ဆိုနင်ကီလူမျိုးစု (Soninke People)

ကဏ္ဍ – Ethnic Groups

(ရာဇာ)

ဆိုနင်ကီလူမျိုးများသည်ရှေးခေတ် ဂါနာအင်ပါယာ (၇၅၀-၁၂၄၀CE) ထူထောင်သူများဖြစ်ကြသည်။ ယခုအခါ ဆိုနင်ကီလူမျိုး ၂ သန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ၎င်းတို့သည် ဆီနီဂေါအရှေ့ပိုင်းနှင့် မြို့တော် ဒါကာ၊ မာလီအနောက်မြောက်ပိုင်း၊ ဂီနီယာ၊ မော်ရီတေးနီးယား အစရှိသည့် အာဖရိကနိုင်ငံများတွင်နေထိုင်သည်။ မာရာကာ (Maraka) ဆိုသည့် ဘာသာစကားကို ပြောဆိုသုံးစွဲကြသည်။

နိဒါန်း

ဆိုနင်ကီအားလုံးနီးပါးမှာ မွတ်စလင်များဖြစ်ပြီး အနောက်အာဖရိက ဆာဟာရအောက်ပိုင်းဒေသတွင် အစ္စလာမ်ကို အစောဆုံးလက်ခံခဲ့သည့် အုပ်စုများအနက်ပါဝင်သည်။ ၁၀ ရာစုဝန်းကျင်တွင် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့သူများဖြစ်သည်။ ဆိုနင်ကီတို့တွင် မာရာကာ (Maraka) နှင့် ဝန်ဂရာ (Wangara) ဟူ၍ မျိုးနွယ်ခွဲများရှိသည်။

ဂါနာအင်ပါယာကြီးပြိုကွဲချိန်၌ ဆိုနင်ကီလူမျိုးများသည် မာလီ၊ ဆီနီဂေါ၊ မော်ရီတေးနီးယား၊ ဂမ်ဘီယာ၊ ဘာကီနာဖာဆိုနှင့် ဂီနီယာ-ဘစ်ဆောင်းနိုင်ငံများသို့ ပြန့်ကြဲသွားခဲ့ပြီး ၎င်းတို့အနက်မှ ကုန်သွယ်ရေးကြောင့် ရွှေ့ပြောင်းနေထိုင်ကြသူများကို ဝန်ဂရာဟု ခေါ်ကြသည်။ မာရာကာဆိုနင်ကီတို့သည် ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ကိုင်သူများဖြစ်ကြသည်။ ထို့အပြင် မာရာကာသို့သည် အနောက်အာဖရိကဒေသအတွင်း ကုန်သွယ်ရေးလမ်းကြောင်းများ ဖောက်လုပ်ခဲ့သူများလည်းဖြစ်သည်။

သမိုင်းဦးကာလ

မော်ရီတေးနီးယားနိုင်ငံတောင်ပိုင်း ကျောက်တောင်ဒေသများတွင် ဆိုနင်ကီတို့သည် ဟိုးရှေးရှေးသမိုင်းဦးကာလကတည်းက အခြေချနေထိုင်ခဲ့ကြောင်းကို ကျောက်အငူပေါ်၌ ဆောက်လုပ်ခဲ့သော အဆောက်အအုံလက်ကျန်လက်ရာများက ညွှန်းဆိုနေသည်။ ၎င်းတို့သည် မည်သည့်ပင်မမျိုးနွယ်အုပ်စုမှဆင်းသက်လာသည်ဆိုသည်ကိုမူ အတိအကျညွှန်းဆိုသည့် သမိုင်းအထောက်အထား မှတ်တမ်းများမရှိပေ။ သို့ရာတွင်အဆိုပါဒေသအတွင်း BCE ၁၀၀၀ နှင့် BCE ၆၀၀ ကာလကတည်းက ဆိုနင်ကီလူမျိုးများနေထိုင်ခဲ့ကြောင်း အတည်ပြုထားသည်။ သမိုင်းဦးအချိန်ကာလအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ကိုင်နိုင်သည်အထိ ဖွံ့ဖြိုးခဲ့သော လူ့အသိုင်းအဝိုင်းတစ်ခုအဖြစ် မှတ်တမ်းဝင်ထားသည်။

ဆိုနင်ကီလူမျိုးများ၏ ပါးစပ်ရာဇဝင်အရ ၎င်းတို့သည် အရှေ့အလယ်မှာလာရောက်ခဲ့သော ဒင်ဂါ (Dinga) ဆိုသူထံမှ ဆင်းသက်လာခဲ့သည်ဆို၏။ ဒင်ဂါကြီး၏ သားနှစ်ဦးဖြစ်သော ဒိုင်ယာဘီ (Dyabe) နှင့် ဆစ်စေး (Sisse) တို့သည် ကွမ်ဘီ (Kumbi) ကိုမြို့တော်အဖြစ်သတ်မှတ်ကာ ဝဂဓူနိုင်ငံကြီး (Wagadu kingdom) ထူထောင်ခဲ့သည်ဆို၏။

ဆိုနင်ကီတို့၏ စာပေဖြင့်မှတ်တမ်းတင်ထားသော သမိုင်းကို အစ္စလာမ့်ခေတ်ဦး သမိုင်းပညာရှင်များ၏ မှတ်တမ်းများတွင် တွေ့နိုင်သည်။ ယင်းမှတ်တမ်းများအရ ဆိုနင်ကီတို့သည် ဝဂဓူဟုလည်း ခေါ်တွင်သော ရှေးဟောင်းဂါနာအင်ပါယာ (ခေတ်သစ်ဂါနာနိုင်ငံမဟုတ်ပါ) ကို ထူထောင်ခဲ့သူများဖြစ်ကြောင်း သိနိုင်၏။ ထိုအင်ပါယာကို ၅ ရာစုတွင်စတင်တည်ထောင်ခဲ့သော်လည်း ၁၀ ရာစုတွင် ယင်းဒေသကို မွတ်စလင်တို့အောင်မြင်သိမ်းပိုက်ခဲ့သောကြောင့် ၁၂ ရာစုအရောက်တွင် ဝဂဓူအင်ပါယာလည်း ပျက်သုဉ်းသွားခဲ့သည်။

ဘာသာရေးနှင့် စီးပွားရေး

မဂ်ရိဘ်ဒေသဟုခေါ်ဆိုသော မော်ရိုကို၊ လစ်ဗျား၊ အလ်ဂျီးရီးယားနှင့် တူနီးရှားတို့ပါဝင်သည့် အနောက်မြောက်အာဖရိကနိုင်ငံများနှင့် အနောက်အာဖရိက ဆာဟာရကန္တာရအောက်ပိုင်းဒေသများအကြား ကမ်းရိုးတမ်းကုန်သွယ်ရေးလမ်းကြောင်းအတွက် ဆိုနင်ကီလူမျိုးတို့သည် အဓိက အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ သမိုင်းဦးကာလအတွင်း မြောက်ပိုင်းကမ်းရိုးတမ်းဒေသမှ ဆားနှင့် အနောက်ပိုင်းကုန်းတွင်းပိုင်းမှ ရွှေတို့ကို ကုန်သွယ်ပေးခဲ့ကြသည်။ ယင်းကုန်သွယ်ရေးကြောင့်ပင် အာရပ်အများစုပါဝင်သော မွတ်စလင်ကုန်သည်များနှင့် ဆိုနင်ကီတို့ ကူးလူးဆက်ဆံမိလျက်သားဖြစ်ခဲ့သည်။ အာရပ်ကုန်သည်များသည် ရွှေကိုအဓိကစိတ်ဝင်စားခဲ့ကြပြီး ဝယ်ယူကြရမှာတစ်ဆင့် အစ္စလာမ်သာသနာသည်လည်း ပျံ့နှံ့ခဲ့ပါတော့သည်။

ရှေးဟောင်းဂါနာအင်ပါယာအုပ်ချုပ်သူလူတန်းစားနှင့် ပြည်သူများသည် ၁၁ ရာစုတွင် အစ္စလာမ်သာသနာကိုကူးပြောင်းခဲ့ကြပြီး ယခုအချိန်ထိ မွတ်စလင်များဖြစ်ကြသည်။ ဆိုနင်ကီတို့သည် စွန္နီအစ္စလာမ်များဖြစ်ပြီး မာလီမဇ်ဟဗ်ဝင်များဖြစ်သည်။

ဆိုနင်ကီတို့သည် ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည်။ မိုးရာသီတွင် အမျိုးသားရော အမျိုးသမီးပါ ထွန်ယက်စိုက်ပျိုးကြသည်။ သို့သော်အမျိုးသမီးများမှာ ချက်ပြုတ်ရန်နှင့် ကလေးထိန်းရန် အိမ်တွင်ရှိကြသည်ကများ၏။ ထို့အပြင် အမျိုးသမီးတို့သည် ချည်ထည်ဆေးဆိုးခြင်းများလည်း လုပ်သည်။ ပြင်သစ်တို့အစောပိုင်းကာလအတွင်း အခြေချနေထိုင်သည့် အနောက်အာဖရိက ရွှေ့ပြောင်းသူများမှာ ဆိုနင်ကီအုပ်စုမှဖြစ်ကြသည်။

ယဉ်ကျေးမှု

ဆိုနင်ကီတို့၏ ယဉ်ကျေးမှုသည် အိမ်နီးချင်းလူမျိုးများကဲ့သို့ပင် အလုပ်အကိုင်၊ နေထိုင်မှုစနစ်၊ အစားအသောက် အစရှိသည့် အခြေခံကိစ္စရပ်များ၌ အစ္စလာမ်ဘာသာ၏ လွှမ်းမိုးမှုများရှိနေသည်။ ၎င်းတို့သည် ရှေးဟောင်းအာဖရိကယဉ်ကျေးမှုဖြစ်သော လူ့အလွှာခွဲခြားသည့် ဇာတ်စနစ်ကိုလည်း လက်ကိုင်ကျင့်သုံးခဲ့ကြသည်။

ဇာတ်ခွဲခြားရာတွင် လူတန်းစားတစ်ခုလုံးကို နမာဆာလာသို့မဟုတ် ညာဆာမာလိုဟုခေါ်သည်။ လွတ်လပ်သော ဆိုနင်ကီများကို ဟိုရိုသို့မဟုတ် ဟိုရွန်ဟု ခေါ်ပြီး ကျွန်အဖြစ်သတ်မှတ်ခံရသူများကို ကိုမိုဟုခေါ်ကြသည်။ ဆိုနင်ကီမျိုးကွဲဖြစ်သော ဂျာရာအုပ်စုခွဲတွင် တော်ဝင်သွေးပါသူများဟု သတ်မှတ်ခံရသူများကို တွန်ကန်လန်မူဟု ခေါ်တွင်ကြသည်။ ကျွန်စနစ်ထွန်းကားသော ၁၃ ရာစုကာလတွင် အဆိုပါ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှု အကြီးအကျယ်အမြစ်တွယ်ခဲ့သည်။

ထိမ်းမြားလက်ထပ်ခြင်း

ဆိုနင်ကီတို့လက်ထပ်ရာတွင် အစ္စလာမ့်အဆုံးအမအတိုင်း ထိမ်းမြားလက်ထပ်ကြသည်။ မောင်နှမဝမ်းကွဲလက်ထပ်ကြသူများပြားပြီး ဆိုနင်ကီယဉ်ကျေးမှုကလည်း အားပေးသည်။ လက်ထပ်ရန် မိဘသဘောတူညီမှုရယူရသည်။ ဆိုနင်ကီဆိုရိုးစကားရှိသည်။ “တစ်ဝမ်းကွဲမောင်နှမဆိုတာ တစ်ဦးအတွက်တစ်ဦးဖြစ်တည်လာတာ” ဟူ၏။ ထိုသို့လက်ထပ်ခြင်းသည် မိသားစုပိုင်ဆိုင်မှု သူစိမ်းလက်သို့ စီးဆင်းမသွားတော့ဘဲ မိသားစုအတွင်း ထိန်းသိမ်းထားနိုင်ခြင်းကြောင့်လည်းဖြစ်သည်။

ဇာတ်နိမ့်ဇာတ်မြင့်များအကြားလက်ထပ်ခြင်းမှ မပြုအပ်မပြုပိုင်သောကိစ္စဟု အယုံအကြည်ရှိကြသည်။ သို့သော် တော်ဝင်သွေးပါသော တွန်ကန်လန်တို့ကမူ ဇနီးတစ်ဦးထပ်ပိုယူလေ့ရှိသောကြောင့် ကျွန်အုပ်စုဝင် ကိုမိုအမျိုးသမီးကို ထိမ်းမြားခြင်းလည်းရှိသည်။

အစားအသောက်

နံနက်စာတွင် ဖွန်ဒေးပါဝင်သည်။ ယင်းသည် နှံစားပြောင်း၊ သကြား၊ နို့၊ ဆားတို့နှင့် ပြုလုပ်ထားသည့် ယာဂုတစ်မျိုးဖြစ်သည်။ ဆန်၊ နှံစားပြောင်းသို့မဟုတ် ပြောင်းဖြင့်လုပ်ထားလျှင် ဆွမ်ဘီယာဂုဟုခေါ်သည်။

နေ့လည်စာအတွက်မူ ဒမ်ဘာတီရီနှင့် တာခါယာကို အစားများသည်။ ယင်းတို့သည် ဆန်၊ မြေပဲတို့ဖြင့် အဓိက ချက်လုပ်ထားခြင်းဖြစ်သည်။ ဒယ်ရီဟုခေါ်သော နှံစားပြောင်း၊ ပဲစေ့တို့ဖြင့် ပြုလုပ်ထားသော စွပ်ပြုတ်ရည်ကိုလည်း သောက်သုံးလေ့ရှိကြသည်။

Reference: Encyclopedia of African Peoples, The History of Africa, Empires of Medieval West Africa: Ghana,Mali and Songhay, Wikipedia.com

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
Mediafire – http://bit.ly/2umlRbf