ရိုဟင်ဂျာလူနည်းစုအပေါ် ရက်စက်မှုကျူးလွန်နေခြင်းကို ပုပ်ရဟန်းမင်းကြီး အပြင်းအထန်ဝေဖန်

မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူနည်းစုများအပေါ် ရက်စက်မှုများကျူးလွန်နေခြင်းနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

Pope Francis leads his Wednesday general audience at the Paul VI audience hall in Vatican City February 8, 2017. REUTERS/Tony Gentile

 
“သူတို့တတွေခံစားနေရတာ နှစ်တွေကြာမြင့်ခဲ့ပါပြီ။ သူတို့ဟာ ယဉ်ကျေးမှုနဲ့ မွတ်စလင်ယုံကြည်ချက်အတိုင်းနေထိုင်ခြင်းသက်သက်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံ၊ အသတ်ဖြတ်ခံနေရတာပါ” ဟု ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဓဟူးနေ့က မိန့်ကြားခဲ့ခြင်းဖြစ်သည်။
 
“သူတို့ခမျာ မြန်မာနိုင်ငံကနေ မောင်းထုတ်တာခံရတယ်။ ဘယ်သူကမှ သူတို့ကိုအလိုမရှိတာကြောင့် တစ်နေရာကနေနောက်တစ်နေရာကို ရွှေ့ပြောင်းနေကြရတယ်။ ဒါပေမဲ့ သူတို့က လူကောင်းတွေပါ။ ငြိမ်းချမ်းတဲ့လူတွေပါ။ သူတို့ဟာ ခရစ်ယာန်တွေမဟုတ်ပါဘူး။ သူတို့ဟာ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်ပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ဆက်လက်မိန့်ကြားခဲ့သည်။
 
သောကြာနေ့ အစီရင်ခံစာထွက်ပြီးနောက် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စွပ်စွဲချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခွင့်ပြုရန် ကတိက၀တ်ပြုခဲ့သည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ဇိုင်းဒ် ရအသ် အလ်-ဟူစိန်က ဆိုသည်။
 
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် မြန်မာနိုင်ငံသည် နိုင်ငံမြောက်ပိုင်း၌ နေထိုင်သည့်မွတ်စလင်များအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်သည်ဆိုသည့်စွပ်စွဲချက်များအားလုံးနီးပါးကို ယခင်က ငြင်းဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်သည် ယခုနှစ်နှောင်းပိုင်း၌ မြန်မာနိုင်ငံ၏အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟု မျှော်လင့်ရသည်။
 
“ရင်ခွင်ပိုက်အရွယ်၊ လမ်းလျှောက်ခါစအရွယ် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို သတ်ဖြတ်ခြင်း၊ ထွက်ပြေးတိမ်းရှောင်နေသည့် လူများကို ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက်ဖမ်းဆီးချုပ်နှောင်ခြင်း၊ စနစ်တကျစီမံကိန်းဖြင့် မုဒိမ်းကျင့်ခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အစာအသောက်များနှင့် အစာရေစာရင်းမြစ်များကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းများ” ကျူးလွန်ကြောင်း မျက်မြင်သက်သေများကပြောကြားခဲ့သည်ဟု ကုလသမဂ္ဂအစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။
 
ပုပ်ရဟန်းမင်းကြီး၏ ဝေဖန်ချက်နှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏Facebook စာမျက်နှာတွင် “ပုပ်ရဟန်းမင်းကြီးအဆက်ဆက် ဘင်္ဂလီပြဿနာနဲ့ပတ်သက်ပြီး အခုလိုလူသိရှင်ကြားပြောတာမရှိဘူး” ဟု ရေးသားထားသည်။
 
သို့ရာတွင် သမ္မတဦးသိန်းစိန်လက်ထက် Boat People ပြဿနာဖြစ်နေသည့်၂၀၁၅ ခုနှစ် မေလအတွင်း ပင်လယ်ထဲမျောနေသည့် ဘင်္ဂလားဒေ့ရှ်နှင့် ရိုဟင်ဂျာဒုက္ခသည်တွေအရေးကို ပုပ်ရဟန်းမင်းကြီးက အခုလိုပြောကြားခဲ့သည်။
 
“ကျနော့်နှလုံးသားမှာ နာကျင်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အန်ဒမန်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ မျောနေကြတဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့အခြေအနေတွေကို ဆက်လက်ပြီးလေ့လာခဲ့ပါတယ်။ သူတို့တတွေ ဆိုးဆိုးဝါးဝါးခံစားကြရပြီး အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတာကို ကူညီနေတဲ့ နိုင်ငံတွေကို ကျနော်အနေနဲ့ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားလိုပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့လည်း ရွှေ့ပြောင်းဒုက္ခသည်တွေကို လိုအပ်တဲ့ လူသားချင်းစာနာတဲ့အထောက်အပံ့တွေပေးအပ်ဖို့ ကျနော့်အနေနဲ့ အထူးတလည်တိုက်တွန်းအပ်ပါတယ်”

 
ဦးရဲထွဋ်က “ဘင်္ဂလီပြဿနာနဲ့ပတ်သက်ရင် တပ်မတော်အစိုးရလက်ထက်၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာပါ နိုင်ငံတကာမျက်နှာစာမှာ တုံ့ပြန်ချေပနိုင်မှုအားနည်းခဲ့ပါတယ်။ ဒါကလည်းစစ်အစိုးရ၊ စစ်သားတစ်ပိုင်းအစိုးရ ဆိုတဲ့ အမြင်တွေရဲ့လွှမ်မိုးမှုလည်းတစ်စိတ်တစ်ပိုင်းပါသလို မီဒီယာဆက်ဆံရေးမူဝါဒလိုအပ်မှု၊ သံတမန်နည်းလမ်းအရလုပ်ဆောင်ရာမှာ အကန့်အသတ်ရှိမှုတွေကြောင့်လည်းဖြစ်ပါတယ်။ သမ္မတဦးထင်ကျော်အစိုးရလက်ထက်မှာတော့ နိုင်ငံတကာမျက်နှာစာမှာ သြဇာရှိတဲ့၊ မျက်နှာလှတဲ့ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီဖြစ်တဲ့အတွက် အရင်က အားနည်းချက်တွေကိုပြင်ပြီး ထိထိရောက်ရောက်တုံ့ပြန်နိုင်ဖို့ လိုပြီလို့ထင်ပါတယ်” ဟု တိုက်တွန်းရေးသားထားသည်။
ဉာဏ်အလင်း
 
ကိုးကား : Reuters (Reporting By Philip Pullella; Editing by Janet Lawrence)
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE