ဆော်ဒီမင်းသား ၁၁ပါး နဲ့ ဝန်ကြီးအများအပြား ဖမ်းဆီးခံရ

ဉာဏ်အလင်း

အိမ်ရှေ့မင်းသားတွေ၊ ယခင်နဲ့ ယခုဝန်ကြီးတွေပါဝင်တဲ့ အဆင့်မြင့်အရာရှိပေါင်းများစွာကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဆော်ဒီအာရေးဗျတာဝန်ရှိသူတွေက လွန်ခဲ့တဲ့ စနေနေ့မှာ ဖမ်းဆီးလိုက်ကြောင်း ဆော်ဒီရုပ်မြင်သံကြားတစ်ခုက အတည်ပြုလိုက်ပါတယ်။

ဒူဘိုင်းအခြေစိုက် ဆော်ဒီမီဒီယာ အလ်-အာရေးဗျရဲ့ သတင်းအရ မင်းသား ၁၁ ဦး၊ လက်ရှိဝန်ကြီး လေးဦးနဲ့ ဝန်ကြီးဟောင်း ဒါဇင်ပေါင်းများစွာဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ စနေနေ့ကမှ ရာထူးကပြုတ်သွားတဲ့ ဝန်ကြီးနှစ်ဦးနဲ့အတူ အမျိုးသမီးတစ်ဦးလည်း ဖမ်းခံရတဲ့ထဲမှာပါခဲ့ပါတယ်။ အချက်အလက်အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဆော်ဒီဘုရင် ဆလ်မန်းရဲ့ တော်ဝင်ညွှန်ကြားချက်အရ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မတီတစ်ခုကို အလောသုံးဆယ်ဖွဲ့ဖို့ အမိန့်ပေးခဲ့ပြီး နာရီပိုင်းအတွင်း အဆိုပါကော်မတီက အခုလိုဖမ်းဆီးဖို့ ညွှန်ကြားချက်တွေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီကော်မတီဥက္ကဋ္ဌကတော့ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင်န်ဆလ်မန်းဖြစ်ပြီး သူတို့ကော်မတီဟာ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ ၂၀၀၉ ခုနှစ် ဂျစ်ဒါဟ်ရေကြီးမှုအမှုနဲ့ ၂၀၁၂ မှာ ကိုရိုနာဗိုင်းရပ်စ် (Corona virus) ပျံ့နှံ့ဖြစ်ခြင်းကြောင့် ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာ (MERS) ရောဂါဖြစ်ပွားခြင်းအမှုတို့ကို ပြန်လည်အမှုဖွင့်စစ်ဆေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

ဆော်ဒီနိုင်ငံပိုင်သတင်းစာ (SPA) ရဲ့ဖော်ပြချက်အရ အဆိုပါကော်မတီဟာ အကျင့်ပျက်ခြစားမှုမှာပါဝင်ခဲ့သူတွေလို့ စွပ်စွဲခံရသူတွေကို အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးဖို့၊ ဖမ်းဆီးထိန်းသိမ်းဖို့၊ ခရီးသွားလာခွင့်ပိတ်ပင်ဖို့၊ ဘဏ်အကောင့်တွေကို ဖွင့်ချဖို့နဲ့ ပိတ်သိမ်းဖို့၊ စာရွက်စာတမ်းတွေ သိမ်းဆည်းဖို့၊ ပိုင်ဆိုင်မှုငွေနဲ့ ဥစ္စာပစ္စည်းတွေကို စစ်ဆေးဖို့အစရှိသဖြင့် ညွှန်ကြားမှုပြုလုပ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း ဆော်ဒီစီးပွားရေးနဲ့ စီမံကိန်းဝန်ကြီး အဒဲလ်ဘင်န်မိုဟမ္မဒ်ဖာကီးဟ်နဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီး မင်းသား မီတဗ်ဘင်န်အဗ္ဗဒွလ္လဟ်ဘင်န်အဗ္ဗဒွလ်အဇီးဇ်တို့ဟာလည်း ရားထူးကဖယ်ရှားခံခဲ့ရတယ်လို့ SPA ရဲ့ သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

====================

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT
pCloud – http://bit.ly/2gTFG2h