ရမဇာန်ကို ဥပုသ်အပြည့်နဲ့ ကျန်းမာစွာဖြတ်သန်းကြစို့

ရမဇာန်ဥပုသ်လရောက်နေပြီဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးလေးတချို့ကို နိုင်ငံခြားက အာဟာရဗေဒပညာရှင်တွေရဲ့အကြံဉာဏ်တွေကို ဖတ်ရှုလေ့လာပြီး ကျနော့်အမြင်နဲ့ပေါင်းစပ်ကာ အနည်းငယ်တင်ပြပေးလိုပါတယ်။
 
ရမဇာန်လမှာ အဓိကစားသောက်ချိန်နှစ်ချိန်ရှိတယ်ဆိုတာ အထူးအထွေပြောဖို့လိုမယ်မထင်ပါဘူး။ အလွယ်ပြောရမယ်ဆိုရင် ဖဂျရ်ဆွလားသ်မတိုင်ခင် စဲဟ်ရီစားချိန်နဲ့ မဂ်ရိဗ်အဇာန်ပေးတဲ့ အိဖ်သာရီအချိန်တို့ပါ။
 
ဖိုက်ဘာ (အမျှင်ဓာတ်) နဲ့ ပရိုတိန်း (အသားဓာတ်) ကို စဲဟ်ရီချိန်မှာစားပါ
စဲဟ်ရီအချိန်က အစားအသောက်မစားဘဲ နေဝင်ချိန်ထိကျော်ဖြတ်ဖို့အတွက် တာထွက်ချိန်ပါ။ တစ်နေ့တာ ဥပုသ်ကာလာကို ကျော်ဖြတ်ဖို့အတွက် စဲဟ်ရီအချိန်မှာ အာဟာရရှိရှိစားသောက်ထားဖို့အရေးကြိးပါတယ်။ စဲဟ်ရီစားချိန်မှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသား၊ ဥ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အခွံမာသီး အစရှိတာတွေကို အမျှဓာတ်ကြွယ်ဝစွာပါတဲ့ အသီးအနှံ့၊ ဟင်းသီးဟင်းရွက်၊ ထမင်း၊ ပြောင်း၊ ဂျုံစတာတွေနဲ့ တွဲပြီးစားပါ။ အစာခံနိုင်ပါလိမ့်မယ်။ အလွန်အကျွံစားတာမျိုးကိုတော့ ရှောင်ရှားပါမယ်။ အစ္စလာမ်တရားတော်ကလည်း အလွန်အကျွံစားတာကိုအားမပေးပါဘူး။
 
အိဖ်သာရီအချိန်မှာ အလွန်အကျွံစားသောက်တာကိုရှောင်ရှားပါ
 
အိဖ်သာရီအချိန်ကတော့ တစ်နေကုန်ဆာလောင်နေသမျှကို ဖောင်ဖျက်ပြီး လက်မလည်အောင် စားတော့မယ့်အချိန်ပေါ့။ ဆာလောင်တဲ့ဝေဒနာကို စိတ်အလိုလိုက်ပြီး ကယ်လိုရီများလွန်းတဲ့အစားအစာတွေစားသောက်ပြီး မဖြေဖျောက်ခင်အရင် ပူလောင်မနေတဲ့ စွတ်ပြုတ်ရည်လေးတစ်ခွက် (ကျနော်တို့ဆီမှာတော့ ဟလင်မ်၊ ရှရ်ဝါပေါ့) ဒါမှမဟုတ် သီးရွက်စုံကို ရိုးရိုးဖြစ်ဖြစ် သုတ်ပြီးတော့ပဲဖြစ်ဖြစ်စားပေးပါ။ ပြီးတော့မှ ပရိုတိန်းပါတဲ့အစာတွေ စ စားပါ။ ထုံးစံအတိုင်း ပရိုတိန်းနဲ့တွဲဖက်ပြီး အမျှင်ဓာတ်ကိုလည်းစားပေးပါ။
 
အရေးကြီးတဲ့အချက်က ရမဇာန်တစ်လလုံးမှာ ကယ်လိုရီပေါ့ပေါ့ပဲပဲသာပါတဲ့ အစားအစာတွေနဲ့ အမှိုက်သရိုက်စာ (ရယ်ဒီမိတ်မုန့်တချို့၊ အားလူးကြော်အစရှိသည်) တို့ကိုရှောင်ရှားဖို့ပါပဲ။ ရမဇာန်လမှာစားဖို့ခွင့်ပြုထားတဲ့အချိန်အတွင်းမှာ (အိဖ်သာရီအချိန်မှ စဲဟ်ရီအချိန်ထိ) တစ်ရက်ကို အသီးအနှံနဲ့ဟင်းသီးဟင်းရွက် အနည်းဆုံးငါးကြိမ်ထိစားပေးဖို့အရေးကြီးပါတယ်။ ဘာပဲစားစား ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ၊ အာဟာရဓာတ်ပြည့်ပြည့်ဖြိုးဖြိုးပါတဲ့အစားအစာနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ဦးစားပေးပြီးစားသုံးပါ။ အမှိုက်သရိုက်အစားအစာဖြစ်တဲ့ မုန့်ဆိုင်မုန့်တွေကို ရှောင်ကျဉ်ပါ။ ငယ်သေးပေမယ့် ရိုဇာထားချင်တဲ့ ကလေးတွေအတွက်ဆိုရင် အားလူးကြော်ထုတ်တွေ၊ တရုတ်ဘက်ကဝင်တွေ အရောင်ဆိုးမုန့်တွေ မစားဖို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ အသေအချာဂရုစိုက်ရပါမယ်။
 
အချိုပွဲမှာ ဗာဒံစေ့နဲ့ စွံပလွံသီးတွေ ပြည့်နှက်နေပါစေ
 
တစ်နှစ်မှာတစ်လသာကျရောက်တဲ့ ရမဇာန်ဥပုသ်လမှာ အစားအသောက်စားတဲ့ပုံစံက မတူပဲကွဲထွက်နေတာကြောင့် ကျန်တဲ့ ၁၂ လနီးပါးမှာ ခန္ဓာကိုယ်က ကျင့်သားရပြီးသားပုံစံကနေ ပုံစံပြောင်းရပါတယ်။ (မှတ်ချက် – အစ္စလာမ်ပြက္ခဒိန်နဲ့တွက်ရင် ဂရီဂိုရီယန်း ၁၂ မပြည့်ပါ) ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲရတာကြောင့် ကျန်းမာရေးအပေါ်မှာ ကောင်းကျိုးရော ဆိုးပစ်ပါသက်ရောက်မှုရှိပါတယ်။ တခြားလတွေနဲ့မတူဘဲ နေ့ခင်းဘက်မှာထက် ညဘက်မှာ အစားပိုများတာကြောင့် နဂိုခန္ဓာကိုယ်အလေးချိန်မငြိမ်တဲ့ လူတွေဆိုရင် ကိုယ့်အလေးချိန်တက်ဖို့ အလားအလာများပါတယ်။ ညဘက်မှာ ဇီဝကမ္မဖြစ်စဉ်က နှေးကွေးတဲ့အတွက်ပါ။ နောက်တစ်ချက်က ဥပုသ်စောင့်ပြီဆိုရင် ဗိုက်ဆာတဲ့အလျောက် အဆီများပြီး အချိုဓာတ်များတဲ့ အစားတွေကိုစားဖို့ ပိုပြီးအာသီသပြင်းပြတတ်ပါတယ်။ အဲဒါတွေချည်းပဲ လှိမ့်စားပြီဆိုရင်တော့ ခါးတုတ်ပြီး ဗိုက်ခေါက်ထွက်ဖို့သာ မျှော်လင့်ထားလိုက်ပါတော့။ ဒါကြောင့် ရမဇာန်လမှာ “ဟာလဝါ” လိုအချိုတွေတည်းနေမယ့်အစား ဗာဒံစေ့နဲ့ စွံပလွံသီးအသင့်အတင့်ကို စားမယ်ဆိုရင်ဖြင့် အင်မတန်သင့်မြတ်ကြောင်းပါ။
 
မလိုအပ်ရင်နေပူထဲလုံးဝမထွက်ပါနဲ့
 
ကျနော်တို့မြန်မာနိုင်ငံနေရာအများစုက ပူပါတယ်။ ဒီတစ်ကြိမ်ဥပုသ်လဟာ မိုးရာသီထဲမှာကျတယ်ဆိုပေမယ့် နေပူဒဏ်ကတော့ ထုံးစံအတိုင်းရင်ဆိုင်နေရဆဲပါပဲ။ နွေရာသီထက်တော့သက်သာနေပါသေးတယ်။ ဒါကြောင့် မလိုအပ်ဘဲ နေပူထဲထွက်ပြီးအပြင်သွားတာမျိုးကိုရှောင်ပါ။ အပြင်မှာဈေးရောင်းရသူတွေအနေနဲ့လည်း အမိုးအကာ လုံလုံခြုံခြုံနဲ့ ရောင်းချကြပါ။ အချိန်ရရင် ရသလို အပင်အောက်၊ အမိုးအောက်လို အေးမြတဲ့နေရာမှာနေသင့်ပါတယ်။ ဒါမှခန္ဓာကိုယ်ထဲက ရေဓာတ်တွေမလိုအပ်ဘဲ ဆုံးရှုံးတာကို ကာကွယ်ပေးရာရောက်ပါလိမ့်မယ်။
 
ပြင်းထန်တဲ့လေ့ကျင့်ခန်းနဲ့ အရမ်းလှုပ်လှုပ်ရှားရှားသွားတာမျိုးမလုပ်ပါနဲ့။ ရန်ကုန်ဆိုရ်င အထပ်မြင့်မှာနေတဲ့လူတွေ မကြာခဏလှေခါးအတက်အဆင်းမလုပ်သင့်ပါဘူး။ စဲဟ်ရီအချိန်မှာ အရည်ရွှမ်းတဲ့အသီးအနှံစားတာပဲဖြစ်ဖြစ်၊ လက်လက်ဆတ်ဆတ်သစ်သီးဖျော်ရည်ပဲဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုထိန်းပေးရာလည်းရောက်ပါတယ်။ စဲဟ်ရီအချိန်မှာကော်ဖီတွေ၊ လက်ဖက်ရည်တွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဥပုသ်စောင့်ရင်းတန်းလန်း အင်မတန်ရေငတ်စေပါတယ်။
ကျန်းမာရေးပြဿနာရှိသူတွေ ဆရာဝန်နဲ့တိုင်ပင်ပါ
 
ဆီးချို၊ လည်ပင်းသွိုင်းရွိုက်ဝေဒနာအခံရှိပြီး ဟော်မုန်းဆေးအပေါ်မှီခိုနေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ တခြားဆေးစွဲသောက်နေရသူတွေအနေနဲ့ ကိုယ်သောက်နေကျဆေးတွေကို ပြန်ချိန်ဖို့အတွက် ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်ပါတယ်။ ရမဇာန်ဥပုသ်လအကြောင်းမသိတဲ့ (ဘာသာခြား) ဆရာဝန်ကိုလည်း ဘယ်လိုအချိန်မှာစားသောက်လို့ရတယ်၊ ဘယ်လိုအချိန်မှာ ရေတောင်သောက်လို့မရဘူးဆိုတာကို နားလည်အောင်ရှင်းပြပါ။ ဘာကြောင့်လဲဆိုတော့ တချို့ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ ရေသောက်လို့ရတာမျိုးတွေ ရှိနေလို့ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာသာခြားဆရာဝန်က အမှတ်မှားပြီး ဆေးသောက်လို့ရတယ်လို့ပါ ထင်နေမှာစိုးလို့ပါ။
 
ကြီးကောင်မဝင်ခင်အရွယ်ကလေးတွေကလည်း လူကြီးတွေလို ရိုဇာလိုက်ထားချင်တတ်ပါတယ်။ အဲဒီလိုကလေးတွေကို ရိုဇာပေးစောင့်တော့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးတာမျိုးက ပိုစိတ်ချရပါတယ်။ မိသားစုဆရာဝန်ပဲဖြစ်ဖြစ်၊ ကလေးကိုပြနေကျဆရာဝန်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။
 
ရောဂါဝေဒနာကြီးကြီးမားမားရှိပြီး ရိုဇာဥပုသ်စောင့်ထိန်းဖို့လည်း စိတ်ဆန္ဒပြင်းပြနေသူတွေအနေနဲ့လည်း ကိုယ့်ရောဂါအခြေအနေကို ဥပုသ်လမဝင်ခင်ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်သင့်ပြီး လိုအပ်တဲ့ စစ်ဆေးတာတွေကိုခံယူဖို့အရေးကြီးပါတယ်။ ဝမ်းလျှောနေတာမျိုးနဲ့ အသက်အန္တရာယ်ရှိပြီး Quality of Life ကို ထိခိုက်စေမယ့်အနေအထားမျိုးမှာ ရိုဇာဥပုသ်စောင့်ထိန်းကို လုံးဝမလုပ်သင့်ဘဲ ကိုယ့်ကျန်းမာရေးပြန်ကောင်းတဲ့အချိန်ရောက်တော့မှ အစားပြန်ဖြည့်ဖို့ ကြိုးစားသင့်ပါတယ်။
 
ရမဇာန်တစ်လလုံး ကျန်းကျန်းမာမာနဲ့ ရိုဇာအပြည့်အဝစောင့်ထိန်းနိုင်ပါစေကြောင်း ဉာဏ်အလင်းက ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
 
(စတီဗင်)
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7