ဟိန္ဒူဘုရားဖူးများကို ကယ်တင်ခဲ့သည့် သူရဲကောင်း မွတ်စလင်ကားဆရာ

လွန်ခဲ့သောတနင်္လာနေ့ညက အမရ်နသ်ဘုရားကျောင်းသို့ ဘုရားဖူးခရီးသွား ၆၁ဦး လိုက်ပါလာသည့် ခရီးသည်တင်ဘတ်စ်ကားကို အကြမ်းဖက်သမားများက စီးနင်းပစ်ခတ်ခဲ့ကြသော်လည်း ကားဆရာ ဂူဂျရသ်ပြည်နယ်သား ရှိုက်ခ် စလီးမ် ဂဖူးရ်ဘိုင် ဆိုသူက ကားကိုမရပ်ခဲ့ဘဲ ဆက်တိုက်မောင်းနှင်နိုင်ခဲ့သည်။ ရှိုက်ခ်သည် ပိန်းပိတ်အောင် မှောင်နေသောအမှောင်ထုအတွင်း ကျည်ဆန်များအကြား တရကြမ်းမောင်းနှင်ကာ စစ်တပ်ကင်းစခန်းတစ်ခုတွေ့မှသာ ရပ်နားခဲ့သည်။
 
“ဘုရားသခင်က ဆက်လက်မောင်းနှင်ဖို့ ခွန်အားတွေပေးခဲ့တယ်။ ကျနော်ကားကိုလုံးဝမရပ်ခဲ့ဘူး။ သေနတ်တွေကတော့ ဆက်တိုက်ပစ်နေပေမယ့် ကျနော်ကတော့ မောင်းမြဲမောင်းနေခဲ့တယ်” ဟု ကားဆရာရှိုက်ခ်စလီးမ်က ပြောသည်။ ကားဆရာသည် မွတ်စလင်ဖြစ်ပြီး ကားပေါ်ပါ ဘုရားဖူးများ ဟိန္ဒူဘာသာဝင်များဖြစ်သော်လည်း လူသားဆန်မှုကိုပြသခဲ့သည့် ဥပမာတစ်ခုပင်ဖြစ်တော့သည်။
 
ကားသည် အမရ်နသ်ဘုရားကျောင်းမှပြန်လာခြင်းဖြစ်ပြီး ကရှ်မီးယားတောင်တန်းဒေသ အနန့်နဂ်မြို့တွင် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ကားပေါ်ပါ ဘုရားဖူး ခုနှစ်ဦးသေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့သည်။ ဘုရားဖူးအများစုမှာ ဂူဂျရသ်နှင့် မဟာရရှ်သာပြည်နယ်တို့မှဖြစ်သည်။ အကယ်၍ ကားဆရာ ရှိုက်ခ်စလီးမ်သာ ကားရပ်ခဲ့မည်ဆိုပါက တစ်စီးလုံးအသတ်ခံရမည့်အနေအထားဖြစ်ကြောင်း ကားပေါ်ပါ ဘုရားဖူးများဆိုသည်။ ကားရှေ့လေကာမှန်ကွဲသွားပေမယ့် ကားကိုမရပ်ဘဲ ဘေးကင်းရာသို့ တရကြမ်းမောင်းနှင်နိုင်ခဲ့သည့် ကားဆရာကို ဘုရားဖူးတစ်ဦးက ယခုလိုချီးကျူးခဲ့သည်။ “ကျမတို့ဒရိုင်ဗာက တော်တော်လေးကို သတ္တိရှိတာ။ သူမရမကမောင်းသွားတယ်” ဟု အနန့်နဂ်ဆေးရုံတွင် ကုသမှုခံယူနေသော ဒဏ်ရာရဘုရားဖူးအမျိုးသမီးကဆိုသည်။
 
“သုံးဖက်သုံးတန်ကနေ ပစ်ခတ်တိုက်ခိုက်ကြတာ။ ဒါပေမဲ့ ကားဆရာက ရှေ့ဆက်မောင်းသွားပြီး ကျနော်တို့ကိုအသက်ကယ်ခဲ့တယ်” ဟု ကားပေါ်ပါ ဒဏ်ရာရသူနောက်တစ်ဦးက ပြောသည်။ မွတ်စလင်ဖြစ်သော်လည်း ဟိန္ဒူဘုရားဖူးများကို အသက်စွန့်ကယ်တင်ခဲ့သည့် ကားဆရာအား အိန္ဒိယလူမှုကွန်ရက်စာမျက်နှာများတွင် စံပြအဖြစ် ချီးမွမ်းလျက်ရှိသည်။
 
အကြမ်းဖက်သမားများမှာ လက်ရှ်ကာအီတိုင်ဘာအဖွဲ့မှဖြစ်ကြောင်း ကရှ်မီးယားရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM