စိတ်ကြည်နူးစေမယ့် ဇာတ်လမ်းလေး (၆) ခု

ကမ္ဘာကြီးမှာ လက်တလောဖြစ်ပျက်နေတဲ့အခြေအနေတွေကို ဖတ်ရင်းရှုရင်းနဲ့ စိတ်ပျက်နေကြပြီထင်ပါတယ်။ ဗုံးကပေါက်ပြန်ပြီ၊ လူသတ်မှုကဖြစ်ပြန်ပြီ၊ အကြမ်းဖက်ပြန်ပြီ အစရှိတဲ့ သတင်းတွေကြောင့် စာဖတ်သူတွေခမျာ စိတ်ဖိစည်းရပြီး စိတ်ညစ်နေကြရပါတယ်။ လောကကြီးမှာ လူတွေကို နာကြင်ထိခိုက်စေလိုသူတွေရှိသလို အဲဒီသတင်းတွေရဲ့ ဟိုမှာဘက်ခြမ်းမှာလည်း လူသားဆန်တဲ့လုပ်ရပ်တွေ၊ ကြည်နူးစရာနဲ့ ပြုံးရွှင်စရာသတင်းတွေက နေ့စဉ်နဲ့အမျှ မရေမတွက်နိုင်လောက်အောင် ထုနဲ့ထေးဖြစ်ပေါ်လျက်ရှိပါတယ်။ စိတ်ပျက်အားမငယ်ပါနဲ့။ ဒီသတင်းတွေကို ဖတ်ပြီး ရင်ထဲ ကြည်နူးစိတ်တစ်စုံတစ်ရာကျန်ခဲ့ပါလိမ့်မယ်။

(၁) မာရီယာ ဖာနန်ဒါ (Maria Fernanda)

မာရီယာဖာနန်ဒါဆိုတာ အသက် ၁၆နှစ်အရွယ် နီကာရာဂွာသူလေး။ တက္ကသိုလ်ကနေ မြို့ပြအင်ဂျင်နီယာနဲ့ ဘွဲ့ရချင်တယ်။ သူမအမျိုးသမီးဖြစ်နေခြင်းက သူများထက်တစ်ပန်းရှုံးနေတယ်လို့ မထင်ဘူး။ “ကျမက အမျိုးသမီးဖြစ်နေလို့ တစ်ပန်းရှုံးနေတယ်လို့ ဘယ်တော့မှမထင်ဘူး။ ယောက်ျားတွေစွမ်းဆောင်နိုင်သလို ကျမလည်း လုပ်နိုင်တယ်”လို့ သူကဆိုတယ်။

သူမဟာ အမျိုးသမီးငယ်များရဲ့အခွင့်အရေးအတွက်လှုပ်ရှားနေတဲ့ Nací para Volar အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။  ရှေးရိုးစွဲတစ်ယူသန် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက မပြောကောင်းဘူးလို့ သတ်မှတ်ထားတဲ့ ကျားမတန်းတူညီမျှရေးနဲ့ လိင်ကျန်းမာရေးကိစ္စတွေကို အဖွဲ့ကသင်ကြားပေးပါတယ်။ အဲဒီအဖွဲ့ဟာ သူမမှာကိုယ်ပိုင်စွမ်းရည်တွေရှိကြောင်း သဘောပေါက်နားလည်စေဖို့အတွက် အကူအညီပေးခဲ့တယ်လို့ မာရီယာက ပြောပါတယ်။ “အခုဆိုရင်ရည်းစားထားဖို့က ကျမရဲ့ဦးစားပေးကိစ္စမဟုတ်တော့ဘူး။ ကျမကို ထောက်ပံ့ပေးကမ်းမယ့်လူရှာဖို့က ကျမအတွက်အရေးမကြီးတော့ဘူး” လို့ သူက ပြောပါတယ်။

ပိုမိုသိရှိလိုပါက – www.globalfundforwomen.org မှာ ဖတ်ရှုနိုင်ပါတယ်။

(၂) အချစ်ဆုံးသူငယ်ချင်းအတွက် ကျောက်ကပ်လှူခဲ့သူ

တက္ကဆတ်ပြည်နယ်မှာနေတဲ့ ဒန်နီကိုလ်ဇိုးဆိုတဲ့ လူငယ်လေးတစ်ယောက်က Alport Syndrome လို့ခေါ်တဲ့ ရောဂါတစ်မျိုးခံစားနေရပါတယ်။ အဲဒီရောဂါက မျိုးရိုးဗီဇဆိုင်ရာရောဂါတစ်ခုဖြစ်ပြီး ကျောက်ကပ်ပျက်စီးခြင်း၊ အကြားအာရုံချွတ်ယွင်းခြင်းနဲ့ မျက်စိပုံမမှန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ကျောက်ကပ်ဟာ တဖြည်းဖြည်း အခြေအနေဆိုးရွားလာခဲ့တာကြောင့် ကျောက်ကပ်အလှူရှင်လိုအပ်လာပါတယ်။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဂရေဟမ် မက်မီလန်က သွေးစစ်ကြည့်လိုက်တော့ ဒန်နီကိုလ်ဇိုးကို လှူဖို့ ကိုက်ညီကြောင်း အဖြေထွက်ခဲ့ပါတယ်။ အဖြေထွက်ပြီးပြီးချင်း သူ့သူငယ်ချင်းကို ၀မ်းသာအောင်လုပ်ဖို့အတွက် မက်မီလန်က ဗီဒီယိုတစ်ခုရိုက်ပြီး vimeo မှာတင်ခဲ့ပါတယ်။

ဝမ်းသာမျက်ရည်ကျရတဲ့ဗီဒီယိုကိုတော့ ဒီမှာကြည့်နိုင်ပါတယ်။ https://vimeo.com/172482727

(၃) ပြုံးချင်စရာပုံလေးတွေကမ္ဘာပတ်ရိုက်ခဲ့တဲ့ စုံတွဲ

တောင်အာဖရိကစုံတွဲ ချနယ်နဲ့ စတီဗိုတို့ဟာ ၁၇ လကျော်ကြာအောင် ကမ္ဘာအနှံ့ကအလှပဆုံးမြို့တွေနဲ့ နေရာတွေကို ခရီးထွက်ခဲ့ကြပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ ဓာတ်ပုံတွေလည်းရိုက်ခဲ့ကြတယ်။ စိတ်ညစ်နေတယ်ဆိုရင် သူတို့ရိုက်ထားတဲ့ ပုံလေးတွေသွားကြည့်ဖို့တိုက်တွန်းပါရစေ။ အနည်းဆုံးတော့ သင့်မျက်နှာမှာ အပြုံးပန်းတစ်ပွင့် ပွင့်စေပါလိမ့်မယ်။

ပုံတွေကြည့်ဖို့ – https://www.instagram.com/howfarfromhome/

(၄) ဝေလငါးကြီးကို ကယ်တင်စောင့်ရှောက်ခဲ့

လွန်ခဲ့တဲ့သောကြာနေ့က ဗြိတိသျှကိုလံဘီယံကမ်းခြေမှာ ဒီရေတက်ခဲ့ပြီးနောက် Orca အသားစားဝေလငါးတစ်ကောင် ကမ်းခြေကျောက်ဆောင်တွေပေါ်မှာ သောင်တင်ခဲ့ပါတယ်။ အနားမှာရှိတဲ့ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က လုပ်အားပေးတွေကို ခေါ်ပြီး ဝေလငါးရေပြန်ချရေးအတွက် တစ်နေကုန်ကြာအောင် လုပ်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်နေတုန်း နေမလောင်အောင်အမိုးမိုးပေးထားကြသလို ခန္ဓာကိုယ်အေးနေအောင်လည်း အ၀တ်စိုတွေနဲ့ ပတ်ပေးခဲ့ကြပါတယ်။ ဒီရေပြန်တက်လာတော့ ဝေလငါးလည်း ရေစီးနဲ့အတူပြန်လိုက်သွားပါတော့တယ်။

(၅) အချစ်ဆုံးသူငယ်ချင်းမောင်နှမ

မောင်နှမတွေဖြစ်ကြတဲ့ အသက် ၁၂နှစ်အရွယ် ထရန်တွန်နဲ့ ၁၀နှစ်အရွယ် လင်ဆေး ကိုချရန်တို့ဟာ သူတို့ရဲ့ ကြည်နူးစရာဇာတ်လမ်းလေးကို ရင်ဖွင့်ခဲ့ပါတယ်။ လင်ဆေးဟာ ငယ်စဉ်ကတည်းက Spinal Muscular Atrophy လို့ခေါ်တဲ့ ကြွက်သားအားနည်းရောဂါကြောင့် ငယ်စဉ်ကတည်းက ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ခဲ့ရပါတယ်။ လင်ဆေးလေးဟာ နေ့စဉ်လုပ်ငန်းဆောင်တာ ပေါ့ပေါ့ပါးပါးလေးတွေကိုတောင်မှ ကိုယ်တိုင်ကိုယ်ကျမလုပ်နိုင်လောက်တဲ့အထိ မသန်စွမ်းဘ၀ရောက်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အစ်ကိုကြီးဖြစ်သူက သူမကိုလိုလေသေးမရှိစောင့်ရှောက်ပေးခဲ့ပါတယ်။ ထရန်တွန်က သူ့ညီမလင်ဆေးကို ရင့်ကျက်သူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုတာဝန်ယူခဲ့သလဲဆိုတာကိုလည်း ရှင်းပြပါသေးတယ်။ ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း သူ့ညီမလေးရောဂါနဲ့ပတ်သက်ပြီး ထောက်ပံ့ငွေရဖို့အတွက် ဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ “ညီမလေးအတွက် အသက်တောင်ပေးရဲတယ်။ သူက ကျနော့်ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တယ်။ ညီမလေးမရှိရင် ကျနော့်ဘ၀လည်းအဓိပ္ပာယ်မရှိတော့ဘူး” လို့ဆိုတယ်။ မောင်နှမလေးဖြစ် အချစ်ဆုံးသူငယ်တွေလည်းဖြစ်ကြတဲ့ သူတို့နှစ်ယောက်အကြောင်းကတော့ အတော်လေးကြည်နူးစရာကောင်းပါတယ်။

(၆) ဒုက္ခသည်နေဖို့ အခန်းပို

ဘာလင်မြို့က နိုင်ငံသားအဖွဲ့တစ်ဖွဲ့ဟာ သူတို့ပိုင် အခန်းပိုတွေမှာ နေစရာမရှိတဲ့ဒုက္ခသည်တွေလာနေဖို့ ပေးကမ်းခဲ့ပါတယ်။ အာဖဂန်နစ္စတန်၊ ဆီရီးယား၊ ပါကစ္စတန်၊ ဆိုမာလီယားအစရှိတဲ့နိုင်ငံတွေက ဒုက္ခသည်ပေါင်းများစွာကို သူတို့ကူညီခဲ့ပြီးပါပြီ။ သူတို့ရဲ့ Website ဖြစ်တဲ့ Flüchtlinge Willkommen (Refugees Welcome)   မှာအဖွဲ့ဝင် ဂျာမန်နိုင်ငံသား ၈၀၀ကျော် ရှိနေပြီဖြစ်ပါတယ်။ အဲဒီလူတွေအားလုံးက သူတို့အခန်းတွေမှာဒုက္ခသည်တွေလာနေနိုင်ကြောင်း ကမ်းလှမ်းထားသူတွေချည်းပါပဲ။ အဖွဲ့ကိုထူထောင်ခဲ့သူနှစ်ဦးကတော့ အသက် ၃၁နှစ်အရွယ် Jonas Kakoschke နဲ့ အသက် ၂၈နှစ်အရွယ် Mareike Geiling တို့ပါ။ သူတို့နေတဲ့အိမ်မှာပဲ မုန့်ဖုတ်လုပ်ငန်းလုပ်တဲ့ မာလီဒုက္ခသည်တစ်ဦးကို ခေါ်တင်ထားပါသေးတယ်။ ဒီအဖွဲ့က သူတို့လိုအဖွဲ့တွေ ဥရောပနဲ့ ကနေဒါမှာပါ ကျယ်ကျယ်ပျံ့ပျံ့ပေါ်လာဖို့ မျှော်လင့်နေပါတယ်။

ဉာဏ်အလင်း

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE