တောအတွင်းစွန့်ပစ်ခံထားရသည့် တရားမ၀င် မြန်မာ ၃၅ ဦးကို ထိုင်းရဲတပ်ဖွဲ့ရှာတွေ့

နိုင်ငံတောင်ပိုင်းတောအတွင်းခြေဦးတည့်ရာလျှောက်သွားနေသည့် စွန့်ပစ်ခံ မြန်မာနိုင်ငံသား ၃၅ ဦး ကို ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ရာဖွေတွေ့ရှိခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် လူမှောင်ခိုလမ်းကြောင်းများအား အာဏာပိုင်များက နှိမ်နင်းသည့်တိုင် ဆက်လက်ဖြစ်ပွားနေသည့်အတွက် စိုးရိမ်စိတ်များတိုးမြင့်လာခဲ့သည်။
 
အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ခုနှစ်ဦးတို့ကို Nakorn Si Thammarat နယ် Tha Sala ခရိုင်ရှိ ရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ၎င်းတို့ထံတွင် မည်သည့်သက်သေခံကတ်ပြားမှ မတွေ့ကြောင်းနှင့် မလေးရှားသို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း သိရသည်
 
“မသုံးတော့ဘဲ စွန့်ပစ်ထားတဲ့ ပုဇွန်ကန်တွေနားက တောအုပ်ထဲမှာ လှည့်ပတ်သွားနေတုန်း သူတို့ကို ရွာသားတွေကတွေ့ပြီး ကျနော်တို့ဆီလာအပ်ခဲ့တယ်။ သူတို့ကတော့ သူတို့ကို ဒီမှာပစ်သွားတယ်လို့ပြောတာပဲ။ ဒါပေမဲ့ ဘယ်သူက ပစ်သွားသလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူး” ဟု ဤအမှုအားကိုင်တွယ်နေသည့် ရဲမှူးကြီး Sophon Chamrongnigrong က ဆိုသည်။
 
ယခုရှာဖွေတွေ့ရှိခဲ့သူ ၃၅ ဦးစလုံးမှာ ရိုဟင်ဂျာများမဟုတ်သော်လည်း သုံးဦးမှာ မွတ်စလင်ဖြစ်ကြောင်း ထိုင်းရဲကထုတ်ပြန်ခဲ့သည်။
မိမိအတွက်အန္တရာယ်ရှိလာမည်စိုးသောကြောင့် အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက “မကြာသေးခင်ကဖြစ်ရပ်တွေကြောင့် လူမှောင်ခိုလမ်းကြောင်းတွေ လုံးဝမငြိမ်သက်ဘူးဆိုတာကို ကျနော်တို့ကောင်းကောင်းသိတယ်။ အာဏာပိုင်တွေကတော့ ဖြိုခွင်းနေကြတယ်လို့ပြောတာပဲ။ ပြီးတော့ သူတို့ရဲ့ လူမှောင်ခိုဖြိုခွင်းမှုဟာ အောင်မြင်ကြောင်း ကျနော်တို့ကို လာယုံခိုင်းနေတယ်” ဟု ဆိုသည်။
 
လွန်ခဲ့သော မတ်လအတွင်းက မလေးရှားနိုင်ငံသို့ တရားမ၀င်ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာအမျိုးသား ၂၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သေးသည်။
 
၂၀၁၅ခုနှစ်အတွင်း ထိုင်း-မလေးရှား နယ်စပ်တစ်လျှောက် တောတွင်းမှ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသော သင်္ချိုင်းများ တွေ့ရှိခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရက လူကုန်ကူးမှုကို အင်တိုက်အားတိုက်နှိမ်နင်းခဲ့သည်။ ထိုင်းအစိုးရ၏ ကြိုးစားအားထုတ်မှုကြောင့် လူကုန်ကူးမှုအဆင့်သတ်မှတ်ချက် အောက်ဆုံးအဆင့်ဖြစ်သော Tier 3 မှ Tier 2 သို့ မနှစ်ကမှ လောလောလတ်လတ် တက်လာခဲ့ခြင်းဖြစ်သည်။
 
Ref: Reuters
ဉာဏ်အလင်း