တူရကီအထောက်အပံ့လက်ခံဖို့ သမ္မတအာဒိုဂန်ဖုန်းဆက်ကမ်းလှမ်းရာ ဒေါ်အောင်ဆန်းစုကြည်သဘောတူ

တူရကီနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံရခိုင်ပြည်နယ်သို့ နိုင်ငံခြားအထောက်အပံ့များစတင်ပေးပို့သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သမ္မတအာဒိုဂန်သည် အင်္ဂါနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောခဲ့ပြီးနောက် အထောက်အပံ့များပေးအပ်ရန် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း တူရကီသမ္မတ၏ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ကာလင်က ပြောသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အရေးကြောင့် ပြည်တွင်း၊ ပြည်ပဖိအားများရင်ဆိုင်နေရချိန်တွင် တူရကီနိုင်ငံမှ ကူညီထောက်ပံ့ပေးမှုကို ရယူရန်လက်ခံပေးခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအထောက်အပံ့အနေဖြင့် အစားအသောက်၊ အဝတ်အစားနှင့် ဆေးဝါး စုစုပေါင်း တန်ချိန် ၁၀၀၀ ကို စစ်တပ်ရဟတ်ယာဉ်များဖြင့် စေလွှတ်ပေးပို့သွားမည်ဟု အီဗရာဟင်ကာလင်က ပြောသည်။

တူရကီနိုင်ငံ၏အလှူကို အထမြောက်အောင် အကောင်အထည်ဖော်ပေးမည့် ကိုယ်စားလှယ်အဖွဲ့အစည်းမှာ ကယ်ဆယ်ထောက်ပံ့ရေးအေဂျင်စီတစ်ခုဖြစ်သည့် TIKA ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်မှ ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်းသိရသည်။ အဆိုပါအဖွဲ့မှတာဝန်ရှိသူများမှတစ်ဆင့် ထောက်ပံ့ကူညီမှုရယူရန် မြန်မာဘက်မှ လက်ခံခဲ့ခြင်းဖြစ်သည်။

သမ္မတအာဒိုဂန်သည် ဒေါ်အောင်ဆန်းစုကြည်အား သူရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေခြင်းကို မွတ်စလင်ကမ္ဘာက နက်နက်နဲနဲစိုးရိမ်ပူပန်လျက်ရှိကြောင်းပြောကြားခဲ့သည်ဟု တူရကီသမ္မတနှင့် နီးစပ်သောသတင်းရင်းမြစ်များမှတစ်ဆင့်သိရသည်။

Ref: Reuters

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs