ဟစ်ဘရူးဘာသာပြန် ကုရ်အာန်သမိုင်း

ဉာဏ်အလင်းအတွဲ(၁) အမှတ်(၃) ကုရ်အာန်သမိုင်းကဏ္ဍ
 
လက်ရှိအချိန်ထိ ကုရ်အာန်ကျမ်းမြတ်ကို အာရဗီဘာသာစကားကနေ ဟစ်ဘရူးဘာသာစကားကို ပြန်ဆိုထားတဲ့ ကုရ်အာန် ဗားရှင်းစုစုပေါင်း (၅) မျိုးရှိနေပါပြီ။ နောက်ဆုံးဖြန့်ချိတဲ့ဗားရှင်းအမည်ကတော့ “The Quran in Other Words” ဖြစ်ပါတယ်။ အရင်ဗားရှင်း (၄) မျိုးကို ဂျူးတွေကိုယ်တိုင်ပြန်ဆိုခဲ့ပေမယ့် နောက်ဆုံးဗားရှင်းကိုတော့ မွတ်စလင်တွေက အစအဆုံးဦးစီးခဲ့ကြပါတယ်။
 
နောက်ဆုံးဗားရှင်း စာအုပ်ကို အစ္စရေးနိုင်ငံအတွက် အဓိကပစ်မှတ်ထားခဲ့ပေမယ့် ပြန်ဆိုဖို့စီစဉ်သူနဲ့ ထုတ်ဝေဖြန့်ချိသူအားလုံးဟာ ဂျော်ဒန်နိုင်ငံသားတွေပါ။ နောက်ဆုံးထုတ် ဟစ်ဘရူးဘာသာပြန်ကုရ်အာန်ကို ဂျော်ဒန်နိုင်ငံ အမ္မားန်မြို့မှာရှိတဲ့ ဘိုင်ယိနားသ် (Bayanat) လွတ်လပ်သော အစ္စလာမ်လေ့လာရေးစင်တာက စီစဉ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
 
ပြန်ဆိုသူကိုတော့ ဆူဘီ အလီ အဒါဝီလို့ ညွှန်းထားပါတယ်။ သူကတော့ ဂလီလီပြည်နယ်အခြေစိုက် တူရန်ရွာသား အစ္စရေး-အာရပ်ကပြား ဆရာတစ်ဦးဖြစ်ပါတယ်။ အသက် ၆၀ ရှိပြီဖြစ်ပြီး သားသမီးခြောက်ဦးရှိပါတယ်။ သူ့သားသမီးတွေအားလုံးဟာလည်း ပညာတတ်တွေဖြစ်ကြပါတယ်။ အဒါဝီဟာ နှစ်ပေါင်း ၄၀ တိုင်တိုင် ကျောင်းတွေမှာ ဟစ်ဘရူးနဲ့ အာရဗီဘာသာစကားကို သင်ကြားပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရိန်းနေ့ဟ် ရွာက အထက်တန်းကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
 
ပထမဦးဆုံး ဟစ်ဘရူးဘာသာပြန်ကုရ်အာန်ကို ပြန်ဆိုခဲ့သူကတော့ ဂျာမန်ဂျူးလူမျိုးဖြစ်တဲ့ ဟာမန်း ရစ်ကန်ဒေါ့ဖ် (Hermann Reckendorf) ဖြစ်ပါတယ်။ ၁၈၅၇ ခုနှစ်က ပြန်ဆိုခဲ့တာပါ။ အဒါဝီက အဲဒီဘာသာပြန်ကိုစံပြအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ဘာသာပြန်အတွက် အားကိုးခဲ့ပါတယ်။ ဒုတိယဘာသာပြန်အဖြစ် ၁၉၃၆ ခုနှစ်မှာ ဂျိုးဆပ် ဂျိုးယေး ရစ်ဗလင် (Joseph Joel Rivlin – အစ္စရေးသမ္မတဟောင်း ရူဗင် ရစ်ဗလင်၏ ဖခင်) က ပြန်ဆိုခဲ့တာပါ။ တတိယမြောက် ဘာသာပြန်ကိုတော့ ၁၉၇၁ ခုနှစ်မှာ အာရွန် ဘန် ရှီမေ့ရှ် (Aharon Ben Shemsh) ဆိုသူက ပြန်ဆိုခဲ့ပါတယ်။ စတုတ္ထမြောက်ဘာသာပြန်ကိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အရင်မှာ ယူရီရူဘင် (Uri Rubin) ဆိုသူက ပြန်ဆိုခဲ့ပြီး တဲလ်အဗစ်တက္ကသိုလ်ပုံနှိပ်တိုက်က ဖြန့်ချိခဲ့ပါတယ်။
 
နောက်ဆုံး ပဉ္စမမြောက် အသစ်လွင်ဆုံးဘာသာပြန်ကိုတော့ အဒါဝီက ပြန်ဆိုခဲ့ပြီး ၃နှစ်ခွဲတိုင်တိုင် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ရတယ်လို့သိရပါတယ်။
 
(စတီဗင်ရေးသည်)
ယခုလထုတ်ဉာဏ်အလင်းမဂ္ဂဇင်းကို Download ရယူရန် –

Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE
ကိုးကား – Al Monitor