ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ စဂ်ျဒဟ်မှန်မှန်ချကြစို့

နေ့စဉ်နဲ့အမျှ ၀တ်ပြုရတဲ့ ဆွလားသ်တိုင်း ဆွလားသ်တိုင်းမှာ စဂ်ျဒဟ်ဦးချခြင်းဟာ မပါမဖြစ်ဆိုတာ မွတ်စလင်တွေကို အထွေအထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး။ ဒါပေမဲ့ လူတိုင်းမသိတဲ့တစ်ချက်က ဆွလားသ်ဟာ လူတွေအတွက် လေ့ကျင့်ခန်းသဖွယ်ဖြစ်နေတယ်ဆိုတာပါပဲ။ ဆွလားသ်ဝတ်ပြုတဲ့ ကိုယ်နေဟန်ထားအသီးသီးမှာ အလိုလျောက်ဆိုသလို လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်အထောက်အကုပြုတဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးသားဖြစ်နေတာကို အံ့သြဖွယ်ရာတွေ့ရှိထားကြပါတယ်။ အိဗ်နေ့မာဂျဟ်ကျမ်းထဲက တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်မိန့်ကြားတော်မူတဲ့ဟဒီးဆ်တော်တစ်ပုဒ်မှာဆိုရင် ဆွလားသ်ဝတ်ပြုခြင်းဟာ ရောဂါပေါင်းမြောက်မြားစွာကို ကုသပျောက်ကင်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဗလီကိုပုံမှန်သွားပြီး ဆွလားသ်မှန်မှန်ဝတ်ပြုသူတစ်ယောက်ဟာ သူကိုယ်တိုင်တောင်မသိလိုက်ချိန်မှာ ရောဂါပေါင်းမြောက်မြားစွာကနေ ကာကွယ်ပြီးသားဖြစ်နေတတ်ပါတယ်။

အဲဒီထဲက စဂ်ျဒဟ်ဦးချခြင်းကို ကောက်နုတ်ပြီးပြောပြချင်ပါတယ်။ ဆွလားသ်ဝတ်ပြုချိန်မှာ စဂ်ျဒဟ်ဦးချခြင်းဟာ အထွတ်အထိပ် ၀ပ်တွားခယ ယိုကျိုးခြင်းတစ်ခုဖြစ်ပါတယ်။ စဂ်ျဒဟ်ဦးချချိန်ဟာ အလ္လာဟ်အရှင်မြတ်နဲ့ အနီးစပ်ဆုံးရောက်ရှိနေချိန်လို့ ဟဒီးဆ်တော်တစ်ပုဒ်မှာဖော်ပြထားပါတယ်။

ဟဇရသ်အဗူဟုရိုင်ရာ (ရသွေ့)သခင်က ဟဒီးဆ်တော်တစ်ပုဒ်ကိုအခုလိုဆင့်ပြန်ခဲ့ပါတယ်။ “အလ္လာဟ်အရှင်မြတ်နဲ့ ကျေးကျွန်တို့အကြားအနီးကပ်ဆုံးရှိနေချိန်ဟာ စဂ်ျဒဟ်ဦးချချိန်ဖြစ်ပါတယ်။ ဒါကြောင့်အဲဒီအချိန်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါးကနေ အသနားခံတောင်းဆိုကြ” ဆဟီးဟ်ဘုခါရီကျမ်း

ဟရဇသ်အာအေရှာဟ်သခင်မ (ရသွေ့) က “ကိုယ်တော်မြတ်ဟာ ဦးခေါင်းကိုပြန်မမော့ခင်အလျင် အာယတ်တော်အပိုဒ်ပေါင်း ၅၀ ရွတ်ဖတ်သရဇ္ဇျာယ်နိုင်လောက်တဲ့အချိန်အတိုင်းအတာထိကြာမြင့်အောင် စဂ်ျဒဟ်ဦးချတော်မူလေ့ရှိခဲ့တယ်” လို့ပြောပြခဲ့ပါသေးတယ်။

ဟဇရသ် အနတ်စ်ဘင်န်မာလစ်က် (ရသွေ့)သခင်က တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ရဲ့ ဟဒီးဆ်တော်နောက်တစ်ပုဒ်ကိုအခုလိုဆင့်ပြန်ပါသေးတယ်။ “မွတ်စလင်တွေအနေနဲ့ ရုကူဦးညွှတ်ခြင်းနဲ့ စဂ်ျဒဟ်ဦးချခြင်းကို ပီပီပြင်ပြင်ကောင်းမွန်စွာပြုလုပ်ကြ”

နောက်ထပ်ဟဒီးဆ်တော်တစ်ပုဒ်မှာလည်း ရုကူနဲ့စဂ်ျဒဟ်ကို အေးအေးဆေးဆေးပြုလုပ်ရန်၊ ပြန်ထလျင်လည်း ခန္ဓာကိုယ်သက်သောင့်သက်သာဖြစ်ချိန်မှပြန်ထရန် ဖော်ပြထားပါသေးတယ်။

စဂ်ျဒဟ်ဦးချခြင်းဟာ အလ္လာဟ်အရှင်မြတ်သခင်နဲ့ အနီးစပ်ဆုံးအနေအထားသို့ရောက်ရှိ တစ်စုံတစ်ဦးက အလ္လာဟ်အရှင့်ရှေ့မှောက်မှာ ၀ပ်တွားခယလိုက်ခြင်းအားဖြင့် ဘ၀အမောများသက်သာပျောက်ကင်းစေမှာဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာခွန်အားများရရှိနိုင်မှာဖြစ်ပါတယ်။ အနည်းဆုံးတော့ ကြုံတွေ့နေရတဲ့အခက်အခဲတွေ အကျပ်အတည်းတွေကနေ ခဏတာလွတ်မြောက်နိုင်မှာပါ။ လူတစ်ယောက်စဂ်ျဒဟ်သွားတဲ့အချိန် ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ရှားရပါတယ်။ စဂ်ျဒဟ်သွားတဲ့အခိုက်အတန့်ကို Mini Dive (ဒိုင်ဗင်အသေးစား) လို့သတ်မှတ်နိုင်ပါတယ်။ စဂ်ျဒဟ်ချနေစဉ်မှာလည်း နှဖူးဟာမြေကြီးနဲ့ကပ်လျက်ထိထားပြီး လက်တွေကတော့ ဘေးတစ်ဖက်တစ်ချက်စီမှာ ချထားရပါတယ်။ အဲဒီအနေအထားဟာ ခန္ဓာကိုယ်ကြွက်သားအများအပြားကို လှုပ်ရှားစေပြီး လေ့ကျင့်ခန်းတချို့လုပ်ပြီးသားဖြစ်စေပါတယ်။

စဂ်ျဒဟ်ချချိန်မှာ လက်နှစ်ဖက်စလုံးက ဘေးထုတ်ပြီး လက်ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ရဲ့အလေးချိန်ကို အားပြုထောက်ထားရပါတယ်။ ဒါဟာလက်နှစ်ဖက်စလုံးကကြွက်သားတွေအတွက် ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုပါပဲ။ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကိုယ်တော်တိုင်ကလည်း စဂ်ျဒဟ်ချချိန်လက်နှစ်ဖက်စလုံးကို ကြမ်းပြင်မှာချမထားဘဲ တံတောင်ကနေမြှောက်ပင့်ထားဖို့မိန့်မှာတော်မူခဲ့ပါတယ်။ အဲဒီနည်းလမ်းဟာ လက်ဖျံနဲ့လက်မောင်းကြွက်သားတွေအတွက် ပိုပြီးသင့်လျော်ကောင်းမွန်ပါတယ်။

စဂ်ျဒဟ်ချခြင်းလူကိုအထက်အောက်ပြောင်းပြန်မလှန်ဘဲ ဦးနှောက်(ခေါင်း)က နှလုံးထပ်နှိမ့်တဲ့အခြေအနေကိုရရှိတဲ့ တစ်ခုတည်းသော ခန္ဓာကိုယ်အနေအထားပါပဲ။ ဒီနည်းအားဖြင့် သွေးတွေဟာဦးနှောက်ထဲကို အားအင်အပြည့်နဲ့စီးဆင်းစေပါတယ်။ တခြားခန္ဓာကိုယ်အနေအထားနဲ့ဆိုရင် ဦးနှောက်ကနှလုံးသားရဲ့အထက်မှာရှိတာကြောင့် ဦးနှောက်ကိုသွေးရောက်ဖို့ဆိုရင် နှလုံးကကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြီးအားစိုက်ညှစ်ထုတ်ရပါတယ်။

စဂ်ျဒဟ်အနေအထားမှာဆိုရင် ဦးနှောက်ကိုသွေးများများရောက်စေတာကြောင့် သွေးထဲမှာပါတဲ့ အာဟာရဓာတ်လည်း များများရပါတယ်။ ဒါကြောင့် မှတ်ဉာဏ်၊ အမြင်အာရုံ၊ အကြားအာရုံ၊ အာရုံစူးစိုက်မှုနဲ့ စိတ်ကျန်းမာရေးတွေအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဆွလားသ်မှန်မှန်ဝတ်ပြုသူတွေဆိုရင် ဘ၀မှာကြုံရတဲ့အခက်အခဲတွေကို တခြားလူတွေထက်ပိုပြီးကောင်းမွန်စွာဖြေရှင်းနိုင်ကြပါတယ်။ ဒါ့အပြင် သူတို့တွေမှာ ခေါင်းကိုက်ခြင်း၊ စိတ်ကျန်းမာရေးချွတ်ယွင်းခြင်းနဲ့ တခြားသိမြင်ခြင်းဆိုရာလုပ်ငန်းဆောင်တာများထိခိုက်အားနည်းခြင်းတွေ အဖြစ်နည်းလေ့ရှိပါတယ်။

စဂ်ျဒဟ်ချချိန်မှာ လည်ပင်းကြွက်သားတွေအတွက်အကောင်းဆုံးလေ့ကျင့်ခန်းရရှိပါတယ်။ နှဖူးကိုကြမ်းပြင်မှာချထားရတာကြောင့် အလေးချိန်ကိုလည်ပင်းကြွက်သားတွေက ထိန်းချုပ်ခြင်းအားဖြင့် ကြွက်သားတွေခိုင်မာသန်စွမ်းလာစေပါတယ်။ စဂ်ျဒဟ်ကနေခေါင်းကြွလိုက်ချိန် တင်းခနဲတစ်ချက်ဖြစ်သွားပြီး လည်ပင်းနဲ့ မျက်နှာကကြွက်သားတွေ အလုပ်လုပ်ထားကြောင်း သတိထားမိနိုင်ပါတယ်။

လည်ပင်းအနောက်ကြွက်သား (Cervical Muscles) သန်မာခြင်းအားဖြင့် Cervical Vertebra လည်ပင်းကျောရိုးမကြီးကို ကောင်းမွန်စွာကာကွယ်ပေးနိုင်ပါတယ်။ ဦးခေါင်းဟာ လည်ပင်းကြွက်သားအစုအဝေးနဲ့ ကျားကန်ထားတဲ့ လည်ပင်းကျောရိုးမအပေါ်မှာ ရှိတာကြောင့် အဲဒီကြွက်သားတွေသန်မာအားကောင်းဖို့ အင်မတန်အရေးကြီးပါတယ်။ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရပြီဆိုရင် လည်ပင်းကျောရိုးမရဲ့ အခြေအနေကို မဖြစ်မနေစစ်ဆေးဖို့အထိအရေးပါလှပါတယ်။

တစ်ရက်မှာ ဆွလားသ်ငါးကြိမ်ဝတ်ပြုရတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားပြီး လည်ပင်းကြွက်သားကို အားကောင်းစေပါတယ်။ ဒါကြောင့်နမာဇီတစ်ယောက်မှာ လည်ပင်းကျီးပေါင်းဖြစ်နိုင်ခြေအင်မတန်နည်းပါတယ်။

စဂ်ျဒဟ်ချခြင်းဟာ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ သားအိမ်ပုံသဏ္ဍာန်ပျက်ယွင်းပြီး အနေအထားမှားကာ ပြောင်းပြန်ဖြစ်တတ်တဲ့ Retroversion of Uterus အတွက် ကောင်းမွန်တဲ့ကုသနည်းတစ်ခုပါပဲ။

စဂ်ျဒဟ်ချခြင်းဟာ အမျိုးသားတွေယောက်ျားပီသမှုအတွက်အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဆိုတာကို အများစုမသိကြသေးပါဘူး။ Viagra ဆေးကိုမှီခိုနေရတဲ့ အမျိုးသားကြီးတချို့အတွက်သတင်းကောင်းတစ်ခုလို့တောင်ဆိုရပါမယ်။ စဂ်ျဒဟ်ကနေ ပြန်ထထိုင်ချိန် စအိုနဲ့ ကပ္ပာယ်အိတ်ပတ်ချာလည်မှာရှိတဲ့ Perinneal Muscles ကြွက်သားတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲထူတဲ့တာဝန်ကိုယူရတာကြောင့် တက်ကြွလှုပ်ရှားစွာ ကျုံ့ပေးရပါတယ်။ စဂ်ျဒဟ်ကနေမတ်တပ်ပြန်ရပ်ချိန်မှာလည်း အဲဒီ Perinneal ကြွက်သားတွေနောက်တစ်ကြိမ် ထပ်မံလှုပ်ရှားရတာကြောင့် အမျိုးသားတွေရဲ့စွမ်းရည်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုလုပ်ပြီးသားဖြစ်မှာပါ။

ဒါတင်မကသေးပါဘူး။ စဂ်ျဒဟ်ချဖို့ ခန္ဓာကိုယ်ကိုင်းညွှတ်လိုက်ချိန်မှာ နောက်ကျောဖက်ကြွက်သားတွေအားကောင်းဖို့ လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်မှာပါ။ ဒါကြောင့် ဆွလားသ်ကိုဆွဲဆွဲမြဲမြဲဝတ်ပြုသူတွေမှာ ကျောနာဝေဒနာ အဖြစ်နည်းပါးခြင်းဖြစ်ပါတယ်။

စဂ်ျဒဟ်ချပြီးချိန်မှာ မတ်တပ်ပြန်ရပ်ခြင်း သို့မဟုတ် အသ်သဟီယားသ်ထိုင်ခြင်းလုပ်ရပါတယ်။ အသ်သဟီယားသ်အနေအထားမှာဆိုရင် ပေါင်ပေါ်ကိုလက်တင်ထားပြီးခြေထောက်နှစ်ချောင်းက အနောက်ကို ခေါက်လျက်အနေအထားနဲ့ထိုင်ရပါတယ်။ ဒီအနေအထားဟာ အခုကမ္ဘာမှာခေတ်စားနေတဲ့ ယောဂ (Yoga) လေ့ကျင့်ခန်းမှာပါဝင်တဲ့ ဖြေလျော့ခြင်းပုံစံထိုင်ခြင်း (Relaxation Position of Yoga) ဖြစ်ပြီး ကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့အကျိုးရလဒ်တွေရှိပါတယ်။

မဟာတမန်တော်မြတ်ကြီး ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ဟာ ရုကူကုန်းခြင်းနဲ့ စဂ်ျဒဟ်ချခြင်းကို ကိုယ်တော်တိုင်အချိန်ကြာကြာပြုလုပ်လေ့ရှိသလို ကျနော်တို့ကိုလည်း အဲဒီအတိုင်းကျင့်သုံးဖို့ မိန့်မှာထားပါတယ်။ ကိုယ်တော်မြတ်ရဲ့မိန့်မှာချက်ဟာ ဆေးပညာရှုထောင့်ကကြည့်မယ်ဆိုရင် ကျန်းမာရေးအတွက် အကောင်းဆုံးဆေးတစ်လက်ဖြစ်နေပါတယ်။

ဒါပေမဲ့ ဆွလားသ်ဝတ်ပြုခြင်းကို လေ့ကျင့်ခန်းလုပ်တယ်လို့ သဘောထားပြီး မလုပ်ရဘူးဆိုတာကို နှလုံးသွင်းထားရမှာပါ။ အဲဒီဆွလားသ်ဝတ်ပြုခြင်းဟာ ကျန်းမာရေးအတွက် အကျိုးထူးအများအပြားရှိတယ်လို့ မှတ်ယူထားရုံပါပဲ။

ဆွလားသ်ဝတ်ပြုခြင်းကြောင့် အလ္လာဟ်အရှင်မြတ်ကချီးမြှင့်တဲ့အကောင်းဆုံးအကျိုးကျေးဇူးကတော့ အရှင်မြတ်ရဲ့အမိန့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်လိုက်တာကြောင့် ရင်ထဲမှာခံစားရတဲ့ ငြိမ်းချမ်းမှုပါလို့ ပြောပါရစေ။

(စတီဗင်ရေးသည်)

Ref: The Medical Benefits of Sajdah By Dr. Muhammad Karim Beebani

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE