အမေရိကန်ရောက်ရောက်ချင်း သုံးနာရီထိန်းသိမ်းခံရဖူးသူ ဇိန်းမာလစ်

ဇိန်းမာလစ် (Zayn Malik) လို့ ပြောလိုက်ရင် မသိသူတော်တော်နည်းပါလိမ့်မယ်။ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ ကမ္ဘာကျော် ဗြိတိသျှမွတ်စလင်အဆိုတော် ဇိန်းမာလစ်တစ်ယောက် မအောင်မြင်ခင်ကြုံခဲ့ရတဲ့ အခက်အခဲတွေကလည်း မနည်းလှပါဘူး။ အသက် ၁၇ နှစ်အရွယ် မျက်စိသူငယ် နားသူငယ်ဘဝမှာ One Direction အဖွဲ့နဲ့ ပူးပေါင်းဖို့ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ်သွားတဲ့အချိန် သူကိုးကွယ်တဲ့ဘာသာတရားကြောင့် ဘယ်လိုအခက်အခဲတွေကြုံခဲ့ရသလဲဆိုတာကို ပြန်ပြောင်းပြောပြလိုက်ပါတယ်။
 
ဘရဒ်ဖို့ဒ်မြို့သား အသက် ၂၄ နှစ်အရွယ် ဇိန်းက သူကိုးကွယ်တဲ့ဘာသာတရားကြောင့် အမေရိကန်လေဆိပ်မှာ သုံးနာရီကြာအောင် ထိန်းသိမ်းခံခဲ့ရပြီး လွန်လွန်ကျူးကျူးစစ်ဆေးခံခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဒါတောင်မှ သူဟာ ဘာသာရေးကို သိပ်ကြီးအလေးထားသူတစ်ယောက်မဟုတ်သလို သူ့ကို ကိုးကွယ်ရာဘာသာနဲ့ တွဲမြင်မှာကိုတောင် စိုးရိမ်သူတစ်ယောက်ပါ။
 
ပထမတော့ ဒါဟာ သာမန်လုံခြုံရေးစစ်ဆေးမှုလုပ်ငန်းစဉ်လို့ထင်ခဲ့ပေမယ့် သုံးနာရီကြာအောင် ထိန်းသိမ်းခံရပြီး ကြောင်တောင်ကြားတား မေးခွန်းတွေ မေးခံလိုက်ရချိန်မှာတော့ သဘောပေါက်ခဲ့ပါတယ်။
 
“အမေရိကားကို ပထမဆုံး စလာချိန်မှာပေါ့။ လေယာဉ်ပေါ်မရောက်ခင်မှာပဲ လုံခြုံရေးစစ်ဆေးမှုသုံးကြိမ်လုပ်တာခံလိုက်ရတယ်။ ပထမတော့ ကြုံတဲ့လူကို ကျပမ်းစစ်ဆေးတယ်လို့ သူတို့ကပြောတယ်။ နောက်တော့ ကျနော့်နာမည်ကောင့်လို့ ပြောပြန်တယ်။ ကျနော့်နာမည်က သူတို့ System ထဲမှာ တစ်စုံတစ်ခုကို ညွှန်းနေတယ်တဲ့။ လေယာဉ်ဆိုက်တော့လည်း ရုပ်ရှင်ထဲကအတိုင်းပဲ။ ကျနော့်ကို သုံးနာရီကြာအောင် ခေါ်ထားပြီး ရူးတူးတူးပေါတောတောမေးခွန်းတွေလာမေးတယ်။ ကျနော့်အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အမေရိကားကိုလည်း ပထမဆုံးရောက်ဖူးတယ်။ လေကြောင်းခရီးကပန်းပြီး စိတ်ရှုပ်နေရတဲ့အထဲ တော်တော်စိတ်ညစ်ခဲ့ရတယ်။ နောက်တစ်ကြိမ်မှာလည်း အလားတူကြုံခဲ့ရတယ်” လို့ သူက ရင်ဖွင့်ခဲ့ပါတယ်။
 
ဒါပေမဲ့လည်း အဆိုတော်ဇိန်းက သူစစ်ဆေးခံရတဲ့ဖြစ်စဉ်ကိုနားလည်ပြီး စိတ်ထဲ အဖုအထစ်မထားကြောင်း ပြောလိုက်ပါတယ်။
 
“သူတို့ဂရုစိုက်ဖို့လိုတယ်ဆိုတာနားလည်ပါတယ်။ အခုလိုအခြေအနေမှာဆိုရင် ပိုတောင်လိုအပ်တာပေါ့။ သူတို့လုပ်တာကို ဒေါသထွက်နေလို့လည်း ဘာအကျိုးအမြတ်မှမရှိဘူးလေ။ အခြေအနေအချိန်အခါရဖြစ်တာချည်းပဲ။ သူတို့ဘာကြောင့်လုပ်ရသလဲဆိုတာကို နားလည်ပေးပါတယ်” လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် သဟာ မွတ်စလင်ဖြစ်ရတာကို ဂုဏ်ယူကြောင်းလည်း ပြောလိုက်ပါတယ်။ “မွတ်စလင်ဖြစ်ရတာကို ဂုဏ်ယူတယ်။ တာဝန်လည်းယူတယ်။ မွတ်စလင်ထဲကဆိုရင် အခုကျနော်ရောက်နေတဲ့ ဒီအနေအထားမှာ ကျနော်ပထမဆုံးပဲ” လို့ သူက ဆက်ပြောပါတယ်။
 
ဇိန်းရဲ့ဖခင် ယာဆာဟာ ပါကစ္စတန်လူမျိုးဖြစ်ပါတယ်။ မိခင်ကတော့ ထရီရှာဖြစ်ပြီး လက်ထပ်ချိန်မှာ အစ္စလာမ်ကို ကူးပြောင်းခဲ့သူပါ။
ဇိန်းရဲ့ လက်ရှိချစ်သူ အသက် ၂၂ နှစ်အရွယ် ဂျီဂျီ ဟဒစ် ကလည်း ပါလက်စတိုင်းကပြားတစ်ယောက်ဖြစ်ပါတယ်။

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM