တစ်သက်ပျော်ဖို့ သစ်ပင်စိုက်သူ သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်တဲ့ ဘင်္ဂလီကြီး

ကဏ္ဍ – Inspiring Person
ညအိပ်မပျော်ခြင်းဆိုတာ ကျိန်စာတိုက်ခံထားရသလိုပါပဲ။ နောက်ဆက်တွဲဆိုးကျိုးတွေလည်းအများကြီးရှိပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗဂွန်ဒန်ဂါးရွာလေးမှာနေတဲ့ အသက် ၆၀ အရွယ် အဗ္ဗဒွလ် ဆမဒ် ရှိုခ်တစ်ယောက် ခံစားရတဲ့ ညအိပ်မပျော်ခြင်းဝေဒနာကတော့ အများနဲ့မတူဘဲ ထူးခြားလှပါတယ်။ သူညအိပ်မပျော်တာ အဲဒီနေ့က သစ်ပင်တစ်ပင်မစိုက်ပျိုးလိုက်ရလို့ပါတဲ့။ လွန်ခဲ့တဲ့ ၄၈ နှစ်ကတည်းက “သစ်ပင် ဆမဒ်” ဆိုတဲ့ အမည်တွင်ခဲ့တဲ့ ဒီပုဂ္ဂိုလ်ဟာ တစ်နေ့ကို အနည်းဆုံး သစ်ပင်တစ်ပင်မှ မစိုက်လိုက်ရရင် နေမထိမထိုင်မသာဖြစ်နေလေရဲ့။ သစ်ပင်စိုက်ခြင်းက သူ့ရဲ့အကြီးကျယ်ဆုံးဝါသနာဆိုပါတော့။
“တစ်နေကုန်သစ်ပင်တစ်ပင်မှမစိုက်လိုက်ရဘူးဆိုလို့ကတော့ အဲဒီတစ်ညလုံးအိပ်ကိုမပျော်တော့ဘူး။ ကျုပ် ၁၂ နှစ်သားကတည်းက သစ်ပင်စိုက်ခဲ့တာဗျ” လို့ သူကဂုဏ်ယူဝံ့ကြွားစွားပြောပါတယ်။ ပုံမှန် နှစ်တစ်နှစ်မှာ ၃၆၅ ရက်ရှိပါတယ်။ နှစ်ပေါင်း ၄၈နှစ်ကို ရက်ထပ်နှစ် ၁၂ ရက်ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း ၁၇၅၃၂ ရက် ရှိပါတယ်။ အဲဒီရက်ပေါင်းအရေအတွက်ဟာ ဆမဒ်စိုက်ပျိုးခဲ့တဲ့ အနည်းဆုံး သစ်ပင်အရေအတွက်ပါပဲ။
 
“သစ်ပင်အများစုကိုတော့ စည်ပင်မြေပေါ်မှာစိုက်တယ်။ ဒါဆိုဘယ်သူကမှ ခုတ်ပိုင်ခွင့်မရှိတော့ဘူးလေ” လို့ ဆမဒ်ကပြောပါတယ်။ သူနေထိုင်တဲ့ပြည်နယ်ထဲက ဖရီးဒ်ပုရ် ဆဒရ်ခရိုင်၊ ချရ်ဘာဒရာဆင်းခရိုင်နဲ့ ဆာဒုရ်ပုရ် ခရိုင်တစ်လွှားမှာရှိတဲ့ ဗလီဝင်းတွေ၊ အစိုးရရုံးဝင်းတွေထဲမှာလည်း ဆမဒ်စိုက်ထားတဲ့သစ်ပင်တွေကို မြင်တွေ့နိုင်ပါသေးတယ်။
 
“ကျုပ်စိုက်တဲ့အပင်တွေကို ရေလည်းလောင်းသေးသဗျ။ သစ်ပင်ခုတ်တဲ့လူမြင်ရင်တော့ အပြင်းအထန်ဆန့်ကျင်ပြီး ကောင်းကောင်းဆူတယ်။ တိရစ္ဆာန်တွေအပါအ၀င် သက်ရှိသတ္တ၀ါတိုင်းကို ကျနော်ချစ်တယ်။ သစ်ပင်တွေကို ပိုချစ်တယ်” လို့ သူကဆက်ပြောပါတယ်။
ဆမဒ်မှာ မိသားစုဝင်ငါးဦးရှိပြီး ဖရီးဒ်ပုရ် ခရိုင် ဒု-အုပ်ချုပ်ရေးမှူးပိုင်တဲ့ မြေပေါ်က တဲငယ်လေးနှစ်လုံးမှာ နေထိုင်ကြပါတယ်။ သူခမျာ မြေမပိုင်ရှာပါဘူး။ “ဆိုက္ကားနင်းတာ တစ်ရက်ကို ၁၀၀ တာကာ ပတ်ချာလည်တော့ရတယ်။ အဲဒီပိုက်ဆံနဲ့ မိသားစုအတွက် လိုအပ်သမျှဝယ်တယ်။ ခရိုင်သစ်ပင်ပန်းမံနဲ့မျိုးစေ့ဌာနကနေ အနည်းဆုံးသစ်ပင်တစ်ပင်ဝယ်တယ်” လို့ သူကဆိုတယ်။
 
သူ့ရဲ့သစ်ပင်တွေကိုအပေါ်တွယ်တာတဲ့စိတ်က ပြင်းထန်လွန်းတယ်လို့ မိသားစုဝင်တွေက ဝေဖန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တချိန်ကဆိုရင် သစ်ပင်ဝယ်ဖို့က နေ့စဉ်မိသားစုအသုံးစားရိတ်ထက်ကို သူ့အတွက်ပိုအရေးပါနေခဲ့လို့ပါတဲ့။ “သူ့ဝင်ငွေကလည်း များများစားစားရတာမှမဟုတ်။ နေ့စဉ်ဝင်ငွေနဲ့ မိသားစုလိုအပ်တာဖြည့်ဆည်းဖို့ သူ့မှာတာဝန်ရှိတယ်လေ။ ဒါကြောင့် သစ်ပင်စိုက်တာရပ်ဖို့ တစ်ခါတစ်လေတော့ပြောမိတယ်။ ဒါလည်းနားမထောင်ပါဘူး။ သူ့ရဲ့သစ်ပင်ချစ်စိတ်က တားရမယ့်ပုံလည်းမပေါ်ဘူး” လို့ ဆမဒ်ရဲ့ဇနီးသည် အသက် ၅၀ အရွယ် ဂျော်နာ ဘေဂမ်က ရင်ဖွင့်ပါတယ်။
 
သားဖြစ်သူ အသက် ၃၀ အရွယ် မိုဟမ္မဒ် ကုသုဗွဒ္ဒီးန်ကတော့ သူ့အဖေဖက်ကထောက်ခံပါတယ်။ “အဖေသစ်ပင်မစိုက်နဲ့လို့ ကျနော်ဘယ်တော့မှမပြောဘူး။ သူက လူ့အသိုင်းအ၀ိုင်းကို ကောင်းကျိုးပြုနေတာလေ” လို့ပြောပါတယ်။
ဆမဒ်ရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့ရှိသူ အသက် ၃၀ အရွယ် အိမ်နီးချင်း ဆိုဖိက် မွလ္လာဟ်က “နေ့စဉ်နေ့တိုင်း နေရာမတူအောင် သေချာရွေးပြီး ဒီတစ်ကြောလုံးမှာ သစ်ပင်လိုက်စိုက်လေ့ရှိတယ်” လို့ ဆိုပါတယ်။
 
“ဆမဒ်ကတော့ ကျုပ်တို့ ကွန်မြူနီတီရဲ့စံပြနိုင်ငံသားတစ်ဦးပါပဲ။ သူ့လုပ်ရပ်က အတုယူချင်စရာပါ” လို့ နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် မုဟမ္မဒ် အဗွလ် ကလာမ် ဟူလေဒါ က မှတ်ချက်ပြုပါတယ်။
 
အဗွလ်ကလာမ်ရဲ့ မှတ်ချက်ကို အိမ်နီးချင်းဖြစ်သူ အသက် ၆၀ အရွယ် မုဟမ္မဒ် စီကန်ဒရ်အလီကလည်း ထောက်ခံပါသေးတယ်။
 
“သူက သစ်ပင်စိုက်ရုံတင်ဘယ်ကမလဲ။ သိပ်လည်းကူညီတတ်သေးတာ။ ဘယ်သူအကူအညီတောင်းတောင်း ဘာအကျိုးမှမမျှော်ကိုးဘဲ တတ်နိုင်တဲ့ဖက်ကနေ လုပ်ပေးလေ့ရှိတယ်။ သူလိုလူက အရှားသားရယ်။ ကျနော်တို့အသိုင်းအ၀ိုင်းအတွက် အဓိကလိုအပ်နေတဲ့လူစားမျိုးဆိုပါတော့”
ဖရီးဒ်ပုရ်ခရိုင်သစ်ပင်ပန်းမံနဲ့မျိုးစေ့ဌာနမှာ သူ့ကိုမသိတဲ့လူမရှိပါဘူး။ ဥယျာဉ်မှူးတစ်ဦးဖြစ်သူ ဆိုဟစ်ခါန်းက “ကျနော်ဒီမှာအလုပ်လုပ်နေတာ နှစ် ၂၀ ရှိပြီ။ သူနေ့တိုင်း ဒီမှာ သစ်ပင်တစ်ပင်လာဝယ်လေ့ရှိတယ်” လို့ ကိုယ်တွေ့ကို ပြောပြပါတယ်။
 
ဆိုဟစ်ခါန်းရဲ့စကားကို ဌာနရဲ့ဒါရိုက်တာ ကာတစ် ချန်ဒရို ချက်ခရိုဘရ်သီက ထောက်ခံရင်း “ဆမဒ်က ကျနော်တို့အတွက် သစ်ပင်တွေစုပေးသေးတယ်။ ဆမဒ်လာပြီဆိုရင် သူဘယ်သစ်ပင်လိုချင်လဲ ဆိုတာ သေချာရွေးပေးဖို့ ၀န်ထမ်းအားလုံးကို ကျနော်ညွှန်ကြားထားတယ်” လို့ ဆိုပါတယ်။
 
ဆမဒ်က “အသီးသီးတဲ့အပင်တွေဆိုအကြိုက်ဆုံးပဲ။ အဲဒီထဲကမှ ပိန္နဲပင်ကိုအကြိုက်ဆုံးပေါ့ဗျာ” လို့ သူ့သဘောထားကိုပြောပါတယ်။ သူအခုလိုသစ်ပင်ဘာကြောင့်စိုက်ရသလဲဆိုတာနဲ့ပတ်သက်ပြီးမေးမြန်းရာမှာတော့ “အလ္လာဟ်စိုက်ခိုင်းလို့စိုက်တာ” လို့ ခပ်ပြတ်ပြတ်ဖြေလိုက်ပါတော့တယ်။
 
Ref: The Daily Star
 
(စတီဗင်ရေးသည်)
မတ်လထုတ် အတွဲ(၁) အမှတ်(၄) Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz