မင်္ဂလာဆောင်စားရိတ်အားလုံးကို လှူဒါန်းခဲ့တဲ့ ဇနီးမောင်နှံ

ကဏ္ဍ – Society & Humanity
ခေတ်ကာလတိုင်းမှာ လူသားတွေသတိမပြုလို့မရလောက်အောင် ထူးထွေဆန်းပြားတဲ့ကိစ္စတွေ ဖြစ်ပျက်လေ့ရှိပါတယ်။ အဲဒီထဲမှာ နှလုံးသားတွေကို နူးညံ့ပျော့ပြောင်းပြီး နွေးထွေးစေတဲ့ အကြောင်းအရာတွေလည်း အပါအ၀င်ပေါ့။ လွန်ခဲ့တဲ့ နှစ်တုန်းက ပါကစ္စတန်ဇနီးမောင်နှံစုံတွဲတစ်တွဲဟာ သူတို့ရဲ့ မင်္ဂလာပွဲကျင်းပရေး အိပ်မက်ကြီးကို စွန့်လွှတ်ပြီး အဲဒီအတွက်အသုံးချမယ့် ငွေကြေးအားလုံးကို လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာဟာ ပြောစမှတ်မတွင်ခဲ့ဘဲ တိမ်မြုပ်ပျောက်ကွယ်ခဲ့ပါတယ်။
 
ပါကစ္စတန်နိုင်ငံမှာ စုံတွဲတစ်တွဲမင်္ဂလာဆောင်ခြင်းဟာ ဘာသာရေးအရရော ယဉ်ကျေးမှုအရပါ အင်မတန်ထူးခြားမွန်မြတတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အမှန်တော့ ဒီအတိုင်းပဲဖြစ်သင့်တာပါ။ ဒါပေမဲ့ ၂၁ ရာစုမှာ အရင်းရှင်ဝါဒကြီးစိုးလာတာနဲ့အတူ အိမ်ထောင်ပြုခြင်းဟာ စီးပွားရေးအသွင်ဆောင်လာခဲ့ပြီး ခက်ခဲမှုတွေအများအပြား ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မင်္ဂလာဆောင်ပြီဟေ့ဆိုလိုက်တာနဲ့ ငွေကုန်ကြေးကျကြီးမားတာနဲ့အမျှ နှစ်ဖက် သက်ဆိုင်သူတွေရဲ့ မျက်နှာပေါ်မှာ ၀န်ထုပ်ဝန်ပိုးပိခြင်းရဲ့အရိပ်အယောင်တွေ ပေါ်နေတတ်ပါတယ်။
 
မင်္ဂလာဆောင်ရင်အပြိုင်အဆိုင်လေးကလည်း ရှိဦးမှဆိုတာမျိုးပါ။ တကယ်ဖြစ်သင့်တဲ့ ပုံစံမဖြစ်တော့ဘဲ ဘယ်သူကတော့ဖြင့် ဧည့်သည်ဘယ်လောက်ကို ဖိတ်ခဲ့တယ်၊ ဘာတွေကျွေးခဲ့တယ်၊ ဘာတွေလက်ဆောင်ပေးခဲ့တယ်ဆိုတာမျိုးတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ ပါကစ္စတန်က ကြင်စဦးဇနီးမောင်နှံ တစ်တွဲကတော့ အဲဒီစနစ်ဆိုးကို သွေဖြည်ပြီး ဘယ်သူမှထင်မှတ်မထားတဲ့ လုပ်ရပ်တစ်ခုလုပ်ပြခဲ့ပါတယ်။ အဲဒါကတော့ သူတို့ရဲ့ မင်္ဂလာဆောင်အတွက်အသုံးပြုမယ့်ကျသင့်ငွေကို လှူပစ်ခဲ့တာပါပဲ။
 
နုနယ်ပျိုမြစ်တဲ့ သတို့သား ရှဲဟ်ဇားန် နဲ့ သတို့သမီးချော ဇိုင်နဗ် ချူနာရာတို့ကတော့ အမြစ်တွယ်နေတဲ့ ဓလေ့ကနေ ဖောက်ထွက်နိုင်ခဲ့ပါပြီ။ “ကုန်ကျမယ့်ငွေစာရင်းကို ကျနော်တို့ချတွက်ကြည့်တယ်။ ပြီးတော့ ဒီငွေတွေအားလုံးကို ရက်အနည်းငယ်လောက်ပဲ ခံမယ့်ပွဲတစ်ခုထဲအတွက် သုံးပစ်မှာ တန်ရဲ့လား ဆိုတာ ကျနော်တို့ စတွေးတယ်။ ပြီးတော့ ဒီလိုလုပ်တာကြီးက မမှန်ဘူးလို့ ခံစားလာရတယ်။ ရေရှည်လည်းခံ အကျိုးလည်းရှိမယ့် ကိစ္စတစ်ခုခုမှာ ဒီငွေတွေကို သုံးလိုက်ချင်တယ်” လို့ သတို့သား ရှဲဟ်ဇားန်က ဆိုပါတယ်။
 
တိတိကျကျဆုံးဖြတ်ရမယ့်အချိန်လည်းရောက်လာရော၊ အသစ်စက်စက် ဇနီးမောင်နှံဟာ မင်္ဂလာပွဲအတွက် စုထားသမျှ ငွေအားလုံးကို ပြည်သူအများကယုံကြည်လေးစားတဲ့ အာဂါခန်း ဖောင်ဒေးရှင်း (Aghakhan Foundation) အဖွဲ့အစည်းကို လှူဒါန်းလိုက်ပါတော့တယ်။ ဇနီးမောင်နှံနှစ်ဦးစလုံဟာ အဲဒီအလှူဒါနဖောင်ဒေးရှင်းကို သဘောကျကြပါတယ်။ သူတို့လှူဒါန်းငွေကို အသင့်တော်ဆုံးနေရာမှာ အသုံးပြုလိမ့်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။ အဲဒီ ဖောင်ဒေးရှင်းဟာ ပါကစ္စတန်ပြည်သူတိုင်း လိုလားတောင့်တနေတဲ့ ပညာရေးမှာရင်းနှီးမြှုပ်နှံပြီး ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်ကြိုးစားလုပ်ဆောင်နေတယ်လို့ ရှဲဟ်ဇားန်က ဆိုပါတယ်။
 
ရှဲဟ်ဇားန်က အခုလိုထပ်ပြောပါတယ်။
 
“ဆင်းရဲတဲ့ဒဏ်တွေကြုံခဲ့ပြီးပြီ။ သိပ်ကိုသိမ်ငယ်ရတယ်။ လိုအပ်နေသူတွေ ရေသန့်ရဖို့၊ ပညာသင်ယူနိုင်ဖို့၊ အမိုးအကာရရှိဖို့အတွက် လှူဒါန်းခြင်းဟာ ကောင်းမွန်မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော်တို့ခံယူထားတယ်”
 
ဇနီးမောင်နှံဟာ သူတို့လှူလိုက်ရုံနဲ့တင်ပြီးမသွားဘဲ လှူဒါန်းပွဲကိုတက်ရောက်လာတဲ့ ဧည့်ပရိသတ်ကိုလည်း “ကျနော်တို့ကို မင်္ဂလာလက်ဖွဲ့ပေးမယ့်အစား အာဂါခန်းဖောင်ဒေးရှင်းအတွက် အလှူငွေထည့်ဝင်ပေးကြပါ” ဆိုပြီး အလှူခံပေးလိုက်ပါသေးတယ်။
 
အာဂလင်မယားပါတကား။
 
(စတီဗင်ရေးသည်)
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oR54rj
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1