အစွန်းရောက်အမျိုးသားရေးဝါဒီများအား အရေးယူပေးရန် ပြည်ထဲရေးကို ရွှေဝါရောင်သံဃာတော်များ တိုက်တွန်း

အစွန်းရောက်အမျိုးသားရေးဝါဒီများကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်ပေးရန် ရွှေဝါရောင်သံဃာများ အထူးအစည်းအဝေးကြီး၏ မေလ ၂၀ ရက် ထုတ်ပြန်ကြေညာချက်တွင် ရွှေဝါရောင်သံဃာတော်များက မေတ္တာရပ်ခံလိုက်သည်။

ယနေ့ မေလ ၂၀ ရက်၌ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရွှေဝါရောင်ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့သည့် အထူးအစည်းဝေး၌ ရွှေဝါရောင်သံဃာတော်များက ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် အချက်အလက်သုံးချက် ပါဝင်ပြီး “အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဟောပြောရေးသားချက်များကို ကန့်ကွက်ရှုတ်ချ၍ မိမိတို့သားသမီးများ ပါဝင်ပတ်သက်ခြင်းမရှိရန် ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အစွန်းရောက်အမျိုးသားရေးဝါဒီများအား အချိန်နှင့် တပြေးညီအရေးယူဆောင်ရွက်ပေးရန်၊ ၂၁ ရာစုပင်လုံညီလာခံကြီးအား အပြည့်အ၀ထောက်ခံပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီဆောင်ရွက်ကြပါရန်” မေတ္တာရပ်ခံထားသည်။

လွန်ခဲ့သည့် ဧပြီလကုန်ပိုင်းနှင့် ယခုလ အစောပိုင်းတွင် သာကေတနှင့် မင်္ဂလာတောင်ညွှ်န့်မြို့နယ်တို့၌ အစွန်းရောက်ဗုဒ္ဓဘာသာအုပ်စုများ ဆူပူသောင်းကျန်းခဲ့ကြသည်။

ရွှေဝါရောင်သံဃာတော်များ၏ ကြေညာချက်ထုတ်ပြန်သည့်နေ့ မနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘောလုံးကွင်းအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးရန် လူဟောင်းများဖြင့် အသွင်ပြောင်းဖွဲ့စည်းထားသော မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း (ရန်ကုန်) ဦးဆောင်ကာ သံဃာတော်များနှင့် လူပုဂ္ဂိုလ် လူ(၃ဝဝ) ခန့်က တောင်းဆိုခဲ့ကြသေးသည်။

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7