အညတြသူရဲကောင်း အဒေါ်ကြီးကို ဖော်ထုတ်ပေးပါ

(စတီဗင်)

လွန်ခဲ့တဲ့ ၅ ရက်နေ့က ကွမ်းခြံရိုးဘူတာအနီး မင်းလှကန်ရေလွှဲကန်မှာ သားအဖနှစ်ယောက်ငါးလာမျှားခဲ့ကြတယ်။ ငါးမျှားနေတုန်း လှေမှောက် (ယူဆရ) ပြီး ရေနစ်ခဲ့တာကြောင့် အနီးမှာရှိနေတဲ့ ကိုယ်ဝန်ဆောင်အဒေါ်ကြီးတစ်ဦးက ၅နှစ်အရွယ် ကလေးကို ကယ်တင်နိုင်ခဲပါတယ်။ ဖခင်ဖြစ်သူ ကိုသန်းချိုဦး ကတော့ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီအဒေါ်ကြီးဟာ ဘုရားလေးကုန်းကျေးရွာကလို့သိရပါတယ်။

အထက်က ဖြစ်စဉ်ကို သာစည်သတင်းတွေတင်နေတဲ့ “အောင်သာစည်” Group ထဲမှာ ထွန်းထွန်းလင်း ဆိုတဲ့ Facebook သုံးသူက တင်ထားတာပါ။

နောက်ဆက်တွဲ သတင်းတွေအရ အဲဒီအမျိုးသမီးဟာ ဖြတ်သွားဖြတ်လာသွားရင် ဖြစ်စဉ်ကိုမြင်ပြီး ဆင်းကယ်ခဲ့ရာ ကလေးကိုပဲကယ်နိုင်ခဲ့ကြောင်း၊ ဖခင်ကို ကယ်ဖို့ လုပ်တဲ့အချိန် ကြွက်တက်တာကြောင့် ကိုယ့်အတွက်ရော လွယ်ထားတဲ့ သန္ဓေသားအတွက်ပါ အသက် အန္တရာယ်ကို ရှောင်ရှားပြီး ဆက်လက်မကယ်တင်နိုင်ခဲ့ပါဘူး။

အထက်က ဖြစ်စဉ်က လူသားအင်မတန်ဆန်တဲ့ မွန်မြတ်လှတဲ့ ဖြစ်ရပ်တစ်ခုကို ကွက်ကွက်ကွင်းကွင်းပြသွားတာပါ။ ကိုယ်ဝန်ဆောင်ပေမယ့် ရေနစ်သူနှစ်ဦးထဲက တစ်ဦးက ရအောင် အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီထက်ထူးခြားတာရှိပါသေးတယ်။

ကယ်တင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မွတ်စလင်ဖြစ်ပြီး ရေနစ်ခဲ့တဲ့ သားအဖတွေက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။ ဒီဖြစ်စဉ်ဟာ ဘာကြောင့် သတင်းမီဒီယာတွေပေါ် မရောက်လာရတာလဲ။ ဒေါ်အောင်ဆန်းစုကြည် လစဉ်ပေးနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ စွမ်းဆောင်ရည်ဆု မချီးမြှင့်သင့်ဘူးလား။ ကယ်တင်ခဲ့သူဟာ သူနဲ့ သွေးမတော်သားမစပ် ဘာသာခြား သားအဖနှစ်ဦးကို သူ့အသက်ရော ဝမ်းထဲမှာ လွယ်ထားတဲ့ ရင်သွေးအသက်ကိုပါ ရင်းပြီး ကယ်တင်ခဲ့တာပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးကြီးနာမည်က ဒေါ်သီတာဦးလို့ သိရပါပြီ။ သတင်းတွေအရ ကိုယ်ဝန်ပျက်သွားတယ်ဆိုတာလည်း သိရပါတယ်။ ဆေးရုံတင်ထားရတယ်လို့လည်း သိရပါတယ်။ နဂိုကတည်းက ငါးဈေးရောင်းသူတစ်ယောက်ဖြစ်တာကြောင့် ငွေရေးကြေးရေးကလည်း ပြေလည်လှတာမဟုတ်ပါဘူး။

အောင်သာစည် Group Admin ထွန်းထွန်းလင်းက ဒေါ်သီတာဦးကို မေးမြန်းပြီး သူ့ရဲ့ Post ထဲမှာ အခုလိုရေးထားပါတယ်။

{“သားရေ၊ သားရေ အမေလာပြီ”လို့ အော်ရင်း ရေငုပ်သွားခဲ့တာ ကလေးဆီရောက်တဲ့အချိန် ထမီကျွတ်သွားခဲ့ပြီ။ ကလေးကို ချီမပြီး မောကလည်း မော၊ ကြွက်ကလည်း တက်ချင်နေတော့ “သား…အမေသေမှ မင်းသေရမယ်၊ အမေရအောင်ကယ်မယ်” လို့ ပြောရှာတယ်။ အားတင်းပြီး ကူးလာတာကမ်းပေါ်လည်းရောက်ရော ကြွက်တက်ပြီး သတိလစ်သွားရှာတယ်}

ဒီအဒေါ်ကြီးဟာ အညတြနေရှင်နယ်ဟီးရိုးပါ။ သူကနိုင်ငံခြားသား ပြိုင်ဘက် လက်ဝှေ့ကျော်ကြီးကိုလည်း အနိုင်မထိုးခဲ့ဘူး၊ နိုင်ငံတော်အတွက် ဆုတံဆိပ်တွေလည်း မဆွတ်ခူးပေးခဲ့ဘူး။ ဒါပေမဲ့ သူဟာ လူသားပီသစွာနဲ့ ကိုယ်ကျိုးစွန့်ပြီး ကိုယ့်ကိုယ်ကိုယ်မငှဲ့ဘဲ အသက်တစ်ချောင်းကို ကယ်တင်ခဲ့ပါတယ်။

မနက်ဖြန် မနက် ၉.၁၁.၂၀၁၇ (ကြာသာပတေးနေ့) မှာ သာစည် အမှတ် (၂) မြန်မာ့မီးရထားစက်ခေါင်းရုံ ပဌာန်းဓမ္မရုံမှာ ဒေါ်သီတာဦးအတွက် ရရှိထားတဲ့ အကူအညီအထောက်အပံ့တွေကို ပေးအပ်ပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။ မည်သူမဆို တက်ရောင်နိုင်ပါတယ်ဆိုပြီး ဖိတ်ကြားထားတာတွေ့ရပါတယ်။

အသက်သခင်ကျေးဇူးရှင် ဒေါ်သီတာဦးကို ဆန် (၁) အိတ်၊ ဆီ (၁) ပုံးကျေးဇူးတပ်ပြီး ကလေးကို ကန်တော့ခိုင်းခဲ့ပါတယ်။ အခုဆေးရုံတက်နေရတဲ့ ဒေါ်သီတာဦးကို ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင် ကိုလင်း 09796113545 ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ပရဟိတအဖွဲ့အစည်းတွေအနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပြီး သတင်းသမားတွေအနေနဲ့လည်း မနက်ဖြန်ပြုလုပ်မယ့် ဂုဏ်ပြုပွဲမှာ တက်ရောက်သတင်းရယူနိုင်ပြီး ရေးသားဖော်ထုတ်ပေးဖို့ တိုက်တွန်းပါရစေ။

ဒီအဖြစ်အပျက်မှာ ထူးဆန်းစွာ တိုက်ဆိုင်တာလေးရှိပါသေးတယ်။ ကယ်တင်သူက အစ္စလာမ်ဘာသာဝင်၊ ကယ်တင်ခံရတဲ့ ကလေးက ဗုဒ္ဓဘာသာဝင်၊ နာမည်က မောင်တရုတ်တဲ့။

အခုလို “မင်းတို့” နဲ့ “ငါတို့” ဆိုတဲ့ အနေအထားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ အခြေအနေမှာ ဒီလို လှပစွာ မေတ္တာတရားကို အကောင်အထည်ဖော်သွားတဲ့ ဖြစ်ရပ်လေးကို အများသိအောင် လုပ်ပေးပြီး အတုယူအားကျဖွယ်ရာအဖြစ် ပုံဖော်ပေးခြင်းဟာ ကိန်းကြီးခမ်းကြီးနိုင်လှတဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတွေထက် လူတွေရဲ့ နှလုံးသားကို အဆုံးအစွန်လှုပ်နှိုးပေးနိုင်စွမ်းရှိတယ်လို့ အကြံပြုလိုက်ပါရစေ။

ဒီကိစ္စကို စုံစမ်းနိုင်သူတွေ၊ လက်လှမ်းမီသူတွေ လိုက်ပြီး ဖော်ထုတ်ကြစေလိုပါတယ်။

၈.၁၁.၁၇
(စတီဗင်)

==============

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h