ဖန်ဆင်းရှင် ဂုဏ်ပေးချင်၊ ဘယ်သူတားလို့ရနိုင်လိမ့်

ကဏ္ဍ – Quran

(M.အောင်မြတ်ဦး)

(အို-နဗီ) အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူအား တန်ခိုးအာဏာကိုပေးသနားတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူ၏ထံမှ သြဇာအာဏာကို ပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ ထိုနည်းအတိုင်းပင် အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။

ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏ လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။ (အိမ်ရာန်မျိုးနွယ်ကဏ္ဍ – ၃း၂၆)

စကြဝဠာတစ်ခုလုံးဟာ တစ်ပါးတည်းတည်ရှိတော်မူသော အရာအားလုံးကိုစိုးပိုင်တော်မူသော ကြီးကျယ်မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင်မြတ်သခင်ရဲ့အမိန်နဲ့လည်ပတ်နေခြင်းဖြစ်ပါတယ်။ ကမ္ဘာဦးအစကနေ ယနေ့ အထိ၊ ယနေ့ ကနေ ကမ္ဘာပျက်မည့်နေ့ အထိ ဖြစ်ပျက်ခဲ့သမျှ ဖြစ်ပျက်နေဆဲ ဖြစ်ပျက်နေဦးမည့် ကိစ္စအဝဝဟာလည်း အလ္လာဟ်အရှင်မြတ်သခင်ရဲ့စီမံခန့်ခွဲမှုအတိုင်း ဖြစ်ပါတယ်။

နေပူခြင်း၊ မိုးရွာခြင်း၊ နေထွက်ခြင်း၊ နေဝင်ခြင်း၊ နေကြတ်ခြင်း၊ လကြတ်ခြင်း စတဲ့ကိစ္စတွေ သစ်ပင်ဝါးပင်တွေရဲ့ ရှင်သန်မှုတွေ လယ်ယာစိုက်ခင်းတွေရဲ့အကျိုးဖြစ်ထွန်းမှုတွေ၊ ကောက်ပဲသီးနှံတွေရဲ့ပေါက်ရောက်မှုတွေ၊ ရာသီဥတုတွေရဲ့လည်ပတ်မှုတွေ၊ နေ့ညအချိန်တွေရဲ့ရွှေ့လျားမှုတွေ၊ ပင်လယ်သမုဒ္ဒရာတွေရဲ့နက်ရှိုင်းမှုတွေ စတဲ့ အလုံးစုံလည်ပတ်မှု ကြီးထွားမှု ရှင်သန်မှုတွေ အားလုံး အားလုံးဟာလည်း တစ်ပါးတည်း တည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်သခင်ရဲ့အမိန့်တော်အတိုင်းပဲဖြစ်ပါတယ်။

ထို့အတူ လောက ဒွန်နယာမှာ လူသားတွေရဲ့ဆင်းရဲမှု၊ ချမ်းသာမှု၊ အာဏာရရှိမှု၊ အာဏာဆုံးရှုံးမှု၊ ဂုဏ်သိက္ခာကျဆင်းမှု၊ ဂုဏ်သိက္ခာပျက်ပြားမှုတွေဟာလည်း အလ္လာဟ်အရှင်မြတ်သခင်ရဲ့အလိုတော်အတိုင်းသာဖြစ်ပါတယ်။ လူတစ်ယောက်ကို အလ္လာဟ်အရှင့်ဘက်က အုပ်ချုပ်မှုအာဏာပေးချင်ပြီဆိုရင် ထောင်ထဲမှာနေထိုင်နေရတဲ့ နဗီတမန်တော်ယူစွဖ် အလိုင်ဟိစ္စလာမ်ကို နန်းတော်ထဲပို့ပြီး အုပ်ချုပ်အာဏာပေးခဲ့သလို လူတစ်ယောက်ဆီကနေ အုပ်ချုပ်မှုအာဏာ ပြန်ယူချင်ပြီဆိုရင် နန်းတော်ထဲမှာရှိနေတဲ့ နမရူးဒ်ဘုရင်ဆိုးဆီကနေ အုပ်ချုပ်မှုအာဏာကို ပြန်ယူပြခဲ့ပါတယ်။

လူတစ်ယောက်ကို အရှင့်ဘက်က သိက္ခာပေးချင်ပြီဆိုရင် လူသားတွေဝိုင်းဝန်းပြီး ဘယ်လောက်သိက္ခာချချ အဲဒီလူဟာ ဘယ်တော့မှ သိက္ခာကျမှာမဟုတ်ပါဘူး။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့ နယ်မှာနေထိုင်တဲ့ ငုံးဥသည် ဒါဝူဒ်ဘိုင်ဟာ ဒီစီမံကိန်းရဲ့အကြီးမားဆုံး သက်သေဖြစ်ပါတယ်။ မသမာသူတွေက ရိုးရိုးသားသားငုံးဥရောင်းစားနေတဲ့ ဒါဝူဒ်ဘိုင်ကို လမ်းမပေါ်ကနေ မောင်းထုတ်ခဲ့ပေမယ့် အလ္လာဟ်အရှင်အမြတ်သခင်ကတော့ ဒါဝူဒ်ဘိုင်ရဲ့အဆင့်ကို အဲဒီနေရာကနေ စတင်မြင့်ပေးပါတော့တယ်။

သူတို့ ကတော့ ဒါဝူဒါဘိုင်ကို သိက္ခာပျက်ပြားအောင်ပြုလုပ်ပေမယ့် ဘာသာပေါင်းစုံမှ လူသားဝါဒမျက်မှောက်ပြုတတ်ပြီး လူကိုလူလိုမြင်တတ်တဲ့ ညီအစ်ကိုများကတော့ တက်တက်ကြွကြွ ဒါဝူဒ်ဘိုင်ဆီ ရောက်ရှိသွားပါတော့တယ်။ တချို့ ဆို ဒါဝူဒ်ဘိုင်အိမ်အထိ အရောက်လှမ်းပြီး မသမာသူတွေလုပ်ရပ်ကြောင့် နှလုံးသားဒဏ်ရာရနေတဲ့ ဒါဝူဒ်ဘိုင်ကို နှစ်သိမ့်ပေးခဲ့ပါတယ်။ ရက်ပိုင်းအတွင်း အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ရုံးချုပ်က ဒါဝူဒ်ဘိုင်ကို ရုံးချုပ်အထိ ဖိတ်ကြားဂုဏ်ပြုပြီး အလှူငွေတွေသိန်းချီပေးအပ်ခဲ့ပါတယ်။ အခမ်းအနားသေးသေးလေးတစ်ခုပြုလုပ်ပေးပြီး ပါတီရဲ့ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါဝူဒ်ဘိုင်တို့ မိသားစုလေးကတော့ အရှင်မြတ်ကျေးဇူးနဲ့ ဘာသာပေါင်းစုံမှ သူငယ်ချင်းမိတ်ဆွေများရဲ့ပံ့ပိုးကူညီိမှုကြောင့် လတ်တလော စားဝတ်နေရေးအတွက် ပူစရာမလိုတော့တဲ့ အပြင် သိုသိုသိပ်သိပ် လူမသိသူမသိ မြို့ သစ်ပျံကျရပ်ကွက်လေးမှာနေထိုင်တဲ့ ဒါဝူဒ်ဘိုင်တစ်ယောက် နိုင်ငံတကာမီဒီယာ စာမျက်နှာတွေထက်အထိ ရောက်ရှိပြီး တစ်ကမ္ဘာလုံးမှာကော မြန်မာပြည်တစ်ဝန်းမှာပါ အားလုံးက ကရုဏာအရှူနဲ့ ကြည့်ခြင်းကို ခံခဲ့ရပါတယ်။

အချုပ်ကတော့ အရှင်မြတ်သခင် ဂုဏ်သိက္ခာပေးချင်ြပီဆိုရင် မည်သူမှ တားမြစ်လို့ ရမှာမဟုတ်ပါဘူး။

===================

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT
pCloud – http://bit.ly/2gTFG2h