အရေးအကြီးဆုံးကို အရင်ဆုံးလုပ်

ကဏ္ဍ – Reflections
ဒီဇာတ်လမ်းလေးကို သေချာစဉ်းစားကြည့်ပါ။
 
တောကြီးမျက်မည်းထဲမှာ ဇီးရှိတဲ့ သမင်မက မီးဖွားခါနီးဆဲဆဲပေါ့။ ဒါနဲ့ မြစ်အနီးက မြက်တောဟာ သူ့အတွက် လုံခြုံနိုင်ဖွယ်ရာရှိတယ်လို့ တွေးရင်း တဖြည်းဖြည်းလျှောက်သွားနေတယ်။ ဒီလိုသွားနေတုန်း မွေးခါနီးဆဲဆဲဆိုတော့ ဗိုက်က အသည်းအသန်နာလာပါလေရော။ တစ်ချိန်ထဲမှာပဲ မိုးတိမ်တိုက်တွေ မည်းတက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျသွားတယ်။ လျှပ်စီးကလည်းလက်၊ မိုးကြိုးတွေကလည်းခြိမ်းပြီးတဲ့နောက် တောမီးစလောင်ပါတယ်။ သမင်မက သူ့ရဲ့ဘယ်ဘက်ကိုကြည့်လိုက်တော့ အဝေးကနေ မြားနဲ့ချိန်ထားတဲ့ မုဆိုးတစ်ယောက်ကို တွေ့ရတယ်။ ဒါနဲ့ ညာဘက်ကို ခြေဦးလှည့်ဖို့ပြင်တော့ ဗိုက်ဆာနေဟန်ရှိတဲ့ခြင်္သေ့က သူ့ဆီဦးတည်လာနေတယ်။
 
ပုံသေမဟုတ်သော ဖြစ်နိုင်ချေ သီအိုရီ (Stochastic Probability Theory) – ဇီးရှိတဲ့သမင်မဇာတ်လမ်း
 
ဇီးရှိတဲ့သမင်မတစ်ကောင်ဟာ မီးဖွားခါနီးဆဲဆဲဗိုက်နာရင် ဘာလုပ်နိုင်ပါသလဲ?
စာရှုသူအနေနဲ့ရော ဒီဇာတ်လမ်းဘာဆက်ဖြစ်မယ်ထင်ပါသလဲ?
သမင်မအသက်ရှင်ပါ့မလား?
သမင်ပေါက်လေးကို အောင်အောင်မြင်မြင်မွေးနိုင်ပါ့မလား?
အဲဒီသမင်ပေါလေးကရော အသက်ရှင်ပါ့မလား?
တောမီးက အကုန်လုံးကို လောင်သွားလေမလား?
အဲဒီအချိန်အခိုက်အတန့်မှာ…?
သမင်မဟာ ဘယ်ဘက်ကိုသွားလို့ရပါ့မလား? မုဆိုးကလည်း သူ့ကိုမြားနဲ့ချိန်ထားတယ်။
သမင်မဟာ ညာဘက်ကိုသွားလို့ရပါ့မလား? ဗိုက်ဆာနေတဲ့ ခြင်္သေ့ထီးကြီးတစ်ကောင် ချဉ်းကပ်လာနေတယ်။
အပေါ်ဘက်ကိုရော သွားနိုင်ပါ့မလား? တောမီးက တဟုန်းဟုန်းတောက်နေလေပြီ။
အောက်ဘက်ကိုရော လာနိုင်ပါ့မလား? ရေစီးသန်တဲ့မြစ်ထဲ မျောပါသွားနိုင်တယ်။
အဖြေ။ သမင်မကြီးဘာမှမလုပ်ဘူး။ ဘယ်ကိုမှလည်းမသွားပါဘူး။ သူလက်ရှိရပ်နေတဲ့နေရာမှာပဲ အသက်တစ်ချောင်းကို လောကထဲအရောက်ပို့ဖို့သာ အာရုံစိုက်နေပါတယ်။
 
အဲဒီအချိန်မှာ ဘာတွေဆက်ဖြစ်သွားသလဲ…။ ကံကြမ္မာအလှည့်အပြောင်းဟာ ထူးခြားဆန်းကျယ်လှပါတယ်။
 
အဲဒီအခိုက်အတန့်လေးမှာ လျှပ်စီးအတွဲလိုက် ပြက်ခနဲ လက်သွားတော့ မုဆိုးမျက်လုံးပြာထွက်သွားတယ်။ ပြီးတော့ လက်ထဲက မြားကိုအမှတ်မထင်ပစ်လွှတ်မိသွားတယ်။ မြားဟာ သမင်ကိုမမှန်ဘဲ ချော်ပြီး ခြင်္သေ့ကိုထိသွားတာကြောင့် ခြင်္သေ့ကြီးခမျာ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ တစ်ချိန်ထဲမှာပဲ မိုးအကြီးအကျယ်ရွာချလိုက်တာကြောင့် တောမီးလည်း တမဟုတ်ချင်း ငြိမ်းသွားတယ်။ အဲဒီနောက်မှာတော့ သမင်မကြီးဟာ ကျန်းမာသန်စွမ်းတဲ့ သမင်ပေါက်လေးကို မွေးဖွားလိုက်ပါတော့တယ်။
 
ဘ၀မှာ ဆိုခဲ့တဲ့ဇာတ်လမ်းထဲကလို ဘယ်ဘက်ကတွေးတွေးမလွတ်တဲ့ ဘေးကျပ်နံကျပ်အနေအထားမျိုးတွေနဲ့ ရင်ဆိုင်ရတတ်လေ့ရှိပါတယ်။ အဲဒီလိုအတွေးတွေဟာ ကျနော်တို့ရဲ့စဉ်းစားတွေးခေါ်ခြင်းကို ပိတ်ဆို့လိုက်ပြီး အဖြေရှာမရအောင်ဖြစ်တတ်ပါတယ်။ ဆိုတော့ … အဲဒီလိုအခြေအနေမျိုးကြုံလာပြီဆိုရင် ဘယ်ဆုံးဖြတ်ချက်ကိုမှ အလောတကြီးမချပါနဲ့။ မိမိကိုယ်ကိုယ် အဆုံးသတ်လှပသွားတဲ့ ဇီးရှိတဲ့သမင်မနေရာကိုဝင်ကြည့်ပါ။ ဒီဘ၀မှာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။
 
အကယ်လို့ စာရှုသူဟာ ဘာသာရေးကိုင်ရှိုင်းသူပဲဖြစ်ဖြစ်၊ အယူသည်းသူပဲဖြစ်ဖြစ်၊ ဘာသာမဲ့ပဲဖြစ်ဖြစ်၊ ဖန်ဆင်းရှင်ရှိတာမရေရာမသေချာသူပဲဖြစ်ဖြစ် … အို … ဘယ်လိုလူပဲဖြစ်ပါစေ၊ ဆိုခဲ့တဲ့ ဇာတ်လမ်းထဲက အဖြစ်အပျက်မျိုးကို ဖန်ဆင်းရှင်ရဲ့တန်ခိုးအာနုဘော်၊ ယုံကြည်သက်ဝင်ခြင်း၊ ရုတ်တရက်ကံကောင်းထောက်မခြင်း၊ ကြုံတောင့်ကြုံခဲအခွင့်ထူးကြုံခြင်း (မုတ်ဆိတ်ပျားစွဲခြင်း)၊ တိုက်ဆိုင်ခြင်း သို့မဟုတ် ဘာကြောင့်ဖြစ်မှန်းမသိဘူးပဲဖြစ်ဖြစ် စသဖြင့်စသဖြင့် ကိုယ်သန်ရာသန်ရာ ကြိုက်သလို သတ်မှတ်လို့ရပါတယ်။ ခံစားရတဲ့ ခံစားချက်ကတော့ အားလုံးအတူတူပဲဖြစ်မှာ သေချာပါတယ်။
 
ဒါပေမဲ့ ဘယ်သူတွေဘယ်လိုပဲ သတ်မှတ်ကြပါစေ၊ ဒီဇာတ်လမ်းထဲမှာ သမင်မကြီးကောင်းမွန်စွာသားမွေးနိုင်ဖို့ကသာ အရေးအကြီးဆုံးလို့ သတ်မှတ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်တစ်ချောင်းဟာ အင်မတန် တန်ဖိုးကြီးမားလို့ပါ။
 
စာရှုသူဟာ သမင်မပဲဖြစ်ဖြစ် လူသားတစ်ယောက်ပဲဖြစ်ဖြစ်ပါ။ အဓိကကတော့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်ကို နှလုံးသွင်းထားပြီး လုပ်သင့်လုပ်ထိုက်တာကို အရင်ဆုံးလုပ်ပစ်လိုက်ဖို့ အရေးအကြီးအဆုံးပါပဲ။
 
(Nullaရေးသည်)
 
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1