေအတွက် ဆုမွန်ကောင်းတောင်းအပ်ပါတယ်
 
ရမ်ဇန်မူဘာရက်ပါ” လို့ သ၀ဏ်လွှာပို့သခဲ့ပါတယ်။
 
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ရမ်ဇန်သ၀ဏ်လွှာပေးပို့ခဲ့ပါသေးတယ်။
“အမေရိကန်ပြည်သူတွေရဲ့ ကိုယ်စား ပျော်ရွှင်ဖွယ်ရာ ရမ်ဇန်ဖြစ်ပါစေကြောင်း မွတ်စလင်အားလုံးအတွက် ဆုတောင်းပေးပါရစေ။
 
ဒီဥပုသ် လကိုအကြောင်းပြုပြီး အမေရိကန်နဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်ပေါင်းများစွာဟာ အလှူဒါန၊ ၀တ်ပြုဆုတောင်းခြင်းတွေပြုလုပ်ခြင်းကတစ်ဆင့် ကျနော်တို့အသိုင်းအ၀ိုင်းကို ခွန်အားဖြစ်စေမယ့် လုပ်ရပ်တွေကို နေမထွက်ခင်ကနေ နေ၀င်ချိန်ထိအောင်ပြုလုပ်ကြမှာပါ။ ရမ်ဇန်ရဲ့အနှစ်သာရဟာ အကြမ်းဖက်ဆူပူမှုကို အတူတကွဆန့်ကျင်တဲ့ ကျနော်တို့ရဲ့ သတိထားမှုကို ခွန်အားဖြစ်စေပါတယ်။ ငြိမ်းချမ်းရေးကို လက်ကိုင်ပြုကြသလို ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေကြောင့် ချို့တဲ့နေသူတွေကို လှူဒါန်းကြပါသေးတယ်။
 
ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေအနေနဲ့ ကောင်းချီးပြည့်ဝတဲ့လမြတ်မှာ ရမ်ဇန်ရဲ့ ကျင့်ဆောင်ဖွယ်ရာတွေဖြစ်တဲ့ အလှူဒါန၊ ဥပုသ်နဲ့ ၀တ်ပြုဆုတောင်းခြင်းတွေကို လုပ်ကိုင်နိုင်ကြပါစေလို့ ကျနော် ဆုမွန်ကောင်းတောင်းပါတယ်။ အသင်နဲ့ အသင်မိသားစုအပေါ် ဘုရားသခင်ဘက်တော်မှ ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပါစေသား”
 
ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ ကလည်း အခုလိုဆုတောင်းပေးခဲ့ပါသေးတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
“ရမ်ဇန်ဆိုတာ ဗြိတိန်နဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်တွေအတွက် တမူထူးခြားတဲ့ စပယ်ရှယ်အချိန်တစ်ခုပါပဲ။ ဒီလဟာ သူတို့ရဲ့ ဘုရားသခင်အပေါ် ယုံကြည်ချက်ကို ပြန်လည်ဆန်းသစ်ပြီး ဘာသာရေးအသိစိတ်ဓာတ်တွေကို ပိုမိုရင်းနှီးမြှုပ်နှံ့ရာ လလည်းဖြစ်ပါတယ်။ နေ့တာရှည် နွေရက်တွေဖြစ်ပေမယ့် ဗြိတိန်မွတ်စလင်တွေကတော့ အစ္စလာမ့်မဏ္ဍိုင်ကြီးငါးခုထဲက တစ်ခုကို ဖြည့်ဆည်းပြီး ခွန်အားကိုရှာဖွေကြပါလိမ့်မယ်။ ကမ္ဘာအရပ်ရပ်နဲ့ ဗြိတိန်က မွတ်စလင်တွေကို ရမ်ဇန်ကရီးမ်ပါလို့ ကျမတို့ပြောချင်ပါတယ်” လို့ပြောခဲ့ပါတယ်။
 
ဒါ့အပြင် ကမ္ဘာအရပ်ရပ်က သမ္မတ၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်တွေက မွတ်စလင်တွေရဲ့ ရမ်ဇန်ဥပုသ်လအတွက် ဆုတောင်းမေတ္တာများပို့သခဲ့ကြပြီး ထပ်တူထပ်မျှခံစားပေးခဲ့ကြပါတယ်။
 
မြန်မာနိုင်ငံမှ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကတော့ အခုအချိန်ထိ သ၀ဏ်လွှာပေးပို့ခြင်း၊ သို့မဟုတ် ဆုတောင်းမေတ္တာပို့သခြင်း မရှိသေးပါဘူး။
 
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှုတို့နဲ့အတူ အစ္စလာမ်ဘာသာကို နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရားအဖြစ်သတ်မှတ်ထားပါတယ်။
 
ဓာတ်ပုံအညွှန်း – ဆုပေါင်းဝါဖြေရန်ပြင်ဆင်နေသူတစ်ဦး
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7