တွာရဂ်လူမျိုးစု (Tuareg People)

ကဏ္ဍ – Ethnic Groups

(ရာဇာ)

နိဒါန်း

တွာရဂ်လူမျိုးဆိုသည်မှာ ဘာဘာလူမျိုးစုကြီးမှ ခွဲထွက်လာသည့် လူမျိုးစုတစ်မျိုးဖြစ်သည်။ တွာရဂ်တို့သည် လစ်ဗျားအနောက်တောင်မှ အယ်ဂျီးရီးယားတောင်ပိုင်း၊ နိုင်ဂျာ၊ မာလီ၊ ဘာကီနာဖာဆိုထိ ကျယ်ပျံ့သည့် ဆာဟာရသဲကန္တာရနယ်နိမိတ်အတွင်း ကျင်လည်ကျက်စားကြသည်။ ကျေးလက်ဒေသများတွင် မွေးမြူရေးလုပ်ရင်း ခြေသလုံးအိမ်တိုင်နေထိုင်ကြသော တွာရဂ်အုပ်စုများကို နိုင်ဂျီရီးယားမြောက်ပိုင်းတွင်လည်း တွေ့ရနိုင်သည်။

တွာရဂ်တို့ဝတ်ဆင်သောမဲနယ်ဆိုးထားသည့် ရိုးရာဝတ်စုံများနှင့် ထိုမဲနယ်များသည် အရေပြားပေါ်တွင်အပြာအရောင်အဖြစ်စွန်းထင်းလေ့ရှိသောကြောင့် ၎င်းတို့ကို“လူပြာများ” ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ တွာရဂ်လူမျိုးစုသည် မွတ်စလင်များဖြစ်ပြီး မြောက်အာဖရိကနှင့် ဆာဟလ်ဒေသများတွင် အစ္စလာမ်ဘာသာပြန့်နှံ့ရေးအတွက် အထူးအရေးပါခဲ့သော လူမျိုးစုလည်းဖြစ်သည်။

တည်နေရာနှင့် ဘာသာစကား

ဆာဟာရကန္တာရတစ်ခွင်တွင် တွာရဂ်များကိုတွေ့ရတတ်သည်။ လစ်ဗျားအနောက်တောင်၊ အယ်ဂျီးရီးယားတောင်ပိုင်း၊ နိုင်ဂျာ၊ မာလီ နှင့် ဘာကီနာဖာဆိုတို့တွင် တွာရဂ်လူဦးရေ ၂.၅ သန်းကျော်ရှိသည်။ နိုင်ဂျာတွင် လူဦးရေ၏ ၁၁ ရာခိုင်နှုန်းအဖြစ် ၂ သန်းရှိပြီး မာလီတွင် လူဦးရေ ၃ ရာခိုင်နှုန်းအဖြစ် ၀.၅ သန်းရှိသည်။

တွာရဂ်တို့သည် ဘာဘာမျိုးနွယ်စုဘာသာစကားအုပ်စုဖြစ်သော အာဖရို-အေရှဘာသာစကား မိသားစုအတွင်း ပါဝင်သည့် တွာရဂ်စကား (တမာရှက် ဟုလည်းခေါ်တွင်သည်) ကိုပြောဆိုကြသည်။ လူမျိုးစုရေးရာကျွမ်းကျင်ပညာရှင်များ၏ မှတ်တမ်းအရ ကမ္ဘာတစ်ဝန်းတွင် တွာရဂ်စကားပြောသူ စုစုပေါင်း ၁.၂ သန်းခန့်ရှိသည်ဟုသိရသည်။

သမိုင်းဦးကာလ

တွာရဂ်လူမျိုးများကို စုစည်းအုပ်ချုပ်ခဲ့သူမှာ ၄ ရာစုနှင့် ၅ ရာစုကြားတွင် ကြီးစိုးခဲ့သည်ဟု ယူဆရသော ဘုရင်မ တင်ဟီနန်ဖြစ်သည်။ ၄င်းဘုရင်မ၏ နှစ် ၁၅၀၀ သက်တမ်းရှိ အထိမ်းအမှတ် တင်ဟီနန်အုတ်ဂူကို အလ်ဂျီးရီးယားနိုင်ငံတွင် ယနေ့တိုင်တွေ့ရသေးသည်။ တွာရဂ်တို့၏ စာရေးသားမှုစနစ်ဖြစ်သော တစ်ဖ်ဖိနဟ် စာရေးမူအား ရှေးဟောင်း နံရံများပေါ်တွင် ယနေ့တိုင်တွေ့နိုင်ပေသည်။

အစောဆုံးမှတ်တမ်းများအဖြစ် အိဗ်နေဟောကလ် (၁၀ရာစု)၊ အလ်ဘက္ကရီ (၁၁ရာစု)၊ အီဒရီစီ (၁၂ရာစု)၊ အိဗ်နေ့ဘတူတဟ် (၁၄ရာစု)နှင့် လီယို အာဖရိကင်းနပ်စ် (၁၆ရာစု) အစရှိသူတို့၏ မှတ်တမ်းများတွင် တွာရဂ်တို့ကို “မူလက်သမီန်း” သို့မဟုတ် “ဖုံးအုပ်ထားသူများ” ဟူ၍ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၄ ရာစု အာရပ်ပညာရှင်ကြီး အိဗ်နေ့ ခလ်ဒူန်း၏ ဆာဟာရမှတ်တမ်းများထဲ၌ တွာရဂ်တို့အကြောင်းအသေးစိတ်ရေးသားထားသည်ကို တွေ့ရသည်။ တချို့လေ့လာမှုများတွင်မူ တွာရဂ်တို့ကို ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုများနှင့် ဆက်စပ်မှုကြောင်း ဖော်ပြထားသည်။

ကိုလိုနီကာလ

၁၉ ရာစုအဝင်တွင် တွာရဂ်တို့ကြီးစိုးနေထိုင်သည်ဒေသများကိုစုစည်းကာ ကွန်ဖက်ဒရေးရှင်း (အပြန်အလှန်အကျိုးစီးပွားအတွက်ပူးပေါင်းထားသောနိုင်ငံအဖွဲ့အစည်း) ဖွဲ့စည်းခဲ့သည်။ ပြည်နယ်ဒေသတစ်ခုချင်းစီတွင် အမန်နိုကလ်ဟုခေါ်သော အုပ်ချုပ်ရေးမှူးတစ်ဦးစီရှိသည်။ ထိုခေါင်းဆောင်များအား တွာရဂ်အုပ်စုအသီးသီးမှ အတွေ့အကြုံပြည့်ဝသော လူကြီးပိုင်းများက အကြံပေးအဖြစ် ဆောင်ရွက်ပေးသည်။ ၎င်းတို့၏ ဗုံအမှတ်တံဆိပ်ကိုအစွဲပြုကာ တွာရဂ်ကွန်ဖက်ဒရေးရှင်းကို ဗုံအုပ်စုများ (Drum Groups) ဟုခေါ်ဆိုကြသည်။ တွာရဂ်ကွန်ဖက်ဒရေးရှင်းတွင် လွတ်လပ်သောနိုင်ငံအဖွဲ့အစည်း ခုနှစ်ခုပါဝင်သည်။

၁၉ ရာစုနှောင်းပိုင်းတွင် ပြင်သစ်ကိုလိုနီကျူးကျော်မှုကို တွာရဂ်တို့သည်၎င်းတို့၏ အမိမြေဖြစ်သော ဗဟိုဆာဟာရဒေသများမှခုခံခဲ့သည်။ သို့သော် တွာရဂ်ဓားပြားရှည်များသည် ပြင်သစ်တို့၏ ခေတ်မှီစစ်လက်နက်များကို ဘယ်လိုမှ မယှဉ်သာခဲ့ပေ။ နှစ်ဖက်လုံး အလုံးအရင်း သေကြေခဲ့ပြီးနောက် မာလီတွင် ၁၉၀၅၊ နိုင်ဂျာတွင် ၁၉၁၇ ခုနှစ်များတွင် စစ်ပြေငြိမ်းရေးစာချုပ်များအသီးသီးချုပ်ဆိုခဲ့သည်။ မော်ရိုကိုတောင်ပိုင်းနှင့် အယ်ဂျီးရီးယားနိုင်ငံများတွင် ပြင်သစ်တို့သည် တွာရဂ်တို့၏ အပြင်းထန်ဆုံးခုခံစစ်ကို ကြုံခဲ့ရသည်။ နောက်ဆုံးတော့ တွာရဂ်ဒေသများအားလုံး ပြင်သစ်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့ပြီး တကွဲတပြားဖြစ်နေသော တွာရဂ်ကွန်ဖက်ဒရေးရှင်းကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။

ကိုလိုနီခေတ်နှောင်းကာလ

၁၉၆၀ ပြည့်လွန်နှစ်များတွင် အာဖရိကနိုင်ငံများလွတ်လပ်ရေးစတင်ရရှိလာခဲ့သည်။ သမိုင်းဝင် တွာရဂ်ဒေသသည်လည်း တကွဲတပြာဖြစ်ကာ နိုင်ဂျာ၊ မာလီ၊ အယ်ဂျီးရီးယား၊ လစ်ဗျား၊ ဘာကီနာဖာဆို အစရှိသည့် ခေတ်သစ်နိုင်ငံများအဖြစ်အသွင်ပြောင်းပေါ်ထွက်လာခဲ့သည်။ ဆာဟလ်ဒေသမှာ သဘာဝ သံယံဇာတများ ပိုင်ဆိုင်ရေးအတွက်လည်း တွာရဂ်တို့နှင့် အခြားအာဖရိကမျိုးနွယ်စုများ ပဋိပက္ခ ဖြစ်ပွားခဲ့ရသည်။ ပြင်သစ်ကိုလိုနီပြုခြင်းနှင့် လွတ်လပ်ရေးနောက်ပိုင်း ပြဿနာအကျိုးဆက်ဖြစ်ဖြစ်သည်။

လူဦးရေမြင့်တက်လာခြင်းကြောင့် တွာရဂ်များအတွက် Nomadခေါ် ခြေသလုံးအိမ်တိုင် လှည့်လည်ကျက်စားသည့် လုပ်ငန်းမှာ အဆင်မပြေဖြစ်ခဲ့သည်။ တိုးတက်ကြီးပွားလာသော မြို့များတွင် ထင်းသုံးစွဲမှုမြင့်တက်လာခြင်းအပါအဝင် သံယဇာတသုံးစွဲမှုများပြားခြင်းကြောင့် ကန္တာရနယ်နိမိတ်မှာ ကျယ်ပျံ့သည်ထက် ကျယ်ပျံ့လာခဲ့သည်။ ထို့ကြောင့် ခြေသလုံးအိမ်တိုင်ဘဝကိုစွန့်လွှတ်ပြီး တွာရဂ်တစ်ချို့က လယ်ယာစိုက်ပျိုးရေးစတင်လုပ်ကိုင်ကြသလို တစ်ချို့ကတော့ ဘိုးဘွားပိုင်မြေများကိုစွန့်လွှတ်ကာ အလုပ်လုပ်ရန် မြို့ကြီပြကြီးများသို့တက်သွားခဲ့သည်။

ဘာသာရေး

သမိုင်းဦးကာလမှ တွာရဂ်လူမျိုးများသည် ဘာဘာများကဲ့သို့ နတ်ကိုးကွယ်သူများ၊ ယဇ်ပူဇော်သူများ ဖြစ်ခဲ့ကြသည်။ အလယ်ခေတ် ၇ ရာစုတွင် အွမ်မေယာဒ်ခါလီဖိတ် ကြီးမားကျယ်ပျံ့လာသည်နှင့်အမျှ တွာရဂ်တို့ ထံသို့ အစ္စလာမ်သာသနာရောက်ရှိလာခဲ့သည်။ အနောက်ဆူဒန်တစ်လွှားအစ္စလာမ်သာသနာတိုးတက် ပြန့်ပွားရေးအတွက် တွာရဂ်တို့က အထောက်အကူများစွာပြုခဲ့ကြသည်။ တွာရဂ်တို့သည် စွန္နီအစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး မာလီကီမဇ်ဟဗ်ဝင်များဖြစ်သည်။

မြောက်အာဖရိကနှင့် ဆာဟလ်ဒေသတွင် အစ္စလာမ်ပြန့်နှံ့ရေးအတွက် အဓိကအရေးပါသော အုပ်စုကြီးဖြစ်သည့်တွာရဂ်တို့အတွက် တင်ဘောက်တူမြို့သည် အရေးကြီးသော အိုလမာဌာနချုပ်ဖြစ်ခဲ့သည်။ ထိုဌာနချုပ်ကို ၁၂ ရာစုကတည်းက ထူထောင်ခဲ့ခြင်းဖြစ်သည်။

အဝတ်အစား

ထူးထူးခြားခြားအဖြစ် တွာရဂ်များ၏ ရိုးရာဝတ်စုံတွင် အမျိုးသမီးများ မျက်နှာအုပ်လေ့ မရှိသော်လည်း အမျိုးသားများမှာ မျက်နှာဖုံးအုပ်ကြသည်။ ထင်ရှားသောတွာရဂ်အမှတ်အသားမှာ အလက်ရှိုဟုခေါ်သော မဲနယ်ဆိုးထားသည့် မျက်နှာအုပ်အဝတ်များဖြစ်သည်။ အမျိုးသားများအနေဖြင့် အဆိုပါမျက်နှာဖုံးဝတ်ရသည့် အကြောင်းမှာ ရှေးဟောင်းအယူအဆအရ နတ်ဆိုးများမှ ကာကွယ်ခြင်းကြောင့်ဖြစ်သည်ဟု ယူဆလေ့ရှိသည်။ ၎င်းအပြင် သဲကန္တရအတွင်း ကျဉ်လည်ရခြင်းကြောင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်များအတွင်း သဲများဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက်လည်းဖြစ်သည်။ အမျိုးသားများ လူပျိုဖော်ဝင်သည်နှင့် မျက်နှာအုပ်အဝတ်များကိုတန်း၍ ဝတ်ဆင်ကြတော့သည်။ မျက်နှာအုပ်သည် မျက်လုံးနှင့် နှာခေါင်းအရင်းကိုသာဖော်သည်။

တွာရဂ်ရိုးရာတွင် လက်ဖွဲ့၊ အဆောင်ဝတ်ဆင်ခြင်းအင်မတန်ခေတ်စားသည်။ အစ္စလာမ်သာသနာဝင်များဖြစ်လာသောကြောင့် ကုရ်အာန်ကျမ်းစာထဲမှ စာပိုဒ်များကိုရေးသားကာ အဆောင်လက်ဖွဲ့များအဖြစ် ခန္ဓာကိုယ်တွင်ဝတ်ဆင်ကြသည်။

အစားအစာ

တဂွလ်လာဟုခေါ်သည့် ဂျုံမှုန့်ကို မီးသွေမီးဖိုနှင့် ဖုတ်ထားသည့် ပေါင်မုန့်အဝိုင်းပြားကို သဲပူပူအောက်တွင် မြှုပ်ထားသည်။ ထို့နောက် ပေါင်မုန့်ကို အစိတ်စိတ်အမွှာမွှာဖဲ့ကာ အသားဆော့စ်နှင့် စားလေ့ရှိသည်။

အုတ်ဂျုံမှလုပ်ထားသည့် မုန့်တစ်မျိုးကို အခြေခံစားသောက်ကုန်အဖြစ်သုံးသည်။ လူး၊ ဆပ်၊ နှံစားပြောင်းအစရှိသည့် ကောက်နှံ့ပင်များကို ရေပွက်ပွက်ဆူတွင် ကစီကဲ့သို့ နူးညံ့ပျော့ပျောင်းသည်အထိ ထည့်ပြုတ်ကာ နို့သို့မဟုတ် ဆော့စ်တစ်မျိုးဖြင့်စားလေ့ရှိသည်။ အစားများသော နို့ထွက်ပစ္စည်းများတွင် ဆိတ်နှင့် ကုလားအုတ်နို့မှပြုလုပ်ထားသည့် အခ်ဟူသောစားစရာတစ်မျိုး၊ ဒိန်ချဉ်ပစ်ပစ်နှင့် ဒိန်ခဲများပါဝင်သည်။

လူသောက်များသော တွာရဂ်လက်ဖက်ရည်ကို အတိုင်သို့မဟုတ် အရှာဟီဟုခေါ်သည်။ ယင်းကို ယမ်းလက်ဖက်ရည်ကြမ်းအား သကြားနှင့်ရောကာဖျော်ထားခြင်းဖြစ်သည်။ မိမိကြိုက်နှစ်သက်သလို ပူဒီနာနှင့် သကြားများကိုထည့်နိုင်သည်။ ကရားထဲမှခွက်ထဲသို့ အမြင့်ကနေလောင်းထည့်သောကြောင့် လက်ဖက်ရည်အပေါ်ယံတွင် အမြှုပ်များထနေတတ်သည်။

တွာရဂ်လူမျိုးများသည် အနုပညာ၊ တေးဂီတ၊ စာပေ၊ ဗိသုကာပညာရပ်၊ လက်နက်ပြုလုပ်မှု အစရှိသည့် တခြားတခြားသော ပညာရပ်များလည်းကျွမ်းကျင်ကြသည်။ ဥရောပ စာအုပ်စာပေများနှင့် ရုပ်ရှင်များတွင်လည်း တွာရဂ်လူမျိုးများအကြောင်းများစွာပါဝင်သည်။

Ref: The World Factbook by CIA, Historical Dictionary of Mali, Encyclopedia of Africa, The Tuaregs by Harry T.Norris (1976), Wikipedia

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs