ကာတာပိတ်ဆို့မှု နောက်ဆက်တွဲ အကျိုးဆက် (၁၀) ချက်

ယူအေအီး၊ ဆော်ဒီအာရေးဗျ၊ ဘာရိန်းနဲ့ အီဂျစ်နိုင်ငံတို့ဟာ ကာတာနိုင်ငံနဲ့ လေကြောင်း၊ ရေကြောင်းကုန်းကြောင်း အဆက်အသွယ်တွေပိတ်ဆို့လိုက်ပြီး သံတမန်ဆက်ဆံရေးကိုလည်း ဖြတ်တောက်လိုက်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ လေးနိုင်ငံက ပေးတဲ့အကြောင်းပြချက်ကတော့ ကာတာနိုင်ငံဟာ ဒေသတွင်း တည်ငြိမ်မှုပျက်ပြားအောင် အကြမ်းဖက်အဖွဲ့အစည်းတွေတွေကို ထောက်ပံ့အားပေးနေလို့ပါတဲ့။ အခုလို ကတာနဲ့ သံခင်းတမန်ခင်းရုပ်သိမ်းတဲ့ထဲမှာ လေးနိုင်ငံကို လစ်ဗျား၊ မော်လဒိုက်နဲ့ ယီမင်နိုင်ငံတို့လည်း ပူးပေါင်းခဲ့တာကြောင့် အခုဆိုရင် (၇) နိုင်ငံရှိလာပါပြီ။
 
အထက်က အဖြစ်အပျက်ကြောင့် နောက်ဆုံးထွက်ပေါ်လာတဲ့ အကျိုးဆက် (၁၀) ချက်ကို လေ့လာကြည့်ရအောင်။
 
(၁) ဒိုဟာ (ကာတာမြို့တော်) က အာဏာပိုင်တွေဟာ ဆိုးဆိုးရွားရွားချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် အခုလိုဆုံးဖြတ်ချက်မျိုးချရတာပါလို့ ရိယာဒ် (ဆော်ဒီမြို့တော်) အစိုးရက ဆိုပါတယ်။ ယူအေအီးနိုင်ငံကလည်း ကာတာအာဏာပိုင်တွေဟာ ရိယာဒ်နဲ့ ရှိထားတဲ့သဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလိုဆုံးဖြတ်ရတာပါလို့ ပြောပါတယ်။
 
(၂) ကာတာကနေ ယူအေအီးကိုသွားတဲ့ အသွားအပြန် လေကြောင်းလိုင်းအားလုံးကို အင်္ဂါနေ့ကစပြီး ပိတ်ပင်တော့မှဖြစ်ပါတယ်။ ယူအေအီး လေပိုင်နက်နဲ့ ပင်လယ်ဆိပ်ကမ်းမှန်သမျှကို ကာတာလေကြောင်းနဲ့ သင်္ဘောတွေ ဖြတ်သန်းခွင့်၊ ရပ်နားခွင့်ကိုလည်း ပိတ်ပင်လိုက်ပါပြီ။
 
(၃) ဆော်ဒီအာရေးဗျကလည်း ကာတာလေကြောင်းလိုင်းမှန်သမျှကို သူတို့နိုင်ငံလေပိုင်နက်ထဲကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ပါပြီ။
 
(၄) ယူအေအီး၊ ဆော်ဒီနဲ့ ဘာရိန်းနိုင်ငံတို့ဟာ မိမိတို့နိုင်ငံထဲကနေ ကာတာနိုင်ငံသားတွေထွက်ခွာဖို့ ၁၄ ရက်အချိန်ပေးခဲ့ပေမယ့် ကာတာသံတမန်အရာရှိတွေကိုတော့ ၄၈ နာရီအတွင်းထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။
 
(၅) ကာတာနိုင်ငံသားတွေဟာ ယူအေအီးနိုင်ငံနဲ့ အင်းမရိတ်နိုင်ငံတွေထဲကို Transit အဖြစ်တောင် ဖြတ်သန်းခွင့်ရတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူတို့နိုင်ငံသားတွေကိုလည်း ကာတာနိုင်ငံကနေ ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ပါတယ်။
 
(၆) ကာတာနိုင်ငံက သူတို့လိုအပ်တဲ့ စားသောက်ကုန် ၉၀% ကို ဆော်ဒီနိုင်ငံကနေ ကုန်းကြောင်းကတစ်ဆင့် တင်သွင်းတာဖြစ်တာကြောင့် အခုကာတာနိုင်ငံတစ်လွှားက စူပါမားကတ်တွေမှာ စားသောက်ကုန်ကို အလုအယက်ဝယ်ယူနေကြရပါတယ်။
 
(၇) ကာတာ စတော့အိတ်ချိန်းတန်ဖိုးဟာလည်း ၇.၂၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာရှိတဲ့ ကာတာ ရိယာလ်ငွေ ဘီလီယံ ၃၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။
 
(၈) ပင်လယ်ဆိပ်ကမ်းနဲ့ ကုန်းလမ်းကြောင်းတွေ ပိတ်ပင်ခဲ့တာကြောင့် ကာတာနိုင်ငံရဲ့ ဆောက်လုပ်ရေးဈေးကွက်ကို ထိခိုက်နစ်နာမှုတွေရှိလာနိုင်ပါတယ်။
 
(၉) ရေနံဈေးနှုန်းဟာလည်း ၁.၆ ရာခိုင်နှုန်းထိုးတက်သွားပြီး ဒီကနေ့မနက်မှာ ရေနံတစ်စည်ကို $50.74 ထိ တက်သွားပါတယ်။ ဒါပေမဲ့ ဒီနေ့ညနေအစောပိုင်းမှာတော့ ရေနံတစ်စည်ကို $50 အောက်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။
 
(၁၀) အထက်က အဖြစ်အပျက်တွေ ဘယ်လိုပဲရှိနေပါစေ၊ ကာတာနိုင်ငံသားတွေကတော့ ဆော်ဒီနိုင်ငံမှာ အွမ္မရဟ်နဲ့ ဟာဂ်ျခရီးစဉ်တွေ သွားရောက်နိုင်ပါသေးတယ်။

**ထပ်မံဖြည့်စွက်ချက် – ဆော်ဒီအာရေးဗျနိုင်ငံမှာရှိတဲ့ ကာတာသတင်းဌာန Al Jazeera ရုံးကိုလည်း ဆော်ဒီယဉ်ကျေးမှုနဲ့ အချက်အလက်ရေးရာဝန်ကြီးဌာနက လိုင်စင်ရုပ်သိမ်းပြီး ပိတ်ပင်လိုက်ပြီလို့သိရပါတယ်။

ပိတ်ပင်ရတဲ့အကြောင်းအရင်းကတော့ ကာတာဟာ အကြမ်းဖက်မှုကိုအားပေးအားမြှောက်လုပ်ပြီး အီရန်နဲ့ ဆက်ဆံရေးအရှိန်မြှင့်တင်လို့ပါတဲ့။ Al Jazeera ဟာ ယီမင်က ရှီယိုက်စစ်သွေးကြွအကြမ်းဖက်အုပ်စု ဟူသီသူပုန်တွေကို ထောက်ခံအားပေးတဲ့အရေးအသားတွေရေးသလို အကြမ်းဖက်သမားတွေရဲ့ အကြံအစည်တွေကို စင်တင်ပေးလို့ဆိုပြီး စွပ်စွဲထားပါတယ်။

Qatar’s Emir Sheikh Tamim bin Hamad Al-Thani

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7