ရိုဟင်ဂျာဒုက္ခသည်တွေကို ကိုယ်ကျိုးစွန့်ကယ်ခဲ့သူ ကိုတံငါ

တံငါသည် ယူစွဖ်

ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် အင်ဒိုနီးရှားကို သွားရောက်နေတုန်း ဗြိတိသျှ ပရဟိတအဖွဲ့ဖြစ်တဲ့ Lonely Orphans က ဆိုင်ယဒ် အိခ်လားဆ် ဟာ တကယ့်ဟီးရိုးတစ်ဦးဖြစ်သူ ယူစွဖ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ယူစွဖ်ကိုဘာကြောင့် ဟီးရိုးလို့တင်စားရပါသလဲ

ယူစွဖ်ဟာ အင်ဒိုနီးရှားနိုင်ငံ Langsa ကမ်းရိုးတမ်းဒေသမှာနေထိုင်တဲ့ ဆင်းရဲသား တံငါသည်တစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ပင်လယ်ပြင်မှာ မျောနေကြတဲ့ ရိုဟင်ဂျာ ၃၀၀ ကျော်ကို ကယ်တင်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ လှေစီးဒုက္ခသည်ရိုဟင်ဂျာတွေကို ကမ်းခြေကနေ ၇ နာရီခရီးရှိတဲ့ သမုဒ္ဒရာ အလယ်ထဲကနေ ကယ်တင်ခဲ့တာပါ။ ဒုက္ခသည်တွေသတင်းကိုရရချင်း တာဝန်ရှိသူတွေကို ရေဒီယိုကတစ်ဆင့် ဆက်သွယ်အကူအညီတောင်းခဲ့ပေမယ့် သူတို့လာတဲ့အထိမစောင့်နိုင်တာကြောင့် ကိုယ်တိုင်ထွက်ကူဖို့လုပ်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့လုပ်ရပ်ဟာ သာမန်လူတစ်ယောက် လုပ်ဖို့ မဆုံးဖြတ်ရဲလောက်အောင် ခက်ခဲလှပါတယ်။ သူ့မှာ ငါးဖမ်းလှေသေးသေးလေးသာရှိပြီး လူ ၄၈ ယောက်သာဆန့်လို့ပါ။

ယူစွဖ်က သူ့သင်္ဘောပေါ်မှာ ဆန့်နိုင်သမျှလူတွေသိမ်းကြုံးတင်ပြီး လှိုင်းထန်နေတဲ့ သမုဒ္ဒရာအလယ်ကနေ ဒုက္ခသည်တွေကို ကယ်တင်ခဲ့ပါတယ်။ အသွားအပြန် ၁၄ နာရီကြာပေမယ့် သူဟာ ကျန်ရစ်ခဲ့သူတွေကို မထားရက်ခဲ့ပါဘူး။ ဒါကြောင့် ၁၄ နာရီအသွားအပြန်ခရီးကို ၇ ကြိမ်တိုင်တိုင်အပြင်းနှင်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို ကယ်တင်ပေးခဲ့ပါတယ်။

ယူစွဖ်က လို့ သူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြပါတယ်။ “ရေထဲမှာ မျောနေလိုက်ကြတာ၊ တစ်ချို့ဆိုရင် အဝတ်အစားတောင်မရှိရှာတော့ဘူး။ ကျနော်လည်း တာဝန်ရှိသူတွေကို အကြောင်းကြားစရာရှိတာကြားပြီး ကျနော်နေတဲ့ကျွန်းနဲ့ သူတို့ရှိရာ ၁၄ နာရီ အသွားအပြန်ခရီးကို ၇ ကြိမ်တိတိသွားပြီး ကယ်ဆယ်ခဲ့ပါတယ်”

သူ့အနေနဲ့ဘာကြောင့်အခုလိုကိုယ်ကျိုးစွန့်ကယ်တင်ခဲ့သလဲဆိုပြီးမေးတော့ “ကျနော်မကူညီလို့မဖြစ်ဘူးလေ။ ပင်လယ်ပြင်မှာစည်းကမ်းတစ်ခုရှိတာ။ အဲဒါကတော့ ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ်၊ ဘယ်ကပဲလာလာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကူညီရမယ်ဆိုတာပါပဲ” လို့ ရိုးရိုးပဲဖြေခဲ့ပါတယ်။ ယူစွဖ်ဟာ အရမ်းကိုဖော်ရွေပြီး ရိုးသားသူတစ်ယောက်ဖြစ်သလို သူ့ရဲ့လုပ်ရပ်အတွက် အသိအမှတ်ပြုမှုကိုလည်း ရှာဖွေနေသူတစ်ယောက်မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ချီးမြှင့်မှုကိုသာ ကိုးစားသူတစ်ယောက်ဖြစ်ပါတယ်။

ယူစွဖ်ရဲ့ တစ်ခုတည်းသော အသက်မွေးဝမ်းကြောင်းပြုလုပ်ရာ ရင်းမြစ်ဖြစ်တဲ့ ငါးဖမ်းလှေလေးဟာ လှိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့တဲ့အကြောင်းကို သူနဲ့တွေ့ခဲ့သူ ဆိုင်ယဒ်က ဗြိတိန်အခြေစိုက် မွတ်စလင်မီဒီယာ Ilmfeed ကို တင်ပြခဲ့ပါတယ်။ ဒါနဲ့ပဲ Ilmfeed က ဦးဆောင်ပြီး အလှူငွေကောက်ခံခဲ့ရာ ဒေါ်လာ ၅၀၀၀ ရခဲ့တာကြောင့် သူ့အတွက် ငါးဖမ်းလှေအသစ်တစ်စီးဝယ်ပေးနိုင်ခဲ့ပါပြီ။

မူရင်း – Ilmfeed

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs