ဆွာဒီကီယာမီးလောင်မှု မှတ်တမ်းတို

ကဏ္ဍ – Records
 
(စတီဗင်)
 
၂၀၁၃ ခုနှစ် မတ်၊ ဧပြီ လတွေကတော့ မြန်မာမွတ်စလင်တွေအတွက် အမှောင်အတိကျခဲ့တဲ့ နေ့ရက်တွေလို့ ဆိုရင်မှားမယ်မထင်ဘူး။ မတ်လထဲမှာ မိတ္ထီအကြမ်းဖက်မှုကနေ ပဲခူးတိုင်းအနောက်ခြမ်းကို ကူးစက်ခဲ့တဲ့ ပဋိပက္ခမီးကြီး ဟုန်းဟုန်းတောက်လောင်ကျွမ်းခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို ဧပြီလ (၂) ရက်နေ့မှာတော့ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ (၄၈) လမ်းထဲက ဆွာဒီကီယာ ဟာဖိဇ်ကျောင်းမီးလောင်ကျွမ်းခဲ့ပြီး ဟာဖိဇ်ကျောင်းသားလေး (၁၃) ယောက်ကွယ်လွန်ခဲ့ပါတယ်။ သေဆုံးကျောင်းသားလေးတွေဟာ အသက် (၁၃) နှစ်အောက် ကလေးတွေဖြစ်တာကြောင့် ရင်နဲ့မဆန့်အောင်ခံစားခဲ့ကြရပါတယ်။ ကလေးတွေ သေဆုံးခဲ့ရတာတော့ မီးခိုးမွှန်ခြင်းနဲ့ မီးလောင်ဒဏ်ရာရခြင်းတို့ကြောင့်ဖြစ်ပါတယ်။

Credit – Popular News Journal

ဧပြီလ (၂) ရက် မနက် (၂) နာရီ (၄၅) မိနစ်ခန့်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးဟာ (၃) နာရီခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ကျောင်းက နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အပြင်ဘက်မှာ မီးမလောင်ဘဲ အတွင်းဘက်မှာသာ လှိုက်ပြီးလောင်ခဲ့တာပါ။ မီးစလောင်တော့ မီးလောင်မှန်းသိတဲ့ကလေးတွေ အောက်ထပ်ကိုပြေးဆင်းခဲ့ကြပါတယ်။ အောက်ထပ်မှာ ဆီတွေကို တက်နင်းမိပြီး ချော်လဲခဲ့ကြသလို ဓာတ်ဆီနံ့တွေလည်းရခဲ့ကြတယ်လို့ သတင်းမီဒီယာတွေက ရေးသားခဲ့ကြပါတယ်။
 
ဒီကိစ္စဟာ ရှို့မီးလား သို့မဟုတ် ၀ါယာရှော့လားဆိုတာကို အခုအချိန်ထိအောင် အဖြေတိတိကျကျမထွက်လာသေးဘဲ ကြားစကားတွေသာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းက ဘာသာရေးခေါင်းဆောင်များ၊ မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့သွားမယ်လို့ မီးသတ်ဦးစီးဌာနက အဲဒီအချိန်က ပြောခဲ့ပါတယ်။
ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ကျောင်းရဲ့တာဝန်ခံဆရာနှစ်ယောက်ဖြစ်တဲ့ ဦးဇေယျာဖြိုးနဲ့ ဦးခင်မောင်အေးတို့ကို မီးလောင်မှုပုဒ်မ ၂၈၅နဲ့ ထောင်ဒဏ် ၂ နှစ်၊ လူသေမှုပုဒ်မ ၃၀၄ နဲ့ထောင်ဒဏ် ၆ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၈-နှစ်စီ ကျခံစေဖို့ အဲဒီလအတွင်းမှာပဲ အမိန့်ချမှတ်ခဲ့ပြီး အခုအချိန်ထိ ထောင်ကျနေကြဆဲဖြစ်ပါတယ်။
ကလေးငယ် (၁၃) ဦးကို ရေဝေးစွန္နီမွတ်စလင်သုဿာန်မှာ ဒါဖွနာပြု သင်္ဂြိုဟ်ခဲ့ပြီး ဈာပနအခမ်းအနားကို လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။