အပျော်စီးသင်္ဘောပေါ်မှာ လေးရက်တာကျင်းပမယ့် သန်းကြွယ်သူဌေးသားရဲ့ မင်္ဂလာပွဲ

ယူအေအီကဋေကြွယ်သူဌေး ရိဇ်ဝန်း ဆာဂျန်းက သားဖြစ်သူရဲ့မင်္ဂလာဆောင်မှာ ဒေါ်လာ သန်း ၃၀ အသုံးပြုပြီး မြေထဲပင်လယ်ထဲက အပျော်စီးသင်္ဘောတစ်စီးပေါ်မှာ လေးရက်တာကျင်းပသွားမယ်လို့ ဆိုလိုက်ပါတယ်။
 
Danube Group ကုမ္ပဏီတည်ထောင်သူ ရိဇ်ဝန်း ဆာဂျန်းဟာ အာရပ်စီးပွားရေးလောကထဲက အချမ်းသာဆုံး အိန္ဒိယသူဌေး အယောက် ၅၀ စာရင်းမှာ နံပါတ် (၈) နေရာချိတ်သူဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှုကတော့ ကန်ဒေါ်လာ ၂ ဘီလီယံ ဖြစ်ပါတယ်။
 
ကုမ္ပဏီဒါရိုက်ဖြစ်သူ အဒဲလ်ဆာဂျန်းနဲ့ အလှမယ်ဟောင်းဖြစ်သလို စာရေးဆရာနဲ့ အနုပညာရှင်ဖြစ်သူ ဆနားခန်းတို့ဟာ အပျော်စီးသင်္ဘောပေါ်မှာ မင်္ဂလာဆောင်ကြမှာပါ။ သူတို့ရဲ့မင်္ဂလာပွဲကို ဧပြီ ၆ ရက် ကနေ ၉ ရက်အထိ ခြိမ့်ခြိမ့်သဲကျင်းပမှာဖြစ်ပြီး အခမ်းအနားအပြင်အဆင်ကိုတော့ ဘောလီဝုဒ်ရုပ်ရှင်ဖြစ်တဲ့ “Dil Dhadakne Do” ကို အတုယူထားတယ်လို့ သိရပါတယ်။
ဖိတ်ခံရတဲ့ ဧည့်သည်ပေါင်း ၁၁၀၀ ထဲမှာ ဘော်လီဝုဒ်ကြယ်ပွင့်တွေဖြစ်တဲ့ ရှိလ်ပါ ရှက်သီး ကွန်ဒရား၊ ဂေါင်ဟာခန်း၊ ဂီတဒါရိုကတာ မီးတ်ဘရိုးစ်၊ ဗီရှဲလ် ရှီခါး တို့အပါအ၀င် အိန္ဒိယနဲ့ ယူအေအီးတစ်လွှားက သူကြွယ်တွေနဲ့ နာမည်ကျော်ကြားသူတွေပါဝင်ပါတယ်။ အိန္ဒိယ ရက်ပါအဆိုတော် ဘားဒရှားက အပျော်စီးသင်္ဘောပေါ်မှာ ဖျော်ဖြေမှာပါ။ နောက်ထပ် အိန္ဒိယနာမည်ကြီး ရက်ပါ ဖြစ်တဲ့ ယိုယိုဟန်နီးဆင်းဂ်က ၂၀၁၆ ဧပြီလတုန်းကကျင်းပတဲ့ စေ့စပ်ပွဲမှာ ဖျော်ဖြေပေးခဲ့တာပါ။
 
“ကျနော့်ရဲ့တစ်ဦးတည်းသောသား အဒဲလ်ရဲ့မင်္ဂလာအခမ်းအနားဆိုတာ ကျနော့်ဘ၀မှာ အရမ်းကိုစောင့်စားခဲ့ရတဲ့အချိန်အခိုက်အတန့်ပါ။ ဒီပီတိကို ဖော်ကျူးဖို့ စကားလုံးတောင်ရှာမရတော့ပါဘူး။ ကျနော့်ဇနီးသည် ဆမီရားနဲ့ ကျနော်နဲ့က ချစ်စရာသတို့သမီးလေး ဆနားကို မိသားစုဝင်အဖြစ်ဖိတ်ခေါ်ဖို့ အင်မတန်လိုလားနေကြပါတယ်။ ကျနော်တို့ရဲ့ခန်းမိသားစုမှာ မိသားစုဝင်အသစ်တွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ပျော်ရွှင်ဖွယ်ရာဆက်ဆံရေးတွေ အဓွန့်ရှည်နိုင်ဖို့အတွက် ကျနော်မျှော်လင့်နေပါတယ်” လို့ ဆာဂျန်းက ပြောပါတယ်။
မင်္ဂလာအခမ်းအနားကို အိန္ဒိယရိုးရာဓလေ့မပျောက်ပျက်စေဘဲ ကျင်းပသွားမယ်လို့လည်း ဆာဂျန်းက ဆိုပါတယ်။ မင်္ဂလာသင်္ဘောကြီးဟာ စပိန်နိုင်ငံ ဘာစီလိုနားသင်္ဘောဆိပ်ကနေ ပြင်သစ်နိုင်ငံ မာဆေးလ်မြို့၊ ကိန်းမြို့နဲ့ ဆာဗိုနားမြို့တို့ကို လေးရက်တာ လှည့်လည်သွားလာမှာဖြစ်ပါတယ်။
 
Ref: arabianbusiness
 
ဉာဏ်အလင်း
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oR54rj
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1