ဆော်ဒီသွား မြန်မာဘုရားဖူးများကြုံနေရသည့် ကာကွယ်ဆေးထိုးခြင်း ပြဿနာ

မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း မြန်မာပြည်သူပြည်သားအပေါင်း ပျော်ရွှင်စွာရေပက်ကစားဖို့ ပြင်ဆင်နေကြလေပြီ။ အချို့က ကိုးကွယ်ရာဘာသာတရားအလိုက် တရားစခန်းများ၊ ရိပ်သာများဝင်ကြသည်။ အချို့က ပြည်တွင်း/ ပြည်ပ ခရီးသွားဖို့ပြင်ဆင်ကြလေပြီ။ အချို့ကတော့ ပြည်ပဘုရားဖူးခရီးစဉ်များသွားကြသည်။ အစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာနိုင်ငံသားတချို့ကလည်း သင်္ကြန်ပိတ်ရက်ကို အမိအရအသုံးချကာ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာဟ်မြို့သို့ အွမ္မရဟ်ဟုခေါ်သည့် ဘုရားဖူးခရီးစဉ်သွားရောက်လေ့ရှိကြသည်။
 
ဘုရားဖူးသွားသည်ဟု ပြောရလွယ်သလောက် သွားရဖို့ အခက်အခဲတွေအများအပြားကြုံရတတ်သည်။ ပိုက်ဆံရှိသော်လည်း နိုင်ငံကူးလက်မှတ်မရှိ၊ နိုင်ငံကူးလက်မှတ်ရှိသော်လည်း ပိုက်ဆံမလောက်။ အချို့ကျတော့ ပိုက်ဆံရော နိုင်ငံကူးလက်မှတ်ပါရှိပြီး သွားရဖို့ ရေကန်အသင့် ကြာအဆင့်ဖြစ်နေသော်လည်း စိတ်ကသိကအောက် ဖြစ်ရတာမျိုးကြုံရပြန်သည်။ ထိုအခက်အခဲများအနက် အသံကျယ်ကျယ်လောင်လောင်ထွက်လာသည့် တစ်ခုမှာ ကာကွယ်ဆေးထိုးရ အဆင်မပြေခြင်းဟူ၏။
 
မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေးဗျနိုင်ငံသံရုံးက မြန်မာနိုင်ငံမှလာရောက်မည့် ဘုရားဖူးများကို Yellow Fever (ငန်းဝါအဖျားရောဂါ) နှင့် Meningitis (ဦးနှောက်အမြှေးရောင်ရောဂါ) ကာကွယ်ဆေးနှစ်မျိုးထိုးရန် ညွှန်ကြားထား၏။ ယင်းကာကွယ်ဆေးများကို ရန်ကုန်မြို့ရွှေဂုံတိုင်လမ်းရှိ SML ဆေးခန်း၌ထိုးခြင်းကိုသာ သံရုံးက အသိအမှတ်ပြုထားသည်ဟု သိရသည်။
 
“သူတို့ (သံရုံး) ထိုးခိုင်းတဲ့ဟာကတော့ Yellow fever (ငန်းဝါ အဖျားရောဂါ) နဲ့ Meningitis (ဦးနှောက်အမြှေးရောင်ရောဂါ) ကာကွယ်ဆေး အတွက်ထိုးတာပါ။ Flu Vaccine (တုပ်ကွေးကာကွယ်ဆေး) ကတော့ သွားတဲ့လူတွေရဲ့ကျန်းမာရေးအတွက် ကျနော်တို့ မြန်မာနိုင်ငံကဖြစ်တဲ့ Disease (ရောဂါ) အနေနဲ့ဆိုရင် Flu (တုပ်ကွေး) က နည်းနည်းအဖြစ်များတယ်ပေါ့နော်။ အဖြစ်များတဲ့အတွက် ဆန္ဒရှိတဲ့လူတွေဆိုရင် ထိုးလို့ရတယ်လို့ ကျနော်တို့က ရှင်းပြတယ်။ ကာယကံရှင်ဆန္ဒရှိမှထိုးတာ။ ဟိုနှစ်ခုကတော့ Compulsory (မဖြစ်မနေ) ထိုးရတာပေါ့” ဟု SML ဆေးခန်း၏ မန်နေဂျာဖြစ်သူ ဒေါက်တာဇင်ကို က ရှင်းပြသည်။
 
မဖြစ်မနေထိုးရမည့် ကာကွယ်ဆေးနှစ်မျိုးထိုးလျင် အမေရိကန်ဒေါ်လာ ၁၆၅ ဒေါ်လာကျသင့်ပြီး တုပ်ကွေးကာကွယ်ဆေးပါ ထပ်ပေါင်းထိုးပါက ၁၈၀ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။
 
မဖြစ်မနေထိုးရမည့်ဆေးနှစ်မျိုးကိုလည်း ကာယကံရှင်၏ အခြေအနေကိုကြည့်၍ ထိုးသင့်မထိုးသင့် SML က ဆုံးဖြတ်ပေးသေးသည်။ “အဲဒီနှစ်မျိုးသည်လည်း ကျနော်တို့က ဘာကြည့်သေးလဲဆိုတော့ လူက အသက်ကြီးတဲ့လူတွေဖြစ်ရင်ဖြစ်မယ်။ အသက် ၇၀၊ ၈၀ တွေဖြစ်ရင်ဖြစ်မယ်၊ ၆၀ ကျော်ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ Underlying Disease (ရောဂါအခံ) တစ်ခုခုရှိမယ်ဆိုရင် ဆီးချိုတို့ သွေးတိုးတို့ပေါ့။ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ပြထားမယ်။ နောက်တစ်ခါကျရင် လေဖြတ်ဖူးတဲ့လူနာတို့၊ စသဖြင့်ပေါ့။ ဦးနှောက်နဲ့ပတ်သက်ပြီး ခွဲစိတ်မှုပြုထားတဲ့ လူနာမျိုး။ ထိုးဖို့အတွက် မသင့်တော်တဲ့ ကိစ္စမျိုးတွေရှိတဲ့ဟာမျိုးတွေဆိုရင်တော့ ကျနော်တို့က ဆေးစာတွေနဲ့တွဲပြီးတော့ ကင်းလွတ်ခွင့်ပေးပြီး တွဲပြီးတင်ပေးပါတယ်” ဟု ဒေါက်တာဇင်ကိုက ဆက်လက်ရှင်းပြသည်။
 
ကြုံရသည့်အခက်အခဲများ
 
SML ဆေးခန်းတွင် ကာကွယ်ဆေးထိုးရာ၌ အခက်အခဲများကြုံရသည်ဟု စတင်ပြောလာသူက မိသားစုဝင် လေးဦးနှင့်အတူ အွမ္မရဟ်သွားမည့် ဦးမိုဟာမတ်ယာစင် ဖြစ်သည်။ သူက အခုလိုပြောပြသည်။
 
“ကျနော်တို့က မိသားစု ၅ ယောက်။ ကျနော့်အမျိုးသမီးက (ခွဲစိတ်) Operation လုပ်ထားတာဆိုတော့ ထိုးစရာမလိုဘူး။ ကျနော့်သမီးကလည်း ကိုယ်ဝန်ရှိတော့ထိုးစရာမလိုဘူး။ ကျနော့်မြေးလည်းထိုးစရာမလိုဘူး။ ကျနော့်သားနဲ့ ကျနော်နဲ့နှစ်ယောက်ထိုးရတယ်။ ကျနော့်သားက ဒေါက်တာပဲ။ ပထမက သူတို့က သုံးလုံးထိုးမယ်ပြောတော့ ကျနော့်သားက ဒေါက်တာဆိုတော့ နှစ်လုံးထိုးလည်းဖြစ်တယ်ဆိုတော့ ထိုးပေးလိုက်တာပေါ့။ ဒါပေမဲ့ တစ်လုံးပဲထိုးပေးတယ်။ တစ်လုံးထိုးပြီးဘောက်ချာဖွင့်တော့ တစ်ယောက်ကို နှစ်သိန်းလေးသောင်း (၂၄၀,၀၀၀) စွန်းစွန်းကျော်တယ်။ အတိအကျတော့မသိတော့ဘူး။ ကျနော်တို့သားအဖနှစ်ယောက် တစ်လုံးစီထိုးလိုက်တယ်။ ယူတဲ့ပိုက်ဆံကတော့ နှစ်လုံးစာတစ်ခါထဲယူလိုက်တာ”
 
ဦးမိုဟာမတ်ယာစင်ကြုံခဲ့ရသည့်အခက်အခဲမှာ မတ်လ ၁၅ ရက် ၀န်းကျင်တွင်ဖြစ်သည်။ ဆေးခန်းက ကျန်သည့်ဆေး ဒုတိယတစ်လုံးအတွက် ၂၀ ရက်နေ့လောက်ဖုန်းဆက်ရန် ပြောခဲ့သည်။ ဖုန်းဆက်ကြည့်တော့ ဆေးမရောက်သေး။ နည်းနည်းစောင့်ရန်ပြောသည်။
 
“နောက်တစ်ပတ်နေတော့လည်း ဆက်တော့ စကားပြောတာ နည်းနည်းရင့်တယ်ဗျ။ ကျနော်လည်း သိပ်မပြောချင်ဘူးပေါ့ဗျာ။ သူတို့က ပိုက်ဆံလည်းယူထားပြီးပြီဆိုတော့လေ။ အဲဒါနဲ့ ပြန်ချိန်းတာပေါ့ဗျာ။ အဲဒါနဲ့ နောက်လကုန်ထိသူတို့နောက်ဆုံးချိန်းတယ်။ လကုန်တော့လည်း ကျနော်ဖုန်းမဆက်တော့ဘူး။ နောက်တော့ အေးဂျင့်ကပဲ စာရွက်စာတမ်းတွေလာယူပြီးတော့ မထိုးရတဲ့ကလေးရယ်၊ သမီးဟာတွေရယ်ထုတ်ပြီး ကျနော်တို့နှစ်ယောက်ဘောက်ချာကိုတော့ သူတို့က ဗီဇာတင်ရတယ်ဆိုတော့ ယူထားလိုက်တယ်။ ကျနော်က ဗီဇာမရသေးဘူး။ ကျနော့်သားကတော့ရပြီ” ဟု ပြောသည်။
 
ဦးမိုဟာမတ်ယာစင်တို့မိသားစုသည် ဧပြီ (၉) ရက်နေ့တွင် အွမ္မရဟ်ခရီးစဉ်စတင်ထွက်ခွာရတော့မည်ဖြစ်သည်။
 
SML ဆေးခန်း၌ ကြုံရသည့်အခက်အခဲနှင့်ပတ်သက်၍ ဟာဂ်ျခရီးစဉ် စီစဉ်သူတစ်ဦးဖြစ်သူ ဟာဂျီဦးကျော်သိန်းကလည်း အခုလိုပြောသည်။
 
“ကျန်းမာရေးအခြေအနေမကောင်းလို့ ထိုးလို့မရဘူးဆိုပြီးပြောရင်လည်း သူတို့က သက်ဆိုင်ရာဒေါက်တာတွေနဲ့ ကျန်းမာရေးကောင်းမကောင်း၊ ဟုတ်တယ်မဟုတ်ဘူးဆိုတာကို ဒီဟာဂျီတွေကို ပြန်စစ်တယ်လေ။ စစ်ဆေးပြီးရင် စစ်ဆေးခတွေ၊ ဆေးဖိုးဝါးခတွေထပ်ပြီးတော့ယူတယ်။ သွားပြတဲ့လူတွေက ကျနော်တို့ ကျမတို့ကဒေါက်တာတွေရှိပြီးသား၊ ပါရဂူတွေနဲ့ပြနေတာ။ ကျမတို့ကစစ်စရာမလိုဘူး ဆေးစာလည်းပါတယ်၊ အဲဒီတော့ ဒီမှာစစ်ချင်တယ်ဆိုရင် ဒီကပဲ စားရိတ်တာဝန်ယူရမှာပေါ့လို့ပြောတယ်။ သူတို့က အဲဒီလိုလည်းမဟုတ်ဘူး။ သူတို့မသင်္ကာလို့ စစ်လည်းစစ်တယ်၊ စစ်ပြီးသွားရင် အဲဒီစစ်ဆေးခတွေ အကုန်လုံးထပ်ပြီးတော့ ပိုက်ဆံယူတယ်” ဟု ဆိုသည်။
 
SML ဆေးခန်း၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ မကျေနပ်ချက်များကို ရင်ဖွင့်လာသူ နောက်တစ်ဦးက ဟာဂျီစလင်းဘိုင်ဖြစ်သည်။
 
ဟာဂျီစလင်းဘိုင်နှင့်အတူ ဇနီးသည်၊ ညီမနှင့် ယောက်တို့ ကာကွယ်ဆေးထိုးရန်ဆေးခန်းသွားခဲ့သည်။ ညီမဖြစ်သူမှာ ဆီးချိုတက်နေပြီး သွေးတိုးလည်းရှိသည်။ ယောက်ဖဖြစ်သူက သွေးတိုးရောဂါရှိသည်။ ဟာဂျီစလိုင်းဘိုင်ကိုယ်တိုင်က သွေးပေါင်ချိန် ၁၈၀/၁၁၀ ဖြစ်ကာသွေးတိုးနေသည်။
 
“ကျနော့်ကိုဘာရောဂါရှိလဲဆိုတော့ ပြောပြတာပေါ့။ ကျနော့်မှာ နှလုံးသွေးကြောကျဉ်းတယ်။ အသည်းအဆီဖုံးတယ်။ ကျနော်အိန္ဒိယမှာပြထားတယ်။ ဒီဟာတွေအားလုံးယူလာပေးရမလား၊ ပြရမလားဆိုတော့ မဟုတ်ဘူးရပါတယ်တဲ့။ အဲဒီတော့ သူတို့သွေးပေါင်ချိန်တိုင်းတယ်။ သွေးကအရမ်းတိုးနေတယ်။ ၁၈၀/၁၁၀ ရှိတယ်။ အဲဒါကို သူတို့က ကျနော့်ကို တစ်နာရီလောက်ထိုင်ခိုင်းပြီးတော့ သောက်ဖို့အတွက် Amlong 5 (သွေးတိုးကျဆေး) တစ်လုံးပေးလိုက်သည်။ ကျနော်အဲဒါကိုသောက်ပြီးထိုင်နေလိုက်တယ်” ဟု သူကဆိုသည်။
 
ထိုင်ပြီးခဏအကြာ၌ ဟာဂျီစလင်းဘိုင်ကို ECG ဆွဲခိုင်းရာ နှလုံးခုန်နှုန်းမှာ ၁၂၀ ထိအောင်မြန်နေသည်။ ထို့နောက် တစ်နာရီနှင့် တစ်ဆယ့်ငါးမိနစ်ကြာအောင် ထိုင်ခိုင်းပြီးနောက် သွေးပေါင်ပြန်ချိန်ရာ ၁၄၀/၁၀၀ ထိ လျော့လာသည်။ “သူတို့ပြန်ချိန်တဲ့အခါ ၁၄၀/၁၀၀ ရှိတယ်။ ရပါတယ်ဆိုပြီး ဖက်ခနဲထိုးပလိုက်တယ်” ဟု ဟာဂျီစလင်းဘိုင်က ပြောသည်။
 
၎င်း၏ညီမဖြစ်သူကိုလည်း ခွဲစိတ်ဖူခြင်းရှိလားဟုမေးရာ ခွဲစိတ်မှုနှစ်ခါလုပ်ဖူးကြောင်း၊ ကလေးမွေးထားဖူးကြောင်း၊ ဆီးချိုရောဂါလည်းရှိကြောင်း ပြောသော်လည်း ရတယ်ဟုဆိုကာ ဆေးထိုးပေးလိုက်သည်ဟု သိရသည်။
 
“အဲဒီထိုးပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ ခေါင်းလည်းမူးတယ်။ တစ်မျိုးကြီးပဲ။ အန်ချင်သလိုတွေဘာတွေဖြစ်တယ်။ ဆေးကတော့ နှစ်လုံးပဲထိုးတယ်။ တစ်လုံးကျန်တယ်။ Yellow Fever က မထိုးရသေးဘူး” ဟု သူက ဆက်ပြောသည်။
 
ထိုးစရာဆေးပြတ်
 
မဖြစ်မနေထိုးရသည့် ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးဖြစ်သည့် Yellow Fever ကာကွယ်ဆေးကို တင်သွင်းရသည့် ကုမ္ပဏီသည် သက်ပိုင်စိုးကုမ္ပဏီဟု ဒေါက်တာဇင်ကို က ပြောသည်။ သို့ရာတွင် ဆော်ဒီသို့ အွမ္မရဟ်သွားမည့် ဘုရားဖူးများအား ဆေးထိုးရမည့်လတွင် ယင်းကာကွယ်ဆေးမှာ အကြောင်းကြောင်းကြောင့် ရောက်မလာခဲ့ပေ။
 
“သက်ပိုင်စိုးက ကျနော်တို့ တစ်ဦးထဲမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးကို သွင်းတဲ့ဥစ္စာ ဒီတစ်ခေါက်မှာပေါ့နော်။ ဒီလအတွက် ဒီလအတွက် Shipment (ကုန်ပစ္စည်း) က အကြောင်းကြောင်းကြောင့်မရောက်တဲ့အတွက်ကြောင့်မိုလို့ မဖြစ်တော့တာပါ။ သက်ပိုင်စိုးကုမ္ပဏီကလည်း ကျနော်တို့ကို Officially (တရားဝင်) စာပို့ထားတယ်လေ။ အဲဒီစာလေးလည်း ကျနော်တို့က ပြထားတယ်” ဟု ဒေါက်တာဇင်ကိုက ဆိုသည်။
 
ပိုက်ဆံမှာ ဆေးနှစ်မျိုးထိုးသူအတွက် နှစ်မျိုးစာ၊ သုံးမျိုးထိုးသူအတွက် သုံးမျိုးစာ တွဲပြီးကောက်ထားတာကြောင့် Yellow Fever ကာကွယ်ဆေး မထိုးနိုင်သည့်အခါ ဆေးခန်းမှ ငွေပြန်အမ်းပေးကြောင်းလည်း သူက ပြောသည်။
 
SML ဆေးခန်းမှ ကာကွယ်ဆေးအချိန်မီမထိုးပေးနိုင်၍ ငွေပြန်အမ်းသော်လည်း မကျေနပ်မှုများ ထွက်လာခဲ့သည်။
 
ဟာဂျီဦးကျော်သိန်းက “ပိုက်ဆံတော့အပြည့်ယူလိုက်တယ်။ တစ်ခါထဲ ၃လုံးစာ (ဒေါ်လာ) ၁၈၀ အပြည့်ယူတယ်။ ပြီးရင်ဟိုနေ့ရောက်မယ်ဒီနေ့ရောက်မယ်ဆိုပြီး ရက်ရွှေ့သွားတယ်။ ပြီးတော့မရောက်လာဘူး။ ငွေပြန်အမ်းမယ်လို့တော့ပြောတယ်။ နောက်ပြီးတော့ ဘယ်ဆေးက ဘယ်ဈေးဘယ်ဈေးဆိုတာလည်း ခွဲခြားပြီး အသိပေးထားတာမရှိဘူး” ဟု ပြောသည်။
 
ဆေးသုံးလုံးထိုးပြီး ဒေါ်လာ ၁၈၀ ကျသင့်သည့် ဟာဂျီစလိုင်းဘိုင်ကလည်း ၎င်းအားထိုးသည့်ဆေးကို ပြရန်တောင်းဆိုရာ မပြကြောင်း၊ ဆေးထိုးအပ်ထဲတစ်ခါထဲစုပ်ပြီးယူလာကြောင်းပြောသည်။ “ကျနော့်ကိုဆေးပုလင်းပြပါ။ ကျနော်ဓာတ်ပုံရိုက်ချင်လို့ဆိုပြီးပြောတယ်။ ဘာဆေးလဲဆိုတာ ကျနော်လည်းသိချင်တယ်လေ။ သူတို့ကမပြဘူး။ ဘာလုပ်ဖို့လဲတဲ့” ဟု သူကြုံတွေ့ခဲ့ရပုံကို ပြောသည်။
 
ဆေး၏ဈေးနှုန်းတစ်ခုချင်းစီကိုရေးပေးရန်ပြောသော်လည်း မရေးပေးခဲ့ကြောင်း၊ နောက်ဆုံးကောင်တာတွင်မေးသော်လည်း ခပ်ရင့်ရင့်တုံ့ပြန်ခံရကြောင်းသိရသည်။ သူကအခုလိုဆက်ပြောသည်။
 
“အမှန်မှန်ဆေးထိုးတယ်ဆိုတာ ဘယ်ဆေးကဘယ်လောက်၊ သူတို့ Charges က ဘယ်လောက်။ ဥပမာထိုးခ။ Charges က ၁၀၀၀၀ ဆိုရင် ၁၀၀၀၀ သူတို့ထည့်ရေးပေးရမှာပေါ့။ ကျနော်က အဲဒါမေးတာကို သူတို့က စကားပြောတာနည်းနည်းရင့်တယ်။ သူတို့ဆေးထိုးပေးမှပဲ ကျနော်တို့ ဗီဇာရမယ့်ပုံစံကျနော့်ကိုပြောတယ်။ ဒီစာအုပ်ရမှဗီဇာရမှာတဲ့။ နောက်ပြီးသူတို့ဘောက်ချာမှာ သဘာဝမကျတာက ဆေးရဲ့အမျိုးအစားနဲ့ ဈေးနှုန်းကဘယ်လောက်ဆိုတာကို သူတို့ရေးရမယ်”
 
Yellow Fever ကာကွယ်ဆေးအတွက် ဒေါ်လာ ၆၀ စီ ငွေပြန်အမ်းခဲ့ပေးကြောင်း ဟာဂ်ျနှင့်အွမ္မရဟ်ခရီးစဉ်စီစဉ်သူ ဦးမျိုးစန်းကပြောသည်။
 
သံရုံးမှညွှန်ကြားထားသည့် မထိုးမဖြစ် Yellow Fever ဆေး ပစ္စည်းပြတ်လပ်ခြင်းကြောင့် ဗီဇာရမရဆိုသည်မှာ သံရုံးနှင့်သာ သက်ဆိုင်သည်ဟု ဒေါက်တာဇင်ကိုက ရှင်းပြသည်။ “သံရုံးကိုတော့ ကျနော်တို့က ပြန်တင်ပြရတာပေါ့။ သူတို့အဲဒါတွေကို ဆွေးနွေးပြီး ဗီဇာက ဘယ်လိုသွားလဲတော့ကျနော်မသိဘူး။ အဲဒါတော့ သံရုံးရဲ့ Responsibility (တာဝန်)ပေါ့နော်။ ကျနော်တို့ အဲဒါတော့ သေချာမသိဘူး” ဟု သူကပြောသည်။
 
Yellow Fever မထိုးရသော်လည်း သံရုံးမှ ဗီဇာများထုတ်ပေးခဲ့ကြောင်းကို ဦးမျိုးစန်းက အတည်ပြုပေးခဲ့သည်။
 
ယခုနှစ်အတွင်း ဧပြီ ၅ ရက်မှ ၁၃ ရက်အတွင်း အွမ္မရဟ်သွားသူပေါင်း ၁၅၀၀ ကျော်ရှိခဲ့ပြီး သင်္ကြန်အတွင်းမဟုတ်ဘဲ ဟာဂ်ျဘုရားဖူးရာသီ၌ ဟာဂ်ျသွားသူလူဦးရေမှာ ပုံမှန်အားဖြင့် ၅၀၀၀ ၀န်းကျင်ရှိတတ်ဟု ဦးမျိုးစန်းက ဆိုသည်။
 
“တစ်နေရာမှာဆေးပြတ်သွားတယ်ဆိုရင် နောက်တစ်နေရာမှာ အဆင်ပြေမှာပေါ့။ အခုက ဒီမှာဆေးမရှိရင်မထိုးဘဲ သွားရသလိုဖြစ်နေတယ်။ ဒါက သင်္ကြန်အွမ္မရဟ်ချည်းပဲ။ ဟာဂ်ျဆိုရင် အဲဒီလူအားလုံးကို တစ်နေရာထဲမှာ ထိုးတယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူး” ဟု ဦးမျိုးစန်းက ဝေဖန်ပြောဆိုသွားခဲ့သည်။
 

ကာကွယ်ဆေးအမျိုးအစားနှင့် တစ်ခုချင်းစီ၏ဈေးနှုန်းများကို ခွဲခြားရေးသားထားခြင်းမရှိသည့်ဘောက်ချာဖြတ်ပိုင်း

ဉာဏ်အလင်း
 
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1