အေးချမ်းသာယာတဲ့ အိမ်ထောင်ရေး

ကဏ္ဍ – Family

Mohammed Naeem (Y.I.T)

# ဘ၀ အဖေါ်မွန် ဘယ်လို ရွေးချယ်မလဲ?

ဒီနေ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်မပြု ရသေးတဲ့လူငယ်လူရွယ်တွေ ကိုယ့်ရဲ့ဘ၀မှာ တစ်သက်တာ လက်တွဲရမဲ့ ဘ၀အဖေါ်မွန်ကို ရွေးချယ်ရာမှာ ဘယ်လို အချက်တွေကို အလေးထား အရေးပေးကြပါသလဲ? အပျိုအရွယ် မိန်းကလေးတစ်ယောက်က ငါ့ဘ၀ရဲ့ အဖေါ်မွန်ဟာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ရမယ်။ Body Builder တစ်ယောက်လို Six Packs ရှိရမယ်။ ဆံပင်ကတော့ ဘယ်လို Style ဖြစ်ရမယ်။ မျက်ခုံး မျက်လုံး ဘယ်ပုံစံရှိရမယ် … စသဖြင့် အိပ်မက်ထဲက ရွှေမင်းသားပုံစံ မဟုတ်လို့ကတော့ No ပါ။ လူပျိုလူရွယ် ယောင်္ကျားလေး တစ်ယောက်က ငါ့ ဘ၀ရဲ့ အဖော်မွန်ဟာ Miss Universe လို အသားအရေ၊ အရပ်အမောင်း၊ ခန္ဓာကိုယ်က သွယ်လျလျ ရှိရမယ်။ ပညာအရည်အချင်းမရှိ၊ ငွေကြေးချမ်းသာတာ မဟုတ်ရင် သူမ နာမည်တောင် စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ လူငယ်တွေရဲ့ ဆန္ဒတွေ၊ စဉ်းစားတာတွေဟာ သူတို့လေးတွေရဲ့ဘ၀မှာ အမှန်တကယ် အေးချမ်းသာယာတဲ့ ဘ၀အဖေါ်မွန်တွေ ရရှိနိုင်ရဲ့လား?

မွတ်စလင်မ်မိဘတွေရဲ့ သားသမီးတွေ အဲဒီလောက်အထိ အလှအပ၊ ရုပ်ရည် ရူပကာရဲ့ အထင်ကြီးမှုတွေ လွှမ်းမိုးခံနေရပြီလား? အိမ်ထောင်ပြုပြီး လပိုင်းကာလလေး ကျော်လွန်သွားတာနဲ့ ရုပ်ပိုင်းဆိုင်ရာ အလှအပတွေက အိမ်ထောင်ရေးမှာ ဘယ်လောက်အတိုင်းအတာအထိ အရေးပါဦးမှာလဲ? ကိုယ်ရွေးချယ်ခဲ့တဲ့ ချောမောလှပတဲ့ ဘ၀အဖေါ်မွန်ဟာ ကိုယ့်ဘ၀မှာ ဘာသာတရားကိုင်းရှိုင်းသူ၊ ကျေးဇူးသိတတ်သူ၊ ဂုဏ်သိက္ခာထိန်းသိမ်းသူ၊ သစ္စာစောင့်ထိန်းသူ ဖြစ်လာပါ့မလား? ရုပ်ရည် ချောမောလှပခြင်းဆိုတာ အချိန်နဲ့အမျှ လျော့နည်းလာတဲ့သဘောသဘာဝ ရှိသော်လည်း ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို အလ္လာဟ်အရှင်မြတ်အတွက် ချစ်ခင်မြတ်နိုးတတ်ခြင်း ဆိုတဲ့အချက်တွေ ပိုင်ဆိုင်ထားသူတွေဟာ ကိုယ့်ဘ၀ အဖော်မွန်ကို စိတ်ချမ်းသာမှု၊ မျှော်လင့်ချက် ခိုင်မာမှု၊ စိတ်စွမ်းအားတွေ ဖြည့်စည်းပေးမှု၊ ကြင်နာစွာ ဆက်ဆံမှုနှင့် ချစ်ခြင်းမေတ္တာတွေကို ဒီလောကီသက်တမ်းမှာ ပေးဆပ်ကြသလို နောင်တမလွန်ဘ၀မှာ ဂျန္နသ်သုခဘုံအထိ ဦးဆောင်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

သတိပြု ကြပါ! အေးချမ်းသာယာတဲ့ အိမ်ထောင်ရေး တစ်ခု တည်ဆောက်ဖို့ရာ အဓိအကျဆုံး အချက်က ကိုယ့်ရဲ့ ရည်စူးချက် ဖြစ်ပါတယ်။ ဘယ်သူဟာ ဘယ်လို ရည်ရွယ်ချက်နှင့် ဘယ်သူ့ကို အိမ်ထောင်ဘက် အဖြစ် ရွေးချယ်မလဲ၊ သူ့ရဲ့ အိမ်ထောင်ဘက်က သူလိုချင်တဲ့ အတိုင်းပဲ ဖြစ်လိမ့်မယ်။ အချို့က ရုပ်ရည် ရူပကာကိုသာ အလေးထားတယ်။ သူလိုချင်သလို အချောအလှတော့ ရသွားတယ်။ ကိုယ်ကျင့်တရားကောင်းတွေ ပါမလာဘူး။ အချို့က ငွေကြေးဥစ္စာကို အလေးပေး ရွေးချယ်တယ်။ အင်မတန် ချမ်းသာတဲ့ သူဌေးသား သို့မဟုတ် သူဌေးသမီးကိုတော့ ရသွားပေမယ့်သာသနာ့အသိတရား လုံးဝမရှိတဲ့သူဖြစ်နေတယ်။ အချို့က ဆွေကြီးမျိုးကြီးထဲကမှ အိမ်ထောင်ဘက်ရလိုတယ်။ အသိုင်းအ၀ိုင်းကြီးကြီးထဲကသူနဲ့ အိမ်ထောင်တော့ကျသွားတယ်။ သို့သော် သိမ်ငယ်စွာနဲ့ အဲဒီလို အိမ်မှာ နေရတဲ့ဘ၀ ရောက်သွားတယ်။

အိမ်ထောင်ပြု ကြရမဲ့ အရွယ်ရောက်နေတဲ့သူတွေ ကိုယ့်ဘ၀ အဖေါ်မွန်ကို ရွေးချယ်ရာမှာ အောက်ပါ အချက်တွေကို အထူးသတိပြု ပြီး ရွေးချယ်ကြပါလို့ အကြံပြု ပါတယ်။ အဲဒီလို အိမ်ထောင်ဘက်ကို ရရှိဖို့လည်း အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ တောင်းဆုဒိုအာလည်း ပြု ကြဖို့လိုပါတယ်။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ့်ဘ၀ကို မှန်ကန်ပီသတဲ့ မွတ်စ်လင်မ်ကောင်း တစ်ယောက်ဖြစ်အောင် အားပေးကူညီသူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ တဦးနှင့်တဦး အပြန်အလှန် လေးစားတတ်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်၊ စိတ်နေသဘောထား၊ ချစ်ခြင်းမေတ္တာတွေကို ဂုဏ်ပေးလေးစားသူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ်ကျင့်တရား ရိုးသားဖြူ စင်ပြီး သစ္စာရှိသူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံး နှင့် ယုံကြည်စိတ်ချရတဲ့ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ မြင်လိုက်ရရင် စိတ်ရဲ့ ချမ်းသာမှုကို ပေးစွမ်းနိုင်ပြီး မျက်လုံးရဲ့ အေးမြခြင်းကို ဆောင်ကြဉ်းပေးနိုင်သူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ့်ကို ကိုယ့်ရဲ့ အခြေအနေအတိုင်း တန်ဘိုးထားတတ်သူဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ စာရိတ္တရှင် ဖြစ်လာအောင် လက်တွဲခေါ်ဆောင်သူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ့်ရဲ့ အီမာန်ယုံကြည်ချက်ကို တိုးတက်မြင့်မားလာအောင် အကျိုးပြုသူဖြစ်သလို အလ္လာဟ်အရှင်မြတ်ရဲ့ အသိစိတ်ထားရှိဖို့ အမြဲသတိပေးနေသူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့အိမ်ထောင်ဘက်ဟာ ကိုယ်စိတ်ညစ်နေတဲ့အချိန် အားပေးစကားပြောကြားသူ၊ ကိုယ်အင်အားနည်းနေချိန် ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးသူ၊ ကိုယ့်ရဲ့ အရှက်တရား၊ ဂုဏ်သိက္ခာကို လှပတဲ့ ခြုံထည်အလား ဆင်မြန်းထိန်းသိမ်းတတ်သူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ တစ်ချိန်မှာ ရရှိလာမဲ့ ရင်သွေးလေးတွေကို စံပြအဖြင့် အတုယူနိုင်စေမဲ့သူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ့်ကို အလ္လာဟ်အရှင်မြတ်အတွက် ချစ်ခင်မြတ်နိုးသူ ဖြစ်ပြီး သူကိုယ်တိုင်က မိမိအရှင်သခင် အလ္လာဟ်အရှင်မြတ်ကို ချစ်ကြောက်ရိုသေသူ ဖြစ်ပါစေ။

# ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ ဒီလောကီသက်တမ်းမှာလည်း ကိုယ့်ရဲ့ဘ၀ အဖော်မွန် ဖြစ်သလို နောင်တမလွန်မှာလည်း ဂျန္နသ်သုခဘုံကို အတူတူ လက်တွဲပြီး ၀င်ခွင့်ရသူ ဖြစ်ပါစေ။

အေးချမ်သာယာတဲ့ အိမ်ထောင်ရေး တစ်ခုရဲ့ အဓိက သော့ချက်ဟာ ကိုယ်ရှာဖွေနေတဲ့ ဘ၀ အဖေါ်မွန် သို့မဟုတ် လက်ရှိ ဘ၀ အဖေါ်မွန်ဟာ မိမိရဲ့ အရှင်သခင် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုကို ရှာဖွေနေတဲ့ မွတ်စ်လင်မ်ကောင်း တစ်ဦးဖြစ်ဖို့သာ လိုအပ်ပါတယ်။ အဲဒီလို အိမ်ထောင်ရေးဟာ လောကီသက်တမ်းမှာ ဂျန္နသ်သုခဘုံကို ရှာဖွေဖို့ လွယ်ကူသွားပါလိမ့်မယ်။

သာသနာ မရှိတဲ့သူ ဆီကနေ လောကီအလှအပ အဆောင်အယောင် ငွေကြေးဥစ္စာ စတာတွေ အကုန်လုံး ရကောင်းရသွားနိုင်ပေမဲ့ တမလွန်ဘ၀ရဲ့ အဆုံးအရှုံးတွေ၊ လောကီသက်တမ်းရဲ့ မတရားမှု၊ ဖိနှိပ်မှု၊ ဇနီးအခွင့်အရေး သို့မဟုတ် ခင်ပွန်းသည်အခွင့်အရေး ဆုံးရှုံးမှု၊ ကိုယ်ထိလက်ရောက်စော်ကားမှု စတဲ့ အနိဋ္ဌာရုံတွေသာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို အိမ်ထောင်ရေးဟာ လောကီသက်တမ်းမှာတင် ဂျဟန္နမ်ငရဲဘုံရဲ့ အစိတ်အပိုင်းဖြစ်သွားပါလိမ့်မယ်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2umlRbf