ရမဇာန်ကိုအသုံးချလို့ သွေးချင်းညီနောင်များကိုဖိတ်ခေါ်စို့

ကဏ္ဍ – Myanmar Muslim Issue
 
လမြတ်ရမဇာန်ရောက်လာပြီ။ မွတ်စလင်ညီနောင်တွေကြားကောင်းမှုကုသိုလ်ပွားများရမယ်ဆိုတဲ့အသိတွေ နိုးကြားလာပြီ။ လမြတ်ရမဇာန်ကစိတ်ကိုချုပ်တည်းပြီးကိုယ်ချင်းစာတရားလက်ကိုင်ပြုဖို့လေ့ကျင့်ပေးတဲ့လဖြစ်ပါတယ်။ ဒီလမှာဥပုသ်သီလစောင့်ထိန်းရတယ်။ ဟဒီးဆ်တော်တွေမှာနဖိလ်နမာဇ်တွေဖတ်ဖို့ အကျိုးကုသိုလ်တွေပြပြီးဆော်သြထားတာတွေ့ရလိမ့်မယ်။ အလှူဒါနကိုလည်းတခြားလတွေထက်ပိုပြီးလုပ်ဖို့ တိုက်တွန်းထားပြန်တယ်။ ကိုယ်ချင်းစတရားကိုလက်ကိုင်ပြုရမယ်ဆိုတာလူအများသိထားသလိုဘောင်ကျဉ်းကျဉ်းလေးမဟုတ်ဘူး။ အစ္စလာမ်မှာကတအားကျယ်ပြန့်လွန်းတယ်။ လူသားထုတစ်ရပ်လုံးပါတယ်။ ဒါကြောင့် ခုလိုမွန်မြတ်တဲ့လမှာတမြေတည်းနေတရေတည်းသောက်နေတဲ့ ကိုယ့်ညီနောင်တွေနဲ့ ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာတင်ပြမှာဖြစ်ပါတယ်။
 
မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအားလုံးကညီနောင်သားချင်းတွေဖြစ်ကြပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကလူသားထုတစ်ရပ်လုံးရဲ့ မိခင်နဲ့ဖခင်ဟာ ဟောင်ဝါနဲ့ အာဒမ်ဖြစ်တယ်လို့ ထင်ထင်ရှားရှားအမိန့်ရှိထားတယ်။ ဒါကြောင့် ကျနော်တို့အားလုံးဟာမိသားစုတစ်စုကဆင်းသက်လာတဲ့ ဆွေမျိုးရင်းချာတွေဖြစ်ကြတယ်။ မိမိညီနောင်သားချင်းတွေနဲ့ အကောင်းဆုံးပုံစံနဲ့ ဆက်ဆံရမှာလူတိုင်းအသိပါပဲ။ ဒါကြောင့်အခုလိုမွန်မြတ်လှတဲ့လနဲ့ အီးဒ်ပျော်ပွဲတွေမှာမွတ်စလင်မဟုတ်သူညီနောင်တွေကိုဘယ်ပုံစံနဲ့ ပါဝင်စေကြမလဲ။
 
လူတစ်ဦးဟာအီမာန်ရှိမှ လွတ်မြောက်မှုရမယ်ဆိုတာကျနော်တို့ရဲ့အကီဒဟ်ယုံကြည်မှုပါ။ အီမာန်မရှိရင် ထာဝရဂျဟန္နမ်ရဲ့လောင်စာဖြစ်လိမ့်မယ်။ ဂျဟန္နမ်ရဲ့ပြင်းထန်မှုကိုလောကကြီးရဲ့ဘယ်ဒုက္ခနဲ့မှ နှိုင်းဆလို့မရနိုင်ဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ကြင်နာသနားမှုကအလွန်ကျယ်ဝန်းလွန်းလို့ အလွန်အင်မတန်ကြီးမားလှတဲ့ အပြစ်ဂုနာဟ်တွေကိုခွင့်လွှတ်လိုက်လိမ့်မယ်။ ဒါပေမဲ့ ရှိရ်က်တုဖက်နှိုင်းယှဉ်မှုကိုတော့ လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး။ ဇနီးသည်ရဲ့တခြားအပြစ်တွေအားလုံး (နှုတ်ကြမ်းတာ၊ အသုံးအဖြုန်းကြီးတာ၊ ရုပ်ဆိုးတာ) ကိုခင်ပွန်းကခွင့်လွှတ်နိုင်ပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှုကိုလုံးဝခွင့်မလွှတ်နိုင်သလိုပါပဲ။ လူသားကိုအလ္လာဟ်အရှင်မြတ်ကဖန်ဆင်းထားတယ်။ အချိန်နဲ့အမျှချီးမြှင့်မှုတွေ ဒုနဲ့ဒေး။ အရှင့်ပေးကမ်းမှုတွေနဲ့ အကျိုးခံစားပြီးအလ္လာဟ်အရှင်မြတ်နဲ့ တခြားအရာကိုယှဉ်တွဲကိုးကွယ်တယ်ဆိုရင် အလွန်ကြီးလေးလှတဲ့ပြစ်မှုကြီးဖြစ်တယ်။ ဒီပြစ်မှုကိုအာခိရသ်မှာအလ္လာဟ်အရှင်မြတ်ကလုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး။
 
အကြီးမားဆုံးကိုယ်ချင်းစာတရားကအမှန်တရားဖြစ်တဲ့ အစ္စလာမ်ကိုမသိသေးသူတွေဆီအစ္စလာမ်အကြောင်းသိစေဖို့ဖြစ်တယ်။ အဲဒီအတွက် လမြတ်ရမဇာန်ကအခွင့်အရေးပဲ။ ဒီလမြတ်မှာကျမ်းတော်မြတ်ကုရ်အာန် စတင်ကျရောက်ခဲ့တယ်။ ဒါကိုအောက်မေ့သတိရဖို့ သရာဝီးဟ်နမာဇ်ဖတ်ရတယ်။ မြင့်မြတ်လှတဲ့ ကဒ၇်ညမြတ်မှာ ကျမ်းတော်မြတ်ကုရ်အာန်ကျရောက်ခဲ့တယ်။ ဒါကြောင့် ဒီလမြတ်မှာကုရ်အာန်ဘာသာပြန်နဲ့ ဟဒီးဆ်ဘာသာပြန်တွေကိုမွတ်စလင်မဟုတ်သူညီနောင်တွေဆီကိုပို့ပေးသင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျမ်းတော်မှာဆွဲဆောင်မှုနဲ့ လူကိုဖမ်းစားနိုင်တဲ့စွမ်းအားရှိပါတယ်။ ကုရ်အာန်ကိုပို့ပေးနိုင်ရင် မခန့်မှန်းနိုင်တဲ့ ထူးခြားကောင်းမွန်တဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။
 
အိဖ်သာရ်ဝါဖြေချိန် အစားအသောက်တွေအပြင် နောက်တစ်ဖက်ကကြည့်ရင် အရှင့်ကျေးကျွန်ပီသမှု၊ အမိန့်နာခံမှုတွေကတကယ့်ကိုဆွဲဆောင်မှုရှိတဲ့မြင်ကွင်းပါ။ တစ်နေကုန် မစားမသောက်တဲ့အပြင် အရှေ့မှာစားစရာရှိတာတောင် မစားကြဘူး။ မဂ်ရိဘ်အချိန်ကျတာနဲ့ မုအဇ္ဇင်န်ကအဇာန်လည်းဆိုရောချမ်းသာသူ၊ ဆင်းရဲသူ၊ အနိမ့်အမြင့်အားလုံးခွဲခြားမှုမရှိအတူတူထိုင်စားနေတဲ့မြင်ကွင်းကစိတ်ဝင်စားစရာကောင်းလွန်းတယ်။ တစ်နေကုန် အငတ်နေခဲ့ပြီးကိုယ့်အရှေ့မှာအစားအစာတွေရှိနေတာတောင် မစားသေးဘဲအလ္လာဟ်အရှင်မြတ်ထံတော်မှာငိုယိုမြည်တမ်းပြီးဆုတောင်းနေတဲ့ မြင်ကွင်းကိုကြည့်ပြီးဘယ်သူမှ မအံ့သြဘဲနေနိုင်မှာမဟုတ်ပါဘူး။
 
ဒါကြောင့် အိဖ်သာရ်အတွက် မွတ်စလင်မဟုတ်သူညီနောင်များကိုဖိတ်ကြားသင့်ပါတယ်။ အကျွေးအမွေးနဲ့အတူအရှင့်အရှေ့မှာ ရိုကျိုးနေကြတဲ့မြင်ကွင်းကိုမြင်စေပါ။ ဒါပေမဲ့ ဝါဖြေတဲ့အချိန်ဆူညံဟစ်အော်သံတွေမရှိစေဘဲစည်းကမ်းရှိပြီးသေသေသပ်သပ်ဖြစ်နေဖို့တော့လိုပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာအာဟာရထက် နာမ်ပိုင်းဆိုင်ရာအာဟာရကိုပိုပြီးဂရိုစိုက်ဖို့လိုပါတယ်။ နာမ်ပိုင်းဆိုင်ရာဆိုတာသူတို့ဆီကိုအစ္စလာမ်အကြောင်းသိစေဖို့ အစီအစဉ်တွေလုပ်ရပါမယ်။ ဥပမာဝါမဖြေခင်နာရီဝက်အရင်ကတည်းကဖိတ်ခေါ်ပြီးလမြတ်ရမဇာန်အကြောင်းအလျဉ်းသင့်သလိုမိတ်ဆက်ပေးသင့်ပါတယ်။ ရိုဇာရဲ့ရည်ရွယ်ချက်၊ လမြတ်ရမဇာန်မှာလုပ်ဆောင်ရတာတွေနဲ့အတူသောင်ဟီးဒ်၊ ရစူလ်၊ အာခိရသ်နဲ့ ပတ်သက်ပြီးအစ္စလာမ်ရဲ့ခံယူချက်၊ ကုရ်အာန်ကျမ်းမြတ်အကြောင်းမိတ်ဆက်စကား၊ ကုရ်အာန်ရဲ့ထိန်းသိမ်းစောင့်ရှောက်မှု သမိုင်းစတာတွေကိုပြောပြသင့်ပါတယ်။
 
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာသခင်ကြီးမော်လာနာဟိဒါယသွလ္လာဟ်ဆပ်နဲ့အတူမလေးရှားနိုင်ငံပူထရာဂျာယာဗလီကြီးကိုရောက်တဲ့အချိန် ဗလီမှာအစ္စလာမ်အကြောင်းပန်းဖလက်တွေ ကမ်းတာတွေ့ရတော့ ဆရာကြီးကဒို့မြန်မာပြည်မှာလည်းဒို့ညီနောင်တွေကိုအခုလိုဗလီဆီကိုခေါ်ပြီးပန်းဖလက်တွေကမ်းသင့်တယ်လို့ မိန့်ခဲ့တာကိုစာရေးသူအမှတ်ရနေတုန်းပါ။
 
နမာဇ်ကိုစုပေါင်းပြီးဝတ်ပြုနေတဲ့မြင်ကွင်းကလည်းအရှေ့လူရဲ့အာရုံကိုဖမ်းစားနိုင်မှာပါ။ ကျောက်တောင်၊ သစ်တော၊ ကြယ်တာရာနဲ့ သမုဒ္ဒရာအစရှိတာတွေရှေ့မှာဦးခေါင်းမငုံ့တဲ့ လူသားကငွေဝယ်ကျွန်တစ်ယောက်လိုမိမိအရှင်သခင်ရှေ့မှာလက်ပိုက်ပြီးရပ်နေလိုက်၊ ခါးကိုကိုင်းညွှတ်လိုက်၊ ဒူးထောက်ပြီးမျက်လွှာကိုအောက်ချကာနဖူးကိုမြေပေါ်ချနေလိုက်နဲ့ ဆန်းကြယ်လှပါတယ်။ နမာဇ်ပြီးတဲ့အခါလိုအပ်နေသူ၊ ဒုက္ခပင်လယ်ဝေနေသူတစ်ယောက်လိုလက်ဖြန့်ပြီး ရိုကျိုးမှုအပြည့်နဲ့ အရှင့်ထံတော်မှာတောင်းခံနေတဲ့မြင်ကွင်းကလည်းအလွန်ထူးခြားပါတယ်။ ချမ်းသာသူ၊ ဆင်းရဲသူ၊ ပညာတတ်၊ ပညာမဲ့၊ လူကြီး၊ လူငယ်အားလုံးတန်းတစ်တန်းမှာပုခုံးချင်းထိ၊ ခြေချင်းညှိပြီးရပ်နေတဲ့ပုံကလည်းလူတန်းစားခွဲခြားမှုမရှိတန်းတူညီမျှရှိမှုကိုပေါ်လွင်စေပါတယ်။
 
လမြတ်ရမဇာန်မှာဗလီတွေမှာနမာဇ်ဖတ်သူတွေနဲ့ ပြည့်လျှံနေကြပါတယ်။ ဒါကိုအခွင့်အရေးတစ်ရပ်အနေနဲ့ အသုံးချပြီးနမာဇ်ဖတ်တဲ့မြင်ကွင်းကိုလည်းညီနောင်တွေမြင်အောင်ခေါ်ပြသင့်ပါတယ်။ အစ္စလာမ်ရဲ့လက်တွေ့လုပ်ဆောင်ချက်တွေကိုသူတို့မြင်အောင်ပြကြပါ။ စိတ်ချမ်းသာပြီးတည်ငြိမ်မှုရနိုင်မယ့် ဗလီမှာ ရိုးစင်းတဲ့အိဗာဒသ်ကို ပြသစေချင်ပါတယ်။ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကဗနူနဂ်ျရာန်ကခရစ်ယာန်များကိုဗလီမှာတည်းခိုစေခဲ့ပါတယ်။ ဗဒရ်စစ်ပွဲမှာဖမ်းခံရတဲ့ မက္ကာဟ်မြို့က မုရှ်ရိက်အကျဉ်းသားတွေနေဖို့လည်းနဗဝီဝတ်ကျောင်းတော်မှာစီစဉ်ပေးခဲ့ပါတယ်။ စကီးဖ်မျိုးနါယ် မုရှ်ရိက်များကိုလည်းနဗယီဝတ်ကျောင်းတော်မှာပဲတည်းစေခဲ့ပါတယ်။ မွတ်စလင်မဟုတ်သူတွေအနေနဲ့ တမန်တော်မြတ်ကိုတွေ့ဆုံဖို့လာရင် များသောအားဖြင့် ဗလီမှာပဲတွေ့ဆုံလေ့ရှိပါတယ်။ ဒါကြောင့် ဒအ်ဝသ်အတွက် မွတ်စလင်မဟုတ်သူများကိုဗလီသို့ခေါ်ခွင့်ရှိပါတယ်။
 
လမြတ်ရမဇာန်နဲ့ ဝါကျွတ်အီးဒ်ကိုအခြေခံပြီးဖိသ်ရဟ်ရဲ့အမိန့်ရှိပါတယ်။ ရည်ရွယ်ချက်ကသူဆင်းရဲတွေကိုကူညီဖို့ဖြစ်ပါတယ်။ ဇကားသ်ကမွတ်စလင်တွေဆီကပဲယူပြီးမွတ်စလင်တွေကိုသာပေးရပါတယ်။ ဒါပေမဲ့ ဖိသ်ရဟ်ကကျမ်းမြတ်ကုရ်အာန်ကျရောက်ခဲ့တဲ့ လမြတ်ရမဇာန်ရဲ့ နိအ်မသ်ချီးမြှင့်မှုအပေါ် အလ္လာဟ်အရှင်မြတ်ကိုကျေးဇူးတင်ခြင်းနဲ့ ဝမ်းသာပျော်ရွှင်မှုမှာဆင်းရဲတဲ့ ညီနောင်တွေကိုပါဝင်စေနိုင်ဖို့ ကူညီခြင်းပဲဖြစ်ပါတယ်။
 
ဒါကြောင့် ဟနဖီဓမ္မသတ်ပညာရှင်များကမွတ်စလင်မဟုတ်သူတွေကိုပါ ဖိသ်ရဟ်ပေးပိုင်တယ်လို့ ဆိုထားပါတယ်။ ဇကားသ်အပြင် ကျန်တဲ့ ဝါဂျိဗ်ဆွဒကဟ် အလှူဒါနတွေအားလုံးကိုမွတ်စလင်မဟုတ်သူတွေကိုပေးပိုင်ပါတယ် (ဖသာဝါကာစိမိယဟ် တွဲ ၁၁၊ စာ ၃၇၀) (ဟိဒါယဟ် တွဲ ၁၊ စာ ၂၀၅) (ဖသာဝါမဟ်မူဒိယဟ် တွဲ ၉၊ စာ ၆၃၉)။ နဖိလ်ဆွဒကဟ်ကိုတော့ မွတ်စလင်မဟုတ်သူတွေကိုပေးပိုင်တယ်ဆိုတာအကွဲအလွဲမရှိပါဘူး။ ဝမ်းသာပျော်ရွှင်မှုမှာမွတ်စလင်မဟုတ်သူအိမ်နီးချင်းများနဲ့ ဒုက္ခရောက်နေသူများကိုပါ ပါဝင်စေပါ။ ဖိသ်ရဟ်ကိုလည်းဆင်းရဲသားမွတ်စလင်မဟုတ်သူတွေကိုပေးခြင်းအားဖြင့် အစ္စလာမ်ရဲ့ရက်ရောမှု၊ လူသားပီသမှု၊ ဆက်ဆံရေးပြေပြစ်မှုတွေကို ပြကြပါ။ အကျိုးစဝါးဗ်များစွာရပါလိမ့်မယ်။ အစ္စလာမ်ရဲ့အသံတိတ်မိတ်ဆက်မှုနဲ့ အသံတိတ် ဒအ်ဝသ်ဖိတ်ခေါ်မှုဖြစ်ပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ် အမလ်ကျင့်သုံးနိုင်စွမ်းချီးမြှင့်တော်မူပါစေ။ အာမီးန်
GTI ကျော်မင်းနိုင် (မြေနီကုန်း)

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM