ပန်းပျိုးလက် (စ-ဆုံး)

ကဏ္ဍ – Family

Mohammed Naeem (Y.I.T)

#ကလေးတွေကို သောင်ဝ်ဟီးဒ် သင်ပေးပါ

မိဘတွေ အနေနှင့် မိမိရင်သွေးတွေကို တီတီတာတာ ပြောတဲ့အရွယ်ကစပြီး သူတို့လေးတွေ အသိတရားထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနိုင်အောင် သင်ကြားပေးရမဲ့ အရေးအကြီးဆုံး အချက်ဟာ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်း ရှိကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည်သာ ခ၀ပ်ကိုးကွယ်ခြင်းခံထိုက်တော်မူကြောင်းပဲ ဖြစ်ပါတယ်။

ဒီအချက်ဟာ တမန်တော်မြတ် မိုဟမ္မဒ် (صلی اللہ علیہ وسلم) သင်ကြားပေးခဲ့တဲ့ မွတ်စလင်ကောင်းတစ်ယောက် ဖြစ်လာဖို့ အခြေခံကျတဲ့ ယုံကြည်ချက်ဖြစ်သလို နောင်တမလွန်ဘ၀မှာ ဂျန္နသ်သုခဘုံကို ၀င်ရောက်ခွင့်ရဖို့ အဓိက လိုအပ်ချက်လည်း ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ အသိဉာဏ်ဟာ မှတ်သားဖို့လွယ်ကူသလို သူတို့လေးတွေ မှတ်မိပြီဆို မေ့ပျောက်သွားဖို့လည်း ခဲယဉ်းပါတယ်။ အသိဉာဏ်နုနယ်နေစဉ်အချိန်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ် မြင့်မြတ်မှုတွေ၊ တမန်တော်မြတ် မိုဟမ္မဒ် (صلی اللہ علیہ وسلم) ရဲ့ စွန္နသ်တော်တွေရဲ့ အလေ့အကျင့်တွေကို ကလေးတွေ စိတ်ပါဝင်စားအောင် သင်ကြားပေးဖို့ လိုပါတယ်။

ငယ်စဉ်ကတည်းက သောင်ဝ်ဟီးဒ် နှင့် ရေစာလသ်ကို သင်ယူထားတဲ့ ကလေးငယ်တွေဟာ အသက်အရွယ်ရလာတဲ့အခါမှာ အယူလွဲသူတွေရဲ့ မမှန်ကန်တဲ့ လမ်းစဉ်တွေကနေ ရှောင်ကျဉ်လို့ ရမှာဖြစ်သလို စစ်မှန်တဲ့ မွတ်စလင်ကောင်း တစ်ဦးရဲ့ သက်တမ်းကို မွေးမြူ နိုင်ကြမှာ ဖြစ်ပါတယ်။

#ကလေးတွေကို ကြင်နာပါ

မိဘတွေဟာ ကိုယ့်ရင်သွေးတွေကို ချစ်ကြသူတွေပါ။ ဘယ်မိဘမျှ ကိုယ့်သားသမီး ဒုက္ခရောက်တာ မကြည့်လို မမြင်လိုကြပါဘူး။ သို့သော် တခါတရံ ဒေါသအလျောက် မိဘတွေရဲ့ ပြောဆိုလိုက်တဲ့ ကြင်နာမှုကင်းမဲ့တဲ့ စကားရပ်တွေ၊ တရားလွန် ရိုက်နှက်လိုက်တဲ့ အပြုအမူတွေဟာ ကလေးတွေရဲ့ အတွင်းစိတ်မှာ အနှုတ်လက္ခဏာ ဆောင်သွားပါတယ်။ လိမ္မာစေချင်လို့ ဆုံးမရာမှာ ကြင်နာစွာ ဆုံးမဖို့ လိုပါတယ်။ ရိုက်ပြီးဆုံးမရမယ်ဆိုခဲ့လျင်လည်း ဒေါသမပါဖို့ လိုပါတယ်။ ဒေါသနဲ့ သားသမီးကို ဆုံးမတာ ကိုယ့်ရင်သွေးကို ရက်စက်ရာကျပါတယ်။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်မယ်ဆိုတဲ့ ထွင်လုံးတွေဟာ မိသားစုအပေါ်မှာ ရက်စက်တတ်သူတွေရဲ့ သူရဲဘောကြောင်တဲ့ အကြောင်းပြချက်သာ ဖြစ်ပါတယ်။

ကြင်နာမှု ပြသရင် ကြင်နာမှု ပြန်ရပါတယ်။ မိဘတွေဟာ သားသမီးတွေအပေါ် နူးညံ့စွာ သွန်သင်မယ်၊ ကြင်နာစွာ ဆုံးမမယ်ဆိုရင် သူတို့လေးတွေဟာ အခြားသူတွေအပေါ် သူတို့ ဆက်ဆံခံရတဲ့ ပုံစံအတိုင်း ပြန်လည် ဆက်ဆံကြလိမ့်မယ်။

အချို့ အသိဥာဏ်ကင်းမဲ့တဲ့ မိဘတွေဟာ သားသမီးတွေကို ရိုက်ပြီးဆုံးမမှ ရမယ်လို့ တရားသေ မှတ်ယူထားကြတယ်။ ကလေးတွေရဲ့ ခေါင်းကို မကြာခဏ အနီးမှာရှိတဲ့ အရာနှင့် ခေါက်တာ၊ ရိုက်တာ လုပ်တတ်ကြတယ်။ အချို့ မိဘတွေဆို နံရံနှင့် ဆောင့်တာမျိုးအထိ ကျွန်တော်တွေ့ဖူးပါတယ်။ လူမမယ်ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ အရှိုးရာတွေပြည့်နေအောင် ရိုက်ကြတာမျိုးလည်း ရှိတယ်။ အဲဒီလို မိဘတွေရဲ့ သားသမီးတွေဟာ များသောအားဖြင့် ကြီးပြင်းလာတာနှင့်အမျှ ဆိုးသွမ်းသူတွေ ဖြစ်လာကြတယ်။ သူတပါးကိုလည်း နာကြင်အောင် လုပ်ဖို့ ၀န်မလေးကြတော့ဘူး။ သူတို့ ကျင်လည်ခဲ့တဲ့ မိဘရဲ့ ဆက်ဆံမှုဟာ ကြင်နာမှုကို အခြေမခံတဲ့အပေါ်မှာ နာကြင်မှုတွေဟာ သူတို့အတွက် မထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်သွားတော့တယ်။

မိဘတွေဟာ သားသမီးတွေကို ခြောက်လှန့်ဖို့ လိုအပ်တဲ့နေရာမှာ သုံးဖို့ ကြိမ်လုံးဆောင်ထားရမယ်။ လိုအပ်ရင် ရိုက်လည်း ရိုက်ရမယ်။ ရိုက်ရာမှာလည်း ဒူးခေါင်းအောက်ပိုင်းသာ ဖြစ်သင့်တယ်။ လက်နဲ့ အားကုန်သုံးရိုက်တာ၊ မျက်နှာကို ရိုက်တာ၊ ရေချိုးခန်းထဲ ပိတ်ထားတာ၊ မီးမှောင်ချပြီး ကလေးတစ်ယောက်တည်း အခန်းထဲ ပိတ်ထားတာ စတဲ့ လုပ်ရပ်တွေဟာ ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်ရာရောက်ပါတယ်။ ကလေးတွေမှာ ကြောက်စိတ်တွေ ၀င်လာပြီး စိတ်ရောဂါပါ ဖြစ်စေနိုင်ပါတယ်။

ကလေးတွေ လိမ္မာရေးခြားရှိလာဖို့ဆိုတာ မိဘတွေ ဘယ်လို ပြုစုပျိုးထောင်သလဲဆိုတဲ့ အပေါ်မူတည်ပါတယ်။ ကြင်နာစွာ စည်းကမ်းတကျ သင်ကြားပေးတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ နူးညံ့သိမ်မွေ့ကြပြီး ဥာဏ်ပညာနှင့်လည်း ပြည့်စုံလေ့ရှိကြပါတယ်။ နမားဇ်ဖတ်ရမဲ့ အသက်အရွယ်ရောက်လာလို့ နမားဇ်မဖတ်ခဲ့ရင် မိဘဟာ သားသမီးကို ရိုက်ပြီးသတိပေးရင်း ဖတ်ခိုင်းဖို့ရာ တာဝန်ရှိပါတယ်။ အကယ်၍ မိဘဟာ အစဉ်အမြဲ နမားဇ်ကို အလေးထားနေသူတွေဆိုရင် ဘယ်သားသမီးက နမားဇ်ကို အလေးမထားဘဲ နေပါ့မလဲ။ သားသမီးတွေကို ရိုက်တိုင်း လိမ္မာမယ်ဆိုတဲ့ အတွေးမှားတွေကို ပယ်ဖျက်ပြီး ကြင်နာစွာ ဆုံးမကြဖို့ လိုပါတယ်။

#ကလေးတွေကို သူရဲကောင်းတွေရဲ့ အတုယူခိုင်းပါ

ဒီနေ့ ကျွန်တော်တို့ အိမ်တွေမှာ အဖိုး၊ အဖွားက စပြီး ကလေးသူငယ်တွေအထိ နှုတ်ဖျားမှာ ရေပန်းစားနေတာက Super Natural Icon တွေဖြစ်တဲ့ Superman.. Batman.. Spiderman စတဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေ ဖန်တီးထားတဲ့ အတုအယောင် သူရဲကောင်း ဇာတ်ကောင်တွေသာဖြစ်တယ်။ ဘယ်လောက်အထိ ကလေးတွေရင်ထဲစွဲနေသလဲဆိုရင် ဒီဇာတ်ကောင်တွေလို ၀တ်ချင်ကြတယ်၊ dialog တွေ ပြောချင်ကြတယ်၊ သူတို့လို လေပေါ်ပျံချင်ကြတယ် စသဖြင့် အစစ အရာရာ ဇာတ်ကောင်တွေကို အတုယူကြ အားကျကြတယ်။

သို့သော်…၀မ်းနည်းစရာကောင်းတာက လူကြီးတွေက အစ ကလေးငယ်တွေ အဆုံး ဘယ်သူကမျှ အစ္စလာမ့်သမိုင်းဝင် သူရဲကောင်းတွေ အကြောင်း ပြောမဲ့သူမရှိကြဘူး။ ကလေးတွေ မသိကြတာ လူကြီးတွေ မပြောပြလို့သာဖြစ်တယ်။ ခက်တာက လူကြီးတွေ ကိုယ်တိုင် မွတ်စလင်သူရဲကောင်းတွေ အကြောင်း မသိကြတော့တဲ့ မိသားစုတွေ များလာနေတယ်။ ဟဇရသ် အလီ رضي الله عنه ၊ ဟဇရသ် အုမ္မာရ် رضي الله عنه ၊ ဟဇရသ် ဟမ်ဇဟ် رضي الله عنه စတဲ့ သူရဲကောင်း အစစ်အမှန် ဆွဟာဗာကြီးတွေရဲ့ အကြောင်းတွေ၊ သူတို့ရဲ့ စွန့်လွှတ်စွန့်စား အနစ်နာခံမှုတွေ၊ သူတို့ရဲ့ လူသားတွေအပေါ် ရိုင်းပင်းကူညီမှုတွေကြောင့် လူသားတွေ တရားလမ်းမှန်ပေါ် လျှောက်လှမ်းခွင့်ရလာပုံတွေ၊ မွတ်စ်လင်မ်တွေအပါအ၀င် မွတ်စလင် မဟုတ်သူ ဘာသာခြားတွေ အပေါ်မှာ တရားမျှတစွာ ဆက်ဆံခဲ့ကြပုံတွေ စတာတွေကို မိဘတွေက သားသမီးတွေ စိတ်ဝင်စားလာအောင်၊ နားရည်ဝအောင် ပြောပြပေးဖို့ လိုအပ်ပါတယ်။

ကလေးတွေဟာ ပုံပြင်လေးတွေကို နှစ်သက်တတ်ကြတယ်။ မမှန်ကန်တဲ့ လုပ်ကြံ ပုံတိုပတ်စတွေ ပြောပြမဲ့အစား ကလေးတွေ အိပ်ရာဝင်ချိန်မှာ အနည်းငယ်မဆို ဆွဟာဗာကြီးတွေရဲ့ အကြောင်းအရာလေးတွေ ပြောပြတဲ့ အလေ့အကျင့် မိဘတွေက သတိထားပြီး လုပ်ပေးရင် သူတို့လေးတွေ ရင်ထဲက အတုယူရမဲ့ သူရဲကောင်းတွေဟာ လုပ်ကြံ ဇာတ်ကောင်တွေ မဟုတ်တော့ဘဲ အစ္စလာမ့်သူရဲကောင်းတွေ ဖြစ်လာပါလိမ့်မယ်။

#ကလေးတွေကို လူကြီးတွေအကြား နေခွင့်ပေးပါ
 
များသောအားဖြင့် မိဘတွေဟာ ကလေးတွေကို လူကြီးတွေအကြားနေခွင့်၊ ထိုင်ခွင့် မပေးကြဘူး။ အကြောင်းပြချက်က လူကြီးတွေကို အနှောက်အယှက်ပေးမှာ စိုးရိမ်ကြတာဖြစ်တယ်။ ဒီအချက်ဟာ မမှန်ပါဘူး။ ကလေးတွေကို လူကြီးတွေ စကားပြောတဲ့ ထိုင်ဝိုင်းတွေမှာ ပါဝင်နားထောင်ခွင့်ပေးပါ။ အထူးသဖြင့် ဘာသာရေး၊ လူမှုရေး ကိစ္စရပ်တွေ ဆွေးနွေးကြတယ်ဆို ပိုပြီး အရေးပေး နားထောင်စေဖို့ လိုပါတယ်။
 
တမန်တော်မြတ် မိုဟမ္မဒ် (صلی اللہ علیہ وسلم) ဟာ သာဝကြီးတွေကို မိန့်ခွန်းခြွေတဲ့အခါ ကလေးငယ်တွေကို ရှေ့တန်းမှာ ပါဝင် နားဆင်စေပါတယ်။ ကလေးတွေကို ထိုင်ဝိုင်းရဲ့ ရိုသေသမှု သင်ကြားပေးရမှာ မိဘရဲ့ တာဝန်ပါ။ ဒါမှသာ ကလေးတွေဟာ လူကြီးတွေနဲ့ ဆက်ဆံရာမှာ ရိုသေတတ်လာမယ်။ လူကြီးတွေရဲ့ သွန်သင်ဆုံးမမှုကို နာခံတတ်လာမယ်။ လူကြီးတွေ စကားပြောနေစဉ် ၀င်ရောက်ပြောဆိုတာမျိုးကနေ ထိန်းတတ်လာမှာဖြစ်တယ်။
 
လူကြီးတွေ အကြားနေခြင်းအားဖြင့် အတွေးအခေါ် ရင့်ကျက်လာမယ်။ မသိသေးတဲ့အရာတွေကို သင်ယူတတ်လာမယ်။ ကိုယ်တိုင် အသက်အရွယ်ရလာတဲ့အခါ ထိုင်ဝိုင်းရဲ့ ရိုသေသမှုကို နားလည်ပြီးသားဖြစ်တဲ့အတွက် အကျိုးမဲ့ စကားရပ်တွေကနေ ရှောင်ရှားတတ်သူ ရည်မွန်တဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။ သတိထားရမဲ့အချက်က ကလေးတွေကို ထိုင်ဝိုင်းမှာ ပါခွင့်တော့ပေးပါရဲ့..သို့သော် အကျိုးမဲ့ စကားရပ်တွေကို ပြောကြားနေမယ်ဆိုလျင်တော့ ကလေးတွေဟာ အတုယူမှားပြီး အဆိုးဘက်ကို ဦးတည်သွားပါလိမ့်မယ်။
 
#ကလေးတွေကို ဆန့်ကျင်ဘက် အရာတွေရဲ့ လွှမ်းမိုးမှုကနေ ထိန်းပေးပါ
 
ကလေးငယ်တွေဟာ သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ ခံကြရလေ့ရှိပါတယ်။ အခုလို အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ မီဒီယာတွေရဲ့ လွှမ်းမိုးမှု၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှု သာမက ကိုယ့်အိမ်ထဲက မိသားစုဝင်တွေရဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ စစ်မှန် ပြည့်ဝတဲ့ အစ္စလာမ့်လူနေမှုစနစ်တစ်ခုကို ကိုယ့်ရင်သွေးတွေကို ပြသ အတုယူခိုင်းဖို့ရာ အတော်ပဲ ခက်ခဲလှပါတယ်။
 
အထူးသဖြင့် အင်တာနက်၊ တယ်လီဗီရှင်း၊ ရေဒီယို၊ ဆိုရှယ်လ် မီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ အချိန်အခါမရွေး အစ္စလာမ်ဘာသာက ပြသထားတဲ့ လူနေမှုစနစ်နှင့် ဆန့်ကျင်ဘက် ပုံစံတွေသာ များသောအားဖြင့် ထုတ်လွှင့်ပြသနေတဲ့အတွက် မိဘ အုပ်ထိန်းသူများဟာ ကိုယ့်ရင်သွေးတွေကို ထိန်းသိမ်းရာမှာ မိဘ အုပ်ထိန်းသူတွေ ကိုယ်တိုင် ဘယ်လို အစီအစဉ်တွေကို နားထောင် ကြည့်ရှုသလဲဆိုတာ သေချာ စမ်းစစ်ဖို့လိုပါတယ်။
 
ဥပမာအားဖြင့် မိဘဖြစ်သူတွေဟာ တေးသီချင်း သီဆိုတဲ့ ပြိုင်ပွဲတွေ၊ အကပြိုင်ပွဲတွေ၊ Bollywood ရုပ်ရှင်တွေ၊ Hollywood အစီအစဉ်တွေကို ကြည့်ရှုကြတယ်ဆိုရင် သားသမီးတွေဆီမှာ ဒီအစီအစဉ်တွေရဲ့ လွှမ်းမိုးမှု မုချဧကန် တွေ့ကြရမှာဖြစ်တယ်။ မိဘက ဒီလို အစီအစဉ်တွေကို ကြိုက်နှစ်သက်ပြီး ငါတို့သားသမီးတွေ ကြီးပြင်းလာရင် ကုရ်အာန်ဟာဖိဇ်ဖြစ်အောင်၊ သာသနာ့ပညာရှင်ဖြစ်အောင်၊ ဘာသာ သာသနာ ကိုင်းရှိုင်းတဲ့ လူရည်မွန်တွေ ဖြစ်အောင် ကြိုးစားမယ်လို့ အထင်ရောက်နေတယ်ဆိုရင် အင်မတန် မှားယွင်းတဲ့ အထင်မှားနေမှုသာဖြစ်ပါလိမ့်မယ်။
 
မိဘတွေရဲ့ လွဲမှားနေတဲ့ နမူနာအတိုင်း သားသမီးတွေက ထပ်ကြပ်မကွာ သင်ယူမှာသာဖြစ်ပါတယ်။ သူတို့လေးတွေဟာ တေးသီချင်းတွေ မိဘတွေရှေ့မှာ သီဆိုပြလိမ့်မယ်၊ Channel မျိုးစုံက လာတဲ့ အကစုံ ကပြကြလိမ့်မယ်၊ ဒါတွေကို မိဘတွေက ချီးကျူးကြမယ်။ အဲဒီကလေးတွေ အရွယ်ရောက်လာရင် ငယ်စဉ်ကတည်းက လွှမ်းမိုးခံရတဲ့ အရာတွေအပေါ် လက်တွေ့ကျင့်သုံးလာကြမယ်။ အဲဒီအချိန်ကျမှ ငါတို့သားလေး ဗလီနဲ့ဝေးနေပါလား…ငါတို့သမီးလေး လျှပ်ပေါ်လော်လီ ၀တ်စားဆင်ယဉ်နေပါလားလို့ မိဘဖြစ်သူတွေ နောင်တရပြီး ပြင်ချင်ပါတယ်ဆိုရင်လည်း အချိန်နှောင်းသွားပြီ ဖြစ်ပါတယ်။
 
မိဘများ အနေနဲ့ ကိုယ့်သားသမီးတွေကို သူတို့လေးတွေရဲ့ စိတ်နေသဘောထား၊ ကိုယ်ကျင့်တရားတွေ အပေါ် လွှမ်းမိုးနိုင်ချေရှိတဲ့ မကောင်းတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ မီဒီယာ စတာတွေကနေ ပြည့်ပြည့်၀၀ တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သို့သော် မိဘတွေကိုယ်တိုင် ရှေ့ဆောင်လမ်းပြအဖြစ် ကိုယ့်ရင်သွေးတွေကို ငယ်စဉ်ကတည်းက ပြု စုပျိုးထောင် ပေးခဲ့မယ်၊ သူတို့လေးတွေကို အဆိုးအကောင်း၊ အကျိုးအကြောင်း ရွေးချယ်ရာမှာ မှန်မှန်ကန်ကန် ရွေးချယ်တတ်လာအောင် ပြသပေးပြီး လမ်းမှန်ကို ရွေးချယ်ပေးမယ်၊ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်တွေကို နာခံတတ်လာအောင် လေ့ကျင့်ပေးမယ်၊ တမန်တော်မြတ် မိုဟမ္မဒ် (صلی اللہ علیہ وسلم) ရဲ့ ကိုယ်ကျင့်တရားတွေကို သင်ကြားပေးမယ်ဆိုလျင် ပြင်ပ အနှောက်အယှက်တွေကနေ ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
#ကလေးတွေကို မိဘတွေက အရေးထားကြောင်း သူတို့လေးတွေ သိပါစေ
ကလေးတွေကို ဘာမျှမသိပါဘူးကွာလို့ အထင်မသေးမိပါစေနှင့်။ သူတို့လေးတွေကို နေရာပေးပါ။ သူတို့လေးတွေကို မိသားစု အရေးကိစ္စတွေမှာ အလေးထား တိုင်ပင်တဲ့ အလေ့အကျင့်ထားပါ။ သူတို့ဟာ မိသားစုရဲ့ အရေးပါ အရာရောက်တဲ့သူတွေ ဖြစ်ကြတယ်လို့ ခံစားတတ်အောင် သင်ကြားလေ့ကျင့်ပေးပါ။
 
ဥပမာ..နံနက် နရှ်သာ စားတဲ့အချိန် မိသားစု စုံစုံလင်လင်စားကြတယ်ဆိုရင် နရှ်သာအပြီးမှာ အိမ်ရဲ့ မရှ်ဝါရဟ် တိုင်ပင်ခြင်းကို ထားပါ။ အဖေဖြစ်သူက ဦးဆောင်ပြီး ဒီနေ့ တစ်နေ့တာ ဘာတွေ လုပ်ကြမလဲ၊ အမေ့ကို ဘာချက်ဖို့ မရှ်ဝါရဟ်ပေးကြမလဲ၊ ကုရ်အာန်သေလာဝသ် ဘယ်နေရာအထိ လုပ်ကြမလဲ၊ ကျောင်းက အိမ်စာတွေ အသင့်ဖြစ်ကြပြီလား စသဖြင့် မိသားစု အိမ်တွင်းရေးကိစ္စတွေမှာ ကလေးတွေဆီက အကြံဥာဏ်ယူပေးပါ။ သူတို့လေးတွေရဲ့ စိတ်ထဲမှာ ငါတို့ မိဘဟာ ငါတို့ရဲ့ အပေါ် အလေးထားပါလားလို့ ခံစားမိကြဖို့ လိုပါတယ်။
 
အားလပ်ရက် ခရီးသွားမယ်ဆို သားသမီးများရင် တစ်ယောက်တစ်မျိုး ၀ိုင်းပြောကြလိမ့်မယ်။ တစ်ယောက် တစ်နေရာစီ သွားချင်တဲ့နေရာတွေ အမျိုးမျိုးပြောကြလိမ့်မယ်။ မိဘဖြစ်သူတွေက သူတို့ရဲ့ အကြံပြုချက်အားလုံးကို နားထောင်ပေးရမယ်၊ ပြီးတဲ့နောက် သူတို့ကို သူတို့သွားချင်တဲ့နေရာတွေကို အလှည့်ကျ သွားမယ်ဆိုတဲ့ အကြောင်းရှင်းပြရမယ်။ ဒီတစ်ကြိမ်တော့ သားကြီးရဲ့ မရှ်ဝါရဟ်အတိုင်း အရင်သွားမယ်၊ နောက်တစ်ခေါက်ကို သမီးလတ်ပြောတဲ့နေရာသွားမယ်..စသဖြင့် အားလုံးရဲ့ဆန္ဒကို လက်ခံရယူပေးရပါမယ်။ ဒါမှ သူတို့ရဲ့ စိတ်ထဲမှာ မိဘနဲ့ ဆက်ဆံရာမှာ ပွင့်လင်းမှုရှိလာမယ်။ မိဘရဲ့ ဆုံးဖြတ်ချက်တွေကို မျှတတယ်လို့ လက်ခံယုံကြည်လာပါလိမ့်မယ်။
 
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM