မွတ်စလင်များ၏ ရမဇာန် ဥပုသ်လ ဆိုသည်မှာ…

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၂၈ရက် (၂၈.၅.၁၇) ရက် နေ၀င်ချိန်ကစလို့ တစ်လတာကြာမြင့်မယ့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဇာန် (ဥပုသ်လ/ ၀ါတွင်းကာလ)စတင်ဝင်ရောက်ပါတယ်။ လမြင်ခြင်း၊ မမြင်ခြင်းနဲ့ နေ့ညအချိန်ကွာဟမှုတွေပေါ်မူတည်ပြီး နိုင်ငံတကာမှာနေ့ရက်မတူညီနိုင်တာရှိပေမယ့်လည်း ရမဇာန်ဥပုသ်လကို တစ်ကမ္ဘာလုံးက အစ္စလာမ်ဘာသာကိုးကွယ်သူတွေဟာ တညီတညွတ်ထဲကျင်းပကြပါတယ်။ မြန်မာပြည်သားမွတ်စလင်မဟုတ်သူတွေအနေနဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ထူးကဲလှတဲ့ လမြတ်ရမဇာန် ဥပုသ်လအကြောင်းကို နည်းနည်းပါးပါးပဲဖြစ်ဖြစ် နားလည်သဘောပေါက်စေဖို့အတွက် မေတ္တာရှေ့ထားတင်ပြပေးလိုက်ပါတယ်။
 
(၁) ရမဇာန်ဆိုတာဘာလဲ? ရမဇာန်လဟာဘာကြောင့်အရေးကြီးရသလဲ?
 
ရမဇာန်လဟာ အစ္စလာမ့်ပြက္ခဒိန်အရ အစ္စလာမ်နှစ်(ဟစ်ဂျရီ)ရဲ့ ၉ လမြောက်ပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့အထွဋ်အမြတ်တန်ဖိုးထားရာ ကောင်းကင်ကျကျမ်းကုရ်အာန်ကျမ်းမြတ်ကို ဒီလထဲမှာ မဟာတမန်တော်မုဟမ္မဒ် (PeaceBeUponHim) ထံချပေးသနားတော်မူခြင်းခံရတယ်လို့ မွတ်စလင်တွေက ယုံကြည်ကြပါတယ်။
(၂) ရမဇာန်လကျရောက်တဲ့အချိန်ဟာ တစ်နှစ်နဲ့တစ်နှစ်တူပါသလား?
 
ရမဇာန်လဟာ လပြက္ခန်ဒိန် (Lunar Calendar) (ဟစ်ဂျရီခုနှစ်သည် လပြက္ခဒိန်နှင့်တွက်ချက်သည်) ပေါ်မှာ မူတည်ပြီးတွက်ချက်သတ်မှတ်ထားတဲ့အတွက် တစ်နှစ်နဲ့တစ်နှစ်ကျရောက်ချိန်မတူညီနိုင်ပါ။ လနှစ်တစ်နှစ်မှာ လပေါင်း ၁၂လပါဝင်ပေမယ့် ရက်ပေါင်း ၃၅၄ရက်သာပါဝင်ပါတယ်။ ဒါကြောင့် လပြက္ခဒိန်အရ တစ်နှစ်ကို ၁၁ရက်လျှော့နည်းတာကြောင့် နှစ်စဉ်နှစ်တိုင်းအရှေ့ကို ၁၁ရက်တိုးပါတယ်။
(၃) မွတ်စလင်တွေရမဇာန်လကိုဘယ်လိုဘယ်ပုံကျင်းပကြလဲ?
 
အစ္စလာမ်ဘာသာကိုးကွယ်သူတွေဟာ ရမဇာန်လကို ဥပုသ်စောင့်ရင်းကျင်းပကြပါတယ်။ အလွယ်တကူမှတ်ရမယ်ဆိုရင် အစ္စလာမ်ဥပုသ်လဟာ နေမထွက်ခင်အချိန်ကနေ နေ၀င်ချိန်ထိအောင် ဘာမှမစား၊ ဘာမှမသောက်ရပါဘူး။ အဲဒီကြားအချိန်ဥပုသ်စောင့်ချိန်ဟာ နေရာဒေသအပေါ်မူတည်ပြီး ၁၁နာရီကနေ ၁၆နာရီထိကြာမြင့်သလို တချို့တချို့နိုင်ငံတွေမှာဆိုရင် ၁၉နာရီ နာရီ၂၀ထိအောင်ကြာမြင့်တတ်ကြပါတယ်။ ဥပုသ်စောင့်တော့မယ်ဆိုရင် မွတ်စလင်တွေဟာ စဲဟ်ရီလို့ခေါ်တဲ့ ဥပုသ်စောင့်ဖို့အစာစားခြင်းကို ဖဂျရ်ဆွလာသ်ဝတ်ပြုချိန်မတိုင်ခင်စားကြရပါတယ်။ ဖဂျရ်ဆွလာသ်ဝတ်ပြုချိန်ဆိုတာ တစ်နေ့တာရဲ့ပထမဆုံးဝတ်ပြုချိန်ဖြစ်ပြီး နေမထွက်ခင်အရင်ဝတ်ပြုကြရတာပါ။ အဲဒီအချိန်ကနေစပြီး မစားမသောက်နဲ့ဥပုသ်စောင့်ပြီး နေ၀င်သွားချိန်ရောက်တော့မှ အိဖ်သာရီလုပ်ကြရပါတယ်။ အိဖ်သာရီဆိုတာကတော့ ဥပုသ်ထွက်ခြင်းပါ။ အိဖ်သာရီအချိန်ရောက်ရင် အစားအစာများစတင်စားသောက်လို့ရပါပြီ။
ရမဇာန်လမှာ ဥပုသ်စောင့်ခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးအများအပြားရှိတယ်ဆိုပြီး သိပ္ပံပညာရှင်တွေကသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ အစ္စလာမ်ဘာသာတရားကမပြုလုပ်ဖို့ တားမြစ်ထားတဲ့ အတင်းပြောခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ အခြေအမြစ်မရှိတာတွေကိုငြင်းခုံခြင်းတွေကို တခြားလတွေမှာ မွတ်စလင်တွေအနေနဲ့ မထိန်းသိမ်းကောင်းမထိန်းနိုင်ဖြစ်နိုင်ပေမယ့်လည်း ရမဇာန်ဥပုသ်လမှာတော့ ဂရုတစိုက်နဲ့ထိန်းသိမ်းတတ်ကြပါတယ်။ ရမဇာန်လမှာ မွတ်စလင်တွေဟာ ကိုယ်ကျင့်တရားကိုအကောင်းဆုံးဖြစ်အောင်ထိန်းသိမ်းတတ်ကြပါတယ်။
 
(၄) ရမဇာန်ဥပုသ်လမှာ မွတ်စလင်တိုင်းဥပုသ်စောင့်ရသလား?
 
လူပျိုအပျိုစဖြစ်တဲ့အရွယ်ရောက်ချိန် (ကြီးကောင်ဝင်ချိန်)ရောက်သူတွေနဲ့၊ ကိုယ်စိတ်နှစ်ပါးကျန်းမာသန်စွမ်းခြင်းရှိတဲ့ မွတ်စလင်အားလုံးဟာ ဥပုသ်စောင့်ခြင်းကို ရမဇာန်လမှာ မဖြစ်မနေပြုလုပ်ရပါတယ်။ ဥပုသ်စောင့်ခြင်းက ဖရဇ်တာဝန် လို့ခေါ်တဲ့ မလုပ်မနေရတာဝန်ဖြစ်ပါတယ်။
 
ဒါပေမယ့်လည်းစားသောက်ရင်အဆင်မပြေဖြစ်နိုင်သော ခရီးသွားလာခြင်း၊ အမျိုးသမီးများ ဓမ္မတာလာခြင်း၊ ကိုယ်ဝန်ဆောင်နေခြင်း၊ မိခင်နို့တိုက်ကျွေးနေခြင်း၊ အသက်အန္တရာယ်ရှိခြင်းတို့ ဖြစ်နေရင် ရိုဇာဥပုသ်စောင့်ထိန်းစရာမလိုပါဘူး။
(၅) မွတ်စလင်တွေရမဇာန်လဆိုဘယ်လိုအလှူဒါနပြုကြသလဲ?
 
အလှူဒါနနဲ့ ပရဟိတလုပ်ငန်းက အစ္စလာမ်ဘာသာတရားရဲ့အရေးကြီးတဲ့ဒေါက်တိုင်ပါ။ ရမဇာန်ဥပုသ်လမှာ မွတ်စလင်တွေဟာ အစားအသောက်ပဲဖြစ်ဖြစ်၊ ငွေကြေးပဲဖြစ်ဖြစ် မရှိဆင်းရဲသားတွေကို ရက်ရက်ရောလှူဒါန်းတတ်ကြပါတယ်။ ဇကားသ်လို့ခေါ်တဲ့ ဆင်းရဲသားဒါနကြေးကိုလည်း ပေးဆောင်ကြရပါတယ်။
 
လမြတ်ရမဇာန်နဲ့ ဝါကျွတ်အီးဒ်ကိုအခြေခံပြီး ဖိသ်ရဟ် အလှူဒါနကိုလည်း လုပ်ကြပါတယ်။ ရည်ရွယ်ချက်က သူဆင်းရဲတွေကို ကူညီဖို့ဖြစ်ပါတယ်။ ဖိသ်ရဟ်က ကျမ်းမြတ်ကုရ်အာန်ကျရောက်ခဲ့တဲ့ လမြတ်ရမဇာန်ရဲ့ နိအ်မသ်ချီးမြှင့်မှုအပေါ် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ခြင်းနဲ့ ဝမ်းသာပျော်ရွှင်မှုမှာ ဆင်းရဲတဲ့ ဘာသာပေါင်းစုံက ညီနောင်တွေကို ပါဝင်စေနိုင်ဖို့ ကူညီခြင်းပဲဖြစ်ပါတယ်။
(၆) ရမဇာန်လမှာ ဘာကောင်းမှုကုသိုလ်တွေလုပ်ကြသေးလဲ?
 
ရမဇာန်ဥပုသ်လမှာမွတ်စလင်တွေဟာ အပိုဆောင်းဝတ်ပြုဆုတောင်းမှုတစ်ခုကို ညဘက်မှာလုပ်တတ်ကြပါတယ်။ အဲဒီဝတ်ပြုဆုတောင်းမှုကို “သရာဝီဆွလာသ်”လို့ခေါ်ပါတယ်။ နောက်ဆုံးဝတ်ပြုဆုတောင်းခြင်း “အီရှာဆွလာသ်”အပြီးမှာ သရာဝီဆွလာသ်ကိုဆက်လက်ဝတ်ပြုဆုတောင်းတတ်တာကြောင့် ရမဇာန်ဥပုသ်လဆိုရင် ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆုတောင်းချိန်ညဘက်ဆို ခါတိုင်းထက်ပိုကြာရတာပါ။ ဒါ့အပြင်ရမဇာန်လမြတ်မှာ ကျမ်းမြတ်ကုရ်အာန်ချပေးသနားတော်မူခြင်းခံရတဲ့ “လိုင်လသွလ်ကဒရ်”လို့အမည်ရတဲ့ နေ့ထူးနေ့မြတ်တစ်ရက်ရှိပါသေးတယ်။
(၇) မွတ်စလင်တွေဘာကြောင့်ရိုဇာဥပုသ်ဆောက်တည်ကြသလဲ?
 
ဒီမေးခွန်းကတော့ ၀ါတွင်းရမဇာန်ကာလမှာ ဥပုသ်ဆောက်တည်ရခြင်းရဲ့ရည်ရွယ်ချက်လို့ဆိုရပါမယ်။ အရေးကြီးတဲ့အချက်လည်းဖြစ်ပါတယ်။ ဒီလမှာမွတ်စလင်တွေကဘယ်အချိန်ကနေဘယ်အချိန်ထိအစာမစားပဲနေရသလဲဆိုတာကို နံပါတ် (၃)အချက်မှာရှင်းပြခဲ့ပြီးသားပါ။ ရိုဇာဥပုသ်ဆောက်တည်ခြင်းဟာ အစ္စလာမ်ဘာသာရဲ့မဏ္ဍိုင်ကြီးငါးခုထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။
 
မဏ္ဍိုင်ကြီးငါးခုကတော့ …
 
(i) အီမာန်သက်ဝင်ယုံကြည်ခြင်း – အစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်ကြောင်းကိုကြေညာခြင်း
 
(ii) ဆွလာသ်တည်ဆောက်ခြင်း – တစ်နေ့ငါးကြိမ်ဆွလာသ်ဝတ်ပြုဆုတောင်းခြင်း
 
(iii) ရိုဇာ/ဆွိယာမ် – ဥပုသ်သီလဆောက်တည်ခြင်း
 
(iv) ဇကားသ် – မရှိဆင်းရဲသားများအားမိမိပိုင်ဆိုင်မှုထဲမှ မျှဝေပေးခြင်း/ဆင်းရဲသားဒါနကြေးပေးဆောင်ခြင်း
 
(v) ဟာဂ်ျ ပြုခြင်း – ဆော်ဒီအာရေးဗျနိုင်ငံမက္ကမြို့တော်သို့သွားရောက်ခြင်း တို့ဖြစ်ပါတယ်။
ရမဇာန်ဝါတွင်းကာလမှာဥပုသ်ဆောက်တည်ခြင်းဟာ မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်လည်းဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ –
 
“အို – “မုအ်မင်န်” ယုံကြည်ခြင်းသဒ္ဒါတရားရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည်အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ်သီတင်းဆောက်တည်ရန် ပညတ်တော်ကိုပြဌာန်းတော်မူသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန်အမိန့်တော်ကို ပြဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်းဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သူများဖြစ်တန်ကြရာ၏။” လို့ ကုရ်အာန် (၂း၁၈၃) မှာဖော်ပြထားပါတယ်။
 
အရဗီစာပေမှာရိုဇာဥပုသ်စောင့်ဆောက်တည်ခြင်းကို “ဆွိယာမ်” သို့မဟုတ် “ဆွောင်မ်” လို့သုံးနှုံးပါတယ်။ မူရင်းအဓိပ္ပာယ်ကတော့ ဆိုင်းငံ့ခြင်း၊ တားဆီးခြင်းပါ။ အစ္စလာမ်သာသနာပဋိပတ်ကျင့်စဉ်မှာ ဥပုသ်ဆောက်တည်ခြင်းရဲ့ အနက်သဘောကအောက်ပါအတိုင်းပါပဲ။
 
“ဆွောင်မ်” ဆိုသည် စိတ်ပြဌာန်းချက်ဖြင့်နေ့အချိန်၌စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းများမှ ဆိုင်ငံ့ခြင်းကို ဆိုလိုသည် (ဟိဒါယယ်)
 
ဆွိယာမ်ဥပုသ်ဆောက်တည်ခြင်းက အစ္စလာမ်တရားတော်အရ မလုပ်မနေရသောတာဝန်တစ်ရပ်ပါ။ ဥပုသ်ဆောက်တည်ခြင်းက သာသနာရေးပဋိပတ်ကျင့်စဉ်တစ်ရပ်ဖြစ်တဲ့အားလျော်စွာ လောကုတ္တရာအကျိုးဆောင်မှာကို ယုံမှားသံသယဖြစ်စရာမရှိပါ။ ဒါပေမယ့်လည်း ဥပုသ်ဆောက်တည်ခြင်းအားဖြင့် ဒီလောကမှာလည်း မြောက်မြားစွာသော အကျိုးကျေးဇူးတွေခံစားရမှာပါ။ ဥပုသ်ဆောက်တည်ခြင်းအားဖြင့် ကျန်းမာရေးမှာလည်း အကျိုးကျေးဇူးအများအပြား ရှိတယ်ဆိုတာကို ဆေးလောကသိပ္ပံပညာရှင်ကြီးတွေအတည်ပြုထားကြောင်းရှာဖွေဖတ်ရှုရင်သိရပါလိမ့်မယ်။
 
ဥပုသ်ဆောက်တည်တဲ့အတွက် စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းနဲ့ မကောင်းမှုတို့ကနေ ရှောင်ရှားရတာကြောင့် စိတ်ဓာတ်ကိုချုပ်တည်းနိုင်တဲ့ သတ္တိ၊ ဒုက္ခကြီးငယ်တို့ကို ရင်ဆိုင်နိုင်တဲ့အရည်အချင်းနဲ့ သူတော်ကောင်းစိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
 
ဥစ္စာဓနကုံလုံကြွဝတာကြောင့် ငတ်မွတ်ဆာလောင်ခြင်းဘာလဲဆိုတာ မသိတဲ့ သူဌေးသူကြွယ်တွေအနေနဲ့လည်း ဥပုသ်ဆောက်တည်ခြင်းကြောင့် ကိုယ်တိုင် ဆာလောင်မွတ်သိပ်လာတဲ့အတွက် နေ့စဉ်နဲ့အမျှဆာလောင် မွတ်သိပ်နေတဲ့ သူဆင်းရဲတွေကိုကိုယ်ချင်းစာနာပြီး ပေးကမ်းလှူဒါန်းကြပါတယ်။
 
တစ်ကမ္ဘာလုံးမှာရှိတဲ့မွတ်စလင်တွေဟာ ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားမခွဲ တရားတော်ကချမှတ်ပြဌာန်းထားတဲ့ စည်းကမ်းနဲ့အညီ ရည်မှန်းချက်တစ်ခုတည်းနဲ့ ဥပုသ်ဆောက်တည်ကြပါတယ်။ ဒါကြောင့် ဥပုသ်ဆောက်တည်ခြင်းက ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ကို နာခံရာရောက်ရုံမက လက်တွေ့အားဖြင့်လည်း ကျန်းမာမှု၊ ညီညွတ်မှု၊ ကိုယ်ချင်းစာနာမှု၊ ဇွဲသတ္တိရှိမှု၊ သဒ္ဒါစိတ်၊ သူတော်ကောင်းစိတ်ရှိမှုတို့ကို ဖြစ်ပွားစေနိုင်တဲ့ကျင့်စဉ်လို့လည်း ဆိုရပါမယ်။
 
ဆွိယာမ်ဥပုသ်ဆောက်တည်ခြင်းနဲ့ပတ်သတ်ပြီး တမန်တော်မုဟမ္မဒ် (Peacebeuponhim)ရဲ့ သြ၀ါဒတော်တွေကိုလည်း ဖော်ပြပါဦးမယ်။
 
အသင်တို့သည်ဥပုသ်ဆောက်တည်ကြကုန်၊ ကျန်းမာကြကုန်လတ္တံ့။
ဥပုသ်ဆောက်တည်ခြင်းသည် (အပြစ်မှုဒုစရိုက်တို့မှ ကာကွယ်ရန်) ဒိုင်းလွှားပင်ဖြစ်သည်။
 
အကြင်သူတစ်ဦးသည် (ဥပုသ်ဆောက်တည်နေပါလျက်) မုသားပြောဆိုခြင်း၊ မုသားပြုခြင်းအမှုတို့ကို ပြုအံ့၊ ထိုသူ၏အစားအသောက်ဖြတ်ထားခြင်းကို အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မမူချေ။ (မစ်ရှ်ကာတ်ကျမ်း)
ဥပုသ်ဆောက်တည်ခြင်းမှအပ လူသားတို့၏ အကျင့်သီလများသည် ကျင့်ဆောင်သူတို့အဖို့သာဖြစ်သည်။ ဥပုသ်ဆောက်တည်ခြင်းမှာမူကား ငါအရှင်မြတ်နှင့်သာသက်ဆိုင်၏။ ထို့ဥပုသ်ဆောက်တည်ခြင်း၏ အကျိုးကိုလည်း ငါကိုယ်တော်တိုင် ချီးမြှင့်တော်မူအံ့။ (မစ်ရှ်ကာတ်ကျမ်း)
 
(၈) နေမ၀င်တဲ့အရပ်ဒေသမှာမွတ်စလင်တွေဘယ်လိုဥပုသ်ဆောက်တည်ကြသလဲ?
 
ဒီမေးခွန်းဟာလည်းမေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုပါ။ အလက်စကားလို၊ ဂရင်းလန်းလိုနေရာမှတဲ့မွတ်စလင်တွေဘယ်လိုများဥပုသ်ဆောက်တည်ကြမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။ အာတိတ်စက်ဝိုင်းဒေသမှာ ညသန်းခေါင်အချိန်ထိအောင်နေလုံးကြီးက ထီးတည်းကြီးရှိနေဆဲပါ။ နောက်ပြီးတော့ မြောက်ဘက်စွန်း ဖင်လန်လိုနိုင်ငံမျိုးမှာလည်း နွေရာသီဆိုရင် ရက်ပေါင်း၆၀လောက် နေမ၀င်တတ်ပါဘူး။ အဲဒီလိုနေရာမျိုးကမွတ်စလင်တွေအတွက်တော့ နော်ဝေးမြောက်ပိုင်းအစ္စလာမ့်စင်တာ (The Islamic Centre of Northern Norway) က ဓမ္မသတ်တစ်ခုဆုံးဖြတ်ပေးခဲ့ပါတယ်။ အဲဒီလိုနေရာမျိုးကမွတ်စလင်တွေအနေနဲ့ သူတို့နေထိုင်ရာဒေသမှာ ဥပုသ်ဆောက်တည်ရတဲ့အချိန်ကာလဟာ နာရီ၂၀ထက်ပိုများနေပြီဆိုရင် ဒေသခံနေ၀င်နေထွက်နဲ့ ဥပုသ်ကိုမဆုံးဖြတ်ပဲ ဆော်ဒီအာရေးဗျနိုင်ငံမက္ကာမြို့က နေ၀င်နေထွက်ဇလဗေဒဆိုင်ရာတွက်ချက်မှုနဲ့ပဲ ဥပုသ်စောင့်ထိန်းဖို့ပါ။
 
(၉) ကမ္ဘာပေါ်မှာ ရိုဇာဥပုသ်ဆောက်တည်ချိန်အချိန်အကြာဆုံးနဲ့ အတိုဆုံးကဘယ်ဒေသလဲ?
 
၂၀၁၇ ခုနှစ် ရမဇာန်ဥပုသ်လအတွက် အကြာဆုံးနဲ့ အတိုဆုံး ဥပုသ်စောင့်ချိန်တွေကတော့ …
 
အကြာဆုံး – Nuuk မြို့၊ ဂရင်းလန်းကျွန်း – ဥပုသ်စောင့်ချိန် ၂၁ နာရီ (မနက် ၂း၁၆ မှ ည ၁၁း၁၄ ထိ)
အတိုဆုံး – Punta Arenasမြို့၊ ချီလီနိုင်ငံ – ဥပုသ်စောင့်ချိန် ၁၀ နာရီ (မနက် ၆း၃၄ မှ ည ၄း၄၁ ထိ) တို့ဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်မှ မြို့များတွင်နေထိုင်သော မွတ်စလင်တို့၏ ဥပုသ်စောင့်ချိန်များ – http://www.steventhonenya.com/ramadan-2017-fasting-hours-world/
(၁၀) ၀ါကျွတ်အစ်ပွဲတော်
 
ရမဇာန်လကုန်ဆုံးသွားရင် မွတ်စလင်တွေက အီးဒွလ်ဖိသိရ်နေ့ (အစ်နေ့လို့လူသိများ) ကိုကျင်းပပြုလုပ်ကြပါတယ်။ ၀ါတွင်းကုန်ဆုံးသွားတဲ့ ၀ါကျွတ်အစ်နေ့ပွဲပါ။ အစ်နေ့မှာ ကလေးသူငယ်တွေကို လူကြီးမိဘတွေနဲ့ဆွေမျိုးသားချင်းတွေက လက်ဆောင်တွေမုန့်ဖိုးတွေပေးတတ်ကြပါတယ်။ အစ်နေ့မနက်စောစောမှာလည်း ဗလီဝတ်ကျောင်းတော်တွေမှာ အပိုဆောင်းဝတ်ပြုဆုတောင်းမှုတစ်ခုကို ပြုလုပ်ကြပါသေးတယ်။ ကျန်တဲ့တစ်နေ့လုံးကိုတော့ ၀တ်ကောင်းစားလှတွေဝတ်ဆင်ကြသလို စားကောင်းသောက်ဖွယ်တွေစားသောက်ရင်း အပြန်အလှန်မုန့်များလက်ဆောင်ပို့ရင်း ပျော်ရွှင်စွာဖြတ်သန်းကြပါတယ်။ အိမ်နီးချင်းများနဲ့ ရပ်နီးရပ်ဝေးမိတ်ဆွေများအားလုံးကို ဘာသာလူမျိုး မခွဲခြားပဲ မုန့်များပေးဝေတတ်ကြတာက ၀ါကျွတ်အစ်ပွဲတော်ရဲ့အလှတရားတစ်ခုပါပဲ။
ဥပုသ်သီလစောင့်ထိန်းခြင်းက အစ္စလာမ်ဘာသာမှာတင်မက ဘာသာတရားအများစုမှာ ရှိကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေလည်း ၀ါတွင်းကာလရှိပါတယ်။ ဟိန္ဒူဘာသာဝင်တွေလည်း ဥပုသ်စောင့်ကြရပါတယ်။ ဂျူးဘာသာဝင်တွေလည်း Yom Kippur နေ့ (Day of Atonement) မှာ ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကိုမျှော်ကိုးပြီး ၂၅နာရီနီးပါးကြာအောင် ဥပုသ်သီလစောင့်ထိန်းကြတယ်လို့ မှတ်သားရပါတယ်။ အော်သိုဒေါ့ခရစ်ယာန်တွေကလည်း နှစ်တစ်နှစ်ရဲ့ တစ်ဝက်လောက်ကို ဘုရားသခင်နဲ့နီးစပ်ခြင်းကိုမျှော်ကိုးပြီး ပုံစံအမျိုးမျိုးနဲ့ ဥပုသ်ဆောက်တည်ပြီး ဖြတ်သန်းတတ်ကြပါတယ်။
ဒီစာစုကို အစ္စလာမ်ဘာသာကို နားလည်သဘောပေါက်စေခြင်း၊ အထင်အမြင်လွဲမှားမှုများပျောက်စေခြင်း၊ မြန်မာတစ်နိုင်ငံထဲသားချင်း အတူတကွငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို Promote လုပ်ခြင်းရည်ရွယ်ချက်တွေကိုရှေးရှုပြီးရေးသားပါတယ်။ နိုင်ငံတကာက ခေါင်းဆောင်တွေကတော့ မွတ်စလင်တွေရဲ့ ဥပုသ်လရောက်ပြီဆိုရင် ကိုယ့်နိုင်ငံသားမွတ်စလင်တွေကို Wish လုပ်ပေးခြင်း၊ ဆုတောင်းပေးခြင်း၊ ကြိုဆိုခြင်းများ လုပ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြည်သူတင်မြှောက်လိုက်တဲ့ ဒီမိုကရေစီအစိုးရ တက်လာပေမယ့်လည်း အစဉ်အလာဟောင်းကနေ ရုန်းမထွက်နိုင်သေးဘဲ Wish မလုပ်သေးပါကြောင်း။
ကမ္ဘာ့ထိပ်သီးခေါင်းဆောင်အချို့၏ ရမ်ဇန်လမြတ် သ၀ဏ်လွှာများ – http://www.steventhonenya.com/world-leaders-ramdan-mubarak/
ကိုးကား – သီရိပျံချီအလ်ဟဂ်ျမုဖတ်စိရုလ်ကုရ်အာန်အလ္လာမာဟ်ဃာဇီဟာရှင်ပြုစုသော ကျမ်းမြတ်ကုရ်အာန်မြန်မာပြန်
ဆက်စပ်ဖတ်ရှုရန် – မွတ်စလင်တွေရဲ့ အီဒွလ်ဖိသိရ် (စမိုင်အစ်) http://wp.me/p5pNNN-sj
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ