မွတ်စလင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ဗုဒ္ဓဘာသာအစွန်းရောက်အဖွဲ့ဝင်တစ်ဦးအား သီရိလင်္ကာရဲတပ်ဖွဲ့က ပထမဆုံးအကြိမ်အဖြစ်ဖမ်းဆီး

ချာခ်ျဘုရားကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များနှင့် မွတ်စလင်ပိုင် စီပွားရေးလုပ်ငန်းများအား ဖျက်ဆီးခဲ့ခြင်းနှင့် ဆက်စပ်နေသည့် နိုင်ငံတကာ၏ အာရုံစိုက်မှုကိုခံလာရသော အစွန်းရောက်ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအား သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြသည်။
 
အစွန်းရောက်အတွေးအခေါ်များဖြင့် အခြေခံဖွဲ့စည်းထားသော ဗောဓု-ဗလ-သေန ဟု အသံထွက်ပြီး BBS ဟု အများသိသော (Bodu Bala Sena) အဖွဲ့ဝင် အသက် ၃၂ နှစ်အရွယ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကို မွတ်စလင်များကို ဦးတည်ကာ မီးရှို့တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစသ်ည်။ BBS အဖွဲ့ကို ဗုဒ္ဓဘာသာအင်အားစုအဖွဲ့ဟုလည်း ခေါ်ပြီး ဘာသာရေးတင်းမာမှုများဖန်တီးကြောင်း သိရသည်။
 
ဧပြီမှစတင်သည့် မွတ်စလင်အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဗလီများနှင့် သုဿာန်တစ်ခုကို မီးရှို့တိုက်ခိုက်သော အဓိကအဖြစ်အပျက် ၁၆ ခုနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပရီယန်သား ဂျယာကိုဒီက ပြောကြားသည်။
 
“ဒီလိုရာဇဝတ်မှုမျိုးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဆောင်ရွက်သွားပါမယ်” ဟု သူက သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်။
 
ယခုဖမ်းခံလိုက်ရသူသည် အဆိုပါ အစွန်းရောက်အဖွဲ့၏ခေါင်းဆောင် ဂလာဂိုဒက်တီး ဂနန်ဆာရ (Galagodaatte Gnanasara) ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သည်။ အထူးရဲတပ်ဖွဲ့ လေးဖွဲ့က လိုက်လံဖမ်းဆီးလျက်ရှိသော အဖွဲ့ခေါင်းဆောင် ဂနန်ဆာရကမူ လွန်ခဲ့သည့် မေလကတည်းက ဝရမ်းပြေးအဖြစ် ကိုယ်လွတ်ရုန်းထွက်ပြေးသွားပြီဖြစ်ကြောင်းသိရသည်။ ဂနန်ဆာရသည် မွတ်စလင်များအား သတ်ဖြတ်ခြင်း၊ မွတ်စလင်ပိုင်နေရာထိုင်ခင်းများအား မီးရှို့ခြင်း၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကိုယ်လွတ်ရုန်းထွက်ပြေးနေသော BBS အဖွဲ့ခေါင်းဆောင် ဝရမ်းပြေး ဂနန်ဆာရ

လွန်ခဲ့သော ၂၀၁၄ ခုနှစ် အလယ်လောက်ကလည်း မွတ်စလင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် BBS အဖွဲ့၏ လုပ်ရပ်ကြောင့် လူလေးဦး သေဆုံးခဲ့ရသေးသည်။ BBS ၏လုပ်ရပ်များသည် အမုန်းတရားအခြေခံသော ရာဇဝတ်မှုများဖြစ်သောကြောင့် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူဖို့ အင်မတန်အရေးကြီးကြောင်းကို ကိုလံဗိုရှိ ဥရောပသမဂ္ဂသံတမန်ခေါင်းဆောင် Tung-Lai Margue က တိုက်တွန်းပြောဆိုထားသည်။
 
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော သီရိလင်္ကာနိုင်ငံတွင် မွတ်စလင် လူဦးရေ ၁၀ ရာခိုင်နှုန်းသာရှိသည်။

၂၀၁၄ ခုနှစ်၌ သီရိလင်္ကာနိုင်ငံတွင်ကျင်းပသော Conference တစ်ခုသို့ တက်ရောက်သည့် ဦးဝီရသူအား ကိုလံဘိုလေဆိပ်တွင်ခရီးဦးကြိုပြုနေသော BBS ခေါင်းဆောင်များ

 
Ref: AFP

အတွဲ (၁) အမှတ် (၆) ကို Download ရယူရန်

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7