ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုဟင်ဂျာများအတွက် နယ်စပ်ဖွင့်ပေးမည်ဆိုပါက ကုန်ကျစားရိတ်အားလုံးကို တူရကီမှကျခံမည်ဟု ကမ်းလှမ်း

ဉာဏ်အလင်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာမွတ်စလင်များအား နယ်စပ်တံခါးများဖွင့်ပေးထားရန် တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğlu က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုလိုက်သည်။

လွန်ခဲ့သောသောကြာနေ့က အာဏာရ အေကေပါတီ (AK Party) ၏ အီဒွလ်အဿွဟာနှုတ်ခွန်းဆက်စကားပြောကြားစဉ် Çavuşoğlu က အခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဘင်္ဂလားဒေ့ရှ်သာ နယ်စပ်တံခါးဖွင့်ပြီး လက်ကမ်းကြိုမည်ဆိုပါက ကုန်ကျစားရိတ်အားလုံးကို တူရကီက ကျခံမည်ဟုလည်း ကမ်းလှမ်းလိုက်သည်။

“အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုလည်း တိုက်တွန်းထားတယ်။ ဒီနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု ကျနော်တို့ ခေါ်ဦးမယ်။ ဒီပြဿနာအတွက် ရေရှည်တည်မြဲမယ့် ခိုင်မာတဲ့ အဖြေတစ်ခု ကျနော်တို့ ရှာဖို့လိုတယ်” ဟု သူက ဆက်ပြောသည်။

တူရကီကလွဲလို့ တခြားမွတ်စလင်နိုင်ငံများသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သဘောထားတစ်စုံတစ်ရာထုတ်ပြခြင်းမရှိဟုလည်း ဝန်ကြီးကဝေဖန်သည်။ ကမ္ဘာပေါ်တွင် ထောက်ပံ့လျက်ရှိသော လူသားချင်းစာနာရေးထောက်ပံ့မှုများတွင် ထိပ်ဆုံးတွင်ရှိသည့် အမေရိကန်ပြည်ထောင်စုအနောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသော နိုင်ငံမှာ တူရကီဖြစ်ပြီး ကန်ဒေါ်လာ ၆ ဘီလီယံသုံးစွဲထားသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်နှင့်လည်း Çavuşoğlu က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်ကြောင်း သိရသည်။ လွန်ခဲ့သည့် အပတ်အင်္ဂါနေ့ကလည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသည့် ရိုဟင်ဂျာမွတ်စလင်များအတွက် နယ်စပ်တံခါးများဖွင့်ပေးထားရန် ကုလသမဂ္ဂက တောင်းဆိုခဲ့သေးသည်။

Ref: dailysabah

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs