ဖခင်မေတ္တာ (သို့) ကိုယ်တိုင်မစားဘဲ သမီးတွေစားတာကြည့်ပြီး ကြည်နူးရှာတဲ့ သမီးတို့ဖေဖေ

 

သင်ဟာမိဘတစ်ယောက်ဆိုရင် သင့်သားသမီးတွေပျော်ရွှင်ဖို့နဲ့ လူတောတိုးနိုင်ဖို့သက်သက်အတွက် ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို စတေးခဲ့ဖူးမှာပါ။ အသုံးငွေအကျပ်အတည်းနဲ့ ကြုံနေရချိန်မှာ ကိုယ့်အတွက်ကိုယ် အ၀တ်အစားနဲ့ အသုံးအဆောင်တွေဝယ်ယူသုံးစွဲမယ့်အစား ကလေးတွေရဲ့လိုအပ်ချက်ကိုသာ ဖြည့်ဆည်းပေးလိုက်တာမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။

အဲဒီလိုမိဘမေတ္တာမျိုးကို ဖိလစ်ပိုင်လူမျိုးဖခင်တစ်ဦးက ကွက်ကွက်ကွင်းကွင်း ပြသသွားခဲ့ပါတယ်။

အောက်မှာဖော်ပြထားတဲ့ ပုံကိုကြည့်ရင် ရင်ထဲအတော်ထိလောက်မှာပေါ့။ ဖိလစ်ပိုင်က နာမည်ကြီး Fast-food ဆိုင် Jollibee မှာ ပိန်လှီလှီလူတစ်ယောက်ဟာ သူ့သမီးနှစ်ယောက်ကြက်ကြော်စားနေတာကို ထိုင်ကြည့်နေတဲ့ပုံပါပဲ။

စိတ်အတော်ထိခိုက်ရတဲ့ အကြောင်းအရင်းကတော့ ဖခင်ဖြစ်သူဟာ သမီးတွေကိုဝယ်ကျွေးပြီးနောက် သူကိုယ်တိုင်စားဖို့ ပိုက်ဆံမကျန်တော့တာကြောင့် ဒီအတိုင်းထိုင်ကြည့်နေခဲ့တာပါ။

ဒီမြင်ကွင်းကို ဖိလစ်ပိုင် ဖေ့ဘုတ်သုံးစွဲသူ Jhunnel Sarajan ဆိုသူက အလျင်အမြန်မှတ်တမ်းတင်ခဲ့ပြီး ဖေ့ဘုတ်ပေါ်တင်လိုက်ချိန်မှာတော့ တောမီးအလားတမဟုတ်ချင်း ပျံ့နှံ့သွားပါတော့တယ်။ သူက အဲဒီဖခင်ဖြစ်သူကို သွားမေးကြည့်တော့ သူဟာ Single Father (ဖအေတစ်ခု သမီးတစ်ခု) အဖြစ်နဲ့ သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်သူဖြစ်ကြောင်းနဲ့ လေဖြတ်ဝေဒနာကိုခံစားနေရကြောင်းလည်းသိရပါတယ်။

သမီးတို့ဖေဖေရဲ့နာမည်ကတော့ Ryan Arebuabo ပါတဲ့။ သမီးနှစ်ယောက်နဲ့အတူ ဖြစ်သလိုဆောက်ထားတဲ့ တဲငယ်လေးထဲမှာ သူတို့တတွေနေထိုင်ရပါတယ်။ သူတို့အိမ်ဟာ အထပ်သားနဲ့ သံချေးကိုက်နေတဲ့ သံပြားတွေနဲ့ ကာထားပြီး လေးစကွဲမီတာ ပတ်လည်သာကျယ်ဝန်းပါတယ်။ Arebuabo ဟာ အသက် ၃၈ နှစ်ရှိပါပြီ။ လေဖြတ်ဝေဒနာ (Stroke) ကိုခံစားခဲ့ရတာ နှစ်တွေကြာခဲ့ပါပြီ။ လေဖြတ်ဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရပြီး ပြန်ဆင်းလာချိန်မှာလည်း အချိန်အတော်ကြာသည်အထိ အလုပ်မလုပ်နိုင်ခဲ့ပါဘူး။ သိပ်မကြာခင်မှာတော့ ဇနီးသည်ဖြစ်သူက သမီးနှစ်ယောက်ဖြစ်တဲ့ Rose May နဲ့ Rose Ann တို့ကို ခေါ်ပြီး သူ့ကိုစွန့်ခွာသွားပါတော့တယ်။

Arebuabo ရဲ့ ညီမငယ် Ria က ဒီအဖြစ်အပျက်ကို မခံစားနိုင်ဘဲ သူ့အစ်ကိုဘက်က ရပ်တည်ပြီး ပြန်လည်စေ့စပ်ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အကြင်လင်မယားပြန်လည်ပေါင်းဖက်အောင် မဆောင်ရွက်နိုင်ခဲ့ပေမယ့် သမီးနှစ်ယောက်ကိုတော့ ဖခင်ဖြစ်သူလက်ထဲရောက်အောင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။

အသက် ၆ နှစ်အရွယ် သမီးငယ် Rose May က သူငယ်တန်းဖြစ်ပြီး အသက် ၈ နှစ်အရွယ် Rose Ann ကတော့ Grade 2 (နှစ်တန်း) မှာပါ။

Arebuabo ဟာ နေ့စဉ် မနက် ၅ နာရီ အိပ်ယာထပြီး သမီးနှစ်ယောက်ကို ကျောင်းပို့ဖို့ စီစဉ်ပေးရပါတယ်။ အဲဒီနောက်မှာတော့ သူတို့လိုအပ်တာဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်းပြုရပါတော့တယ်။

လက်တွန်းရွှေ့ပြောင်းဆိုင်လေးကနေ မုန့်ရောင်းချပြီး တစ်ရက်ကို ဖိလစ်ပိုင်ပိုက်ဆံ ၁၀၀ ကနေ ၂၀၀ ထိ ၀င်ငွေရပါတယ်။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၂ ဒေါ်လာ ကနေ ၄ ဒေါ်လာပါ။ အစိုးရထောက်ပံ့ငွေအဖြစ် တစ်လကို ဖိလစ်ပိုင်ငွေ ၂၂၀၀ (၄၄ ဒေါ်လာ) ရပါတယ်။ အဲဒီထောက်ပံ့ငွေက ကလေးကျောင်းတက်ဖို့နဲ့ အစားအသောက်အတွက်သာ လောက်ငှမှုရှိပါတယ်။

ပျံ့နှံ့ခဲ့တဲ့ပုံထဲမှာ Arebuabo ဟာ သူ့သမီးနှစ်ယောက်ကို ကြက်ကြော်လိုက်ဝယ်ကျွေးရတာက Rose May ရဲ့ အတန်းအောင်ဘွဲ့ယူခြင်းအထိမ်းအမှတ်ဖြစ်တယ်လို့ ဆိုပါတယ်။ သမီးနှစ်ယောက်လုံးက သူတို့အကြိုက်ဆုံးကြက်ကြော်ကို မှာစားခဲ့ကြပြီး ဖခင်ဖြစ်သူက “ငါ့သမီးလေးတွေစားရင် ငါဗိုက်ဝသလိုပဲ” ဆိုတဲ့ မေတ္တာအပြည့်နဲ့ထိုင်ကြည့်နေခဲ့ပါတယ်။

ဖအေတစ်ခုသမီးတစ်ခုအဖြစ် သမီးနှစ်ယောက်လုံးကို ဖခင်ကောင်းပီသစွာ ပြုစုပျိုးထောင်နိုင်ကြောင်း သူ့ကိုစွန့်ပစ်သွားတဲ့ ဇနီးဟောင်းကို သက်သေပြနိုင်ခဲ့ပြီလို့လည်း သူကဆိုပါတယ်။

ကဲ… ဖခင်မေတ္တာပြည့်ဝလှတဲ့ သမီးတို့ရဲ့ဖေဖေကိုတော့ ဘယ်သူမလေးစားဘဲနေနိုင်ဦးမှာလဲ။

ကိုယ်ကျိုးကိုလုံးဝမငှဲ့တဲ့ လောကကြီးထဲက ရှားပါးလူသားတစ်ယောက်ပေါ့။ ဖခင်မေတ္တာကိုအကောင်းဆုံးဖော်ကျူးနိုင်ခဲ့သူတစ်ယောက်ပေါ့။

ဉာဏ်အလင်း

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz