ဦးဝီရသူမှတ်တမ်းရုပ်ရှင် အရှင်ဒဗလျူ “The Venerable W.” အပေါ်သုံးသပ်ချက်

Evil မကောင်းဆိုးဝါးဆိုတဲ့အသုံးအနှုံးဟာ ထိလွယ်ရှလွယ်နိုင်လှပြီး ရှောင်ရှားတာအကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဒါရိုက်တာကြီး ဘားဘတ် ရှရိုးဒါးကတော့ ဒီအသုံးအနှုံးကို ဘယ်သူတွေအတွက်သုံးရမယ်ဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ထားပုံရတယ်။ သည်းခံနိုင်စိတ်လုံးဝမရှိဘဲ ရန်လိုသူတွေနဲ့ အာဏာထိန်းသိမ်းထားလိုမှုကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ကြသူတွေကို သူက Evil လို့ ရဲရဲကြီးသုံးပါတယ်။
ရှရိုးဒါး က သူဖန်တီးတဲ့ “မကောင်းဆိုးဝါးသုံးပွင့်ဆိုင်” Trilogy of Evil အတွက် ၁၉၇၄ မှာ သူရိုက်ကူးတဲ့ ယူဂန်ဒါအာဏာရှင်စစ်ဗိုလ်ချုပ် အီဒီ အာမင်း မှတ်တမ်းရုပ်ရှင် “General Idi Amin Dada” နဲ့ စစ်ရာဇဝတ်ကောင်တွေဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ Jacques Vergès ဆိုတဲ့ရှေ့နေအကြောင်းရိုက်ကူးတဲ့ “Terror’s Advocate” တို့ကို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ နောက်ဆုံးကျန်နေတဲ့ မကောင်းဆိုးဝါးသုံးပွင့်ဆိုင်ထဲက တစ်နေရာမှာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းတရားဖြန့်ဖြူးတဲ့ မွတ်စလင်ကြော်ရောဂါရှင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူအကြောင်းမှတ်တမ်းရုပ်ရှင် အရှင် ဒဗလျူ “The Venerable W.” နဲ့ ဖြည့်တင်းခဲ့ပါတယ်။ ဦးဝီရသူဟာ ရိုဟင်ဂျာတွေနဲ့ တခြားမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ ရှေ့တန်းကနေ အားပေးလှုံဆော်နေသူတစ်ဦးဖြစ်ပါတယ်။
 
The Venerable W. ဟာ Terror’s Advocate ထက် Idi Amin ဇာတ်လမ်းနဲ့ ပိုပြီး နီးစပ်မှုရှိပါတယ်။ အဲဒါကတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးစဉ်မှာ ဦးဝီရသူနဲ့ အာမင်းတို့ နှစ်ယောက်စလုံးဟာ မိမိတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေမှာ ဗြောင်းဆန်အောင်မွှေနှောက်နေချိန်ဖြစ်နေတာပါပဲ။ ဒီရုပ်ရှင်သုံးခုမှာ အဓိက ကွာခြားချက်ကတော့ နောက်ဆုံးရိုက်ကူးတဲ့ The Venerable W.မှာ ဆဲလ်ဖုန်းနဲ့ ယူကျူ့တို့က Third party footage (ကိုယ်တိုင်ရိုက်မဟုတ်သော ဗီဒီယိုအပိုင်းအစများ) တွေနဲ့ အားဖြည့်ထားတာပါပဲ။ စကားပြောတဲ့လူပုဂ္ဂိုလ်တွေအပေါ်မှာ မှီခိုတာများပေမယ့် နောက်ဆုံး အရှင်ဒဗလျူရုပ်ရှင်ထဲမှာတော့ ဦးဝီရသူရဲ့ နိုင်ငံကိုသန့်စင်အောင်လုပ်မယ်ဆိုတဲ့ ကမ်ပိန်းကိုပေါ်လွင်စေဖို့ (ဓာတ်ပုံ/ဗီဒီယိုပညာရှင်မဟုတ်သော) အပျော်တမ်းရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုအပိုင်းအစတွေနဲ့ အားဖြည့်ထားပါတယ်။
 
ဦးဝီရသူဆိုတာ ၁၉၉၀ ပြည့်နှစ်လွန်ကာလတွေကစလို့ မွတ်စလင်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုတွေ လုပ်ဆောင်ခဲ့သူပါ။ မြန်မာနိုင်ငံလူဦးရေရဲ့ ၄% ဝန်းကျင်ခန့်ရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြစ်မှတ်ထားတာ ရာစုနှစ်နဲ့ ချီနေပါပြီ။ ဒီတော့ ရိုဟင်ဂျာအပေါ်ထားတဲ့ သူ့ရဲ့အမြင်က အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒီတော့ ဒါရိုက်တာကြီးရှရိုးဒါးက အတိတ်က လူပြောများပြီးသား ဖြစ်ရပ်တွေအပေါ် အာရုံစိုက်မနေတော့ပါဘူး။ ဒီတော့ ဦးဝီရသူချတဲ့ အမုန်းမျိုးစေ့အစား ၁၈၇၈ အစုလိုက်အပြုံလိုက် လူအရွှေ့အပြောင်းအရေးကိုဦးစားပေးခဲ့ပါတယ်။
 
ရုပ်ရှင်ထဲမှာ ဘုန်းကြီးတစ်ပါးရဲ့နှုတ်ကထွက်တဲ့ လူမဆန်တဲ့အဟောအပြောတွေကို ဖော်ပြရာမှာ ဒါရိုက်တာအနေနဲ့ အခက်အခဲကြုံရပုံပါပဲ။ ငြိမ်းချမ်းရေးနဲ့ မစ္ဇျိမလမ်းစဉ်ကို လျှောက်လမ်းတဲ့ ဗုဒ္ဓဘာသာနဲ့ ဦးဝီရသူရဲ့ ဟောပြောချက်တို့ဟာ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပါတယ်။ ဦးဝီရသူက ဗုဒ္ဓဘာသာကို အမျိုးသားရေး၊ လူမျိုးခွဲခြားရေးနဲ့ သွေးဆာနေတဲ့ အတွေးအခေါ်သဘောတရားအဖြစ် ပုံဖော်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် Time Magazine မျက်နှာဖုံးမှာ ဗုဒ္ဓဘာသာရဲ့အကြမ်းဖက်မျက်နှာ (The Face of Buddhist Terror) ဆိုပြီး မျက်နှာတဲ့တကွ ကင်ပွန်းတပ်ဖော်ပြခံလိုက်ရတာပါ။
 
အများကြိုက်အောင်လုပ်တဲ့ လူပြိန်းကြိုက် ရှေးဟောင်းနည်းလမ်းတွေကိုအသုံးပြုပါတယ်။ မွတ်စလင်တွေကို တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းပြီး သားဖောက်သာသနာပြုကြောင်း၊ မြန်မာတွေရဲ့ မြေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မောင်ပိုင်စီးဖို့ကြိုးစားနေကြောင်း၊ မြင့်မြတ်တဲ့ မြန်မာလူမျိုးကို သွေးနှောပြီး လူမျိုးဖျောက်ဖို့ ကြိုးစားနေကြောင်း အခြေအမြစ်မရှိ စွပ်စွဲပြီး အမုန်းတရားဟောပြောဖြန့်ဖြူးပါတယ်။ သံဃာတွေ ပြောသမျှကို မျက်စိမှိတ်ယုံသလို သံဃာတွေကို အထွဋ်အမြတ်ထားပြီး တလေးတစားကိုးကွယ်ကြတဲ့ မြန်မာလိုနိုင်ငံမျိုးမှာ ဘုန်းကြီးတစ်ပါးပါးစပ်က ဒီလိုဟောပြောတယ်ဆိုတော့ စဉ်းစားတွေးခေါ်ဉာဏ်နိမ့်ပါးသူအစုအဝေးလိုက်ကြီးက အဟုတ်ကြီးထင်ပြီး ယုံကြည်ကြတာ မထူးတော့ မထူးဆန်းပါဘူး။
 
ဦးဝီရသူရဲ့ဇာတိဖြစ်တဲ့ ကျောက်ဆည်မြို့က မုဒိမ်းကျင့်လူသတ်မှုကို ရှရိုးဒါးက နောက်ကြောင်းလှန်ခဲ့ပါတယ်။ အဲဒီအမှုဟာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်ကို မွတ်စလင်က မုဒိမ်းကျင့်သတ်ဖြတ်လိုက်တယ်လို့ ဦးဝီရသူက စွပ်စွဲပြီး အမုန်းတရားလှုံဆော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ရှိရှိ၊ မရှိရှိ ဦးဝီရသူလို အမုန်းတရားတွေနဲ့ လောင်မြိုက်နေတဲ့ ဘုန်းကြီးဟာ မွတ်စလင်မုန်းတီးရေးကို တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်မှာဖြစ်ပါတယ်။
ဦးဝီရသူနဲ့ အင်တာဗျူးထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ အကျိုးသင့်အကြောင်းသင့်ပြောတတ်သူလို ဟန်ကို့ထားပေမယ့် အချက်အလက်တွေနဲ့ ပတ်သက်လာရင် ကပြောင်းကပြန်လုပ်ထားတာတွေတွေ့ရပါတယ်။ သူက ဒေါ်နယ်ထရမ့်သမ္မတဖြစ်ရေးကိုတောင် ထောက်ခံအားပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ အဲဒီအင်တာဗျူးမဟုတ်ဘဲ နောက်ထပ် မှတ်တမ်းဗီဒီယိုတစ်ခုထဲမှာတော့ ဝုန်းဒိုင်းကြဲပေါက်ကွဲပြီး အာဏာယစ်မူးနေတဲ့ ဦးဝီရသူကို တွေ့ရပြန်ပါတယ်။
 
ဦးဝီရသူရဲ့အမြင်နဲ့ ရပ်တည်ချက်အပေါ် ခိုင်ခိုင်မာမာပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ သံဃာတော်တွေနဲ့လည်း ရှရိုးဒါးက အင်တာဗျူးခဲ့ပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကို ကမ္ဘာက အာရုံစိုက်လာအောင် စွမ်းဆောင်နိုင်ခဲ့ မက်သယူးစမစ်နဲ့ ကားလို့စ် ဆာဒီညာ ဂလာချေးတို့လို ဂျာနယ်လစ်တွေနဲ့လည်း အင်တာဗျူးထားပါတယ်။ ဒါပေမဲ့ တခြားမှတ်တမ်းရုပ်ရှင်တွေလို ရိုဟင်ဂျာအုပ်စုရဲ့ အသံတွေ စုပြုံထည့်မထားဘဲ ရှရိုးဒါးက ရိုဟင်ဂျာအသိုင်းအဝိုင်းထဲကဆိုရင် အဗ္ဗဒွရ်ရရှီးဒ်ဆိုသူတစ်ဦးရဲ့ အသံကိုသာ ထည့်ထားတာတွေ့ရပါတယ်။
 
ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ရိုက်နှက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ လူတွေကိုမီးတင်ရှို့မှုတွေ ကွက်ကွက်ကွင်းကွင်း ပါတာကြောင့် စိတ်ထိခိုက်လွယ်သူတွေအနေနဲ့ ကြည့်ဖို့ ခက်ခဲပါလိမ့်မယ်။
 
‘The Venerable W.’ မှတ်တမ်းရုပ်ရှင်အကြောင်း အကျဉ်း
(၁) ပြင်သစ်ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။ ကြာချိန် မိနစ် ၁၀၀ ဖြစ်ပါတယ်။ မူရင်း ခေါင်းစဉ်က ပြင်သစ်ဘာသာစကားနဲ့ဖြစ်ပြီး “Le Vénérable W.”ပါ။
 
(၂) ပရိုဂျူဆာတွေက Margaret Menegoz နဲ့ Lionel Baier တို့ဖြစ်ပါတယ်။
 
(၃) ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေထဲမှာ –
Director, writer: Barbet Schroeder
Camera (color): Victoria Clay Mendoza
Editor: Nelly Quettier
Music: Jorge Arriagada တို့ပါဝင်ပါတယ်။
 
(၄) သရုပ်ဆောင်တွေအဖြစ် အရှင် ဦးဝီရသူ၊ ဦးဇနိတ၊ ကျော်ဇေယျာထွန်း၊ ဦး ကေလာစ၊ မက်သယူးစမစ်၊ အဗ္ဗဒွရ်ရရှီးဒ်၊ ကားလို့စ် ဆာဒီညာ ဂလာချေး တို့ပါဝင်ပါတယ်။
 
(၅) အသံသရုပ်ဆောင်တွေအဖြစ် Bulle Ogier နဲ့ Barbet Schroeder တို့ပါဝင်ပါတယ်။
 
(၆) ရုပ်ရှင်ထဲမှာ မြန်မာ၊ ပြင်သစ်၊ အင်္ဂလိပ်နဲ့ စပိန် စကားတွေပြောကြပါတယ်။
 
အနုပညာသတင်းနှင့် ရုပ်ရှင်ဝေဖန်ရေး Website – The Variety မှာ ဖော်ပြထားတဲ့ Jay Weissberg ရဲ့ သုံးသပ်ချက်ဆောင်းပါးကို ဉာဏ်အလင်းက ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။
 
ဆက်စပ်သတင်း – ဝီရသူမှတ်တမ်းရုပ်ရှင် ပြင်သစ်ကိန်းရုပ်ရှင်ပွဲတော်တွင်ပြမည် -http://wp.me/p5pNNN-nn
 
အတွဲ (၁) အမှတ် (၆) ကို Download ရယူရန်
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7