ကျန်းမာရေးအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက် (သို့မဟုတ်) စပျစ်

ကဏ္ဍ – Health

(စတီဗင်)

“စပျစ်သီး” ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုပညာရှင်ကြီးအိဗ်နေ့ အလ်-ကိုင်ယီးမ်ကသူ့ရဲ့ကျမ်းဖြစ်တဲ့ “တမန်တော်မြတ်၏ဆေးနည်းများ” (The Prophetic Muslim) ထဲမှာပြုစုရေးသားခဲ့ပါတယ်။ စပျစ်သီးကို ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ ခြောက်ကြိမ်တိုင်တိုင်ဖော်ပြထားပြီး ဂျန္နသ်သုခဘုံရဲ့ အသီးတစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။  စပျစ်သီးဟာ အသီးတွေထဲမှာ အကျိုးအပေးဆုံးအသီးတစ်ခုဖြစ်ပြီး အသီးစိမ်း၊ အသီးမှည့်၊ အသီးခြောက် အကုန်စားလို့ရကြောင်းလည်း အိဗ်နေ့ကိုင်ယီးမ်က ဖော်ပြထားပါတယ်။ စပျစ်သီးကို အသီးအနှံ၊ အစားအစာ၊ ဖြည့်စွက်စာ၊ ဆေး၊ ဖျော်ရည် အစရှိသဖြင့် အသုံးပြုလို့ရပါတယ်။

စပျစ်သီးကို ချက်ချင်းခူးတာထက် နှစ်ရက်သုံးရက်ခန့်ကြာပြီးနောက် အပေါ်ယံအခွံအနည်းငယ်ပျော့ပြောင်းသွားချိန်ဟာ အာဟာရအရှိဆုံးလို့လည်း ပညာရှင်ကြီးက ဆိုထားပါတယ်။ စပျစ်သီးရဲ့အကျိုးကျေးဇူးတစ်ချို့ထဲမှာ ပိန်လွန်းသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာကိုယ်အလေးချိန်တက်စေခြင်း၊ အာဟာရဖြည့်ဆည်းပေးခြင်းတို့ပါဝင်ပါတယ်။ အိဗ်နေ့ကိုင်ယီးမ်က သဖန်းသီးနဲ့ စွံပလွံသီးတို့ကို အသီးများရဲ့ခေါင်းဆောင်လို့ အဆင့်အတန်းသတ်မှတ်ထားပြီး စပျစ်သီးခြောက်ရဲ့ အကျိုးကျေးဇူးဟာ အဲဒီသဖန်းသီးနဲ့ အလားသဏ္ဍာန်တူတယ်လို့ ဆိုထားပါတယ်။

စပျစ်သီးဘာကြောင့်စားသင့်လဲ

စပျစ်သီးတွေဟာ စပျစ်ပင်ကိုင်းတွေမှာသီးတဲ့ အသီးငယ်တစ်မျိုးဖြစ်ပါတယ်။ စပျစ်သီးမှာပုံသဏ္ဌာန်အမျိုးမျိုးရှိပြီး အဝိုင်း၊ ဘဲဥအစရှိသဖြင့်တွေ့နိုင်ပါတယ်။ အစေ့ရှိတဲ့စပျစ်သီးရှိသလို အစေ့လွတ်စပျစ်သီးတွေလည်းရှိပါတယ်။ အရောင်အားဖြင့်လည်း အစိမ်း၊ အနီ၊ ခရမ်း၊ နက်ပြာ၊ အနက် အစရှိသဖြင့် ရှိပါသေးတယ်။ စပျစ်သီးရော စပျစ်စေ့ကိုပါ စားသုံးနိုင်ပါတယ်။

စပျစ်သီးတွေမှာ ဗိုက်တာမင် စီဓာတ်၊ ပိုတက်စီယမ်ဓာတ်နဲ့ ဖိုင်ဘာဓာတ်အနည်းငယ်ပါဝင်ပါတယ်။ စပျစ်စေ့တွေမှာ ကင်ဆာရောဂါကိုကာကွယ်ပေးတဲ့ စွမ်းအားမြင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ အဓိကအားဖြင့် proanthocyanidin ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပါတယ်။ အဲဒီပစ္စည်းဟာ ဗိုက်တာမင်အီးထက် ဓာတ်တိုးဆန့်ကျင်စွမ်းရည် အစပေါင်း ၂၀ မြင့်မားပြီး ဗိုက်တာမင် စီထက် အစ ၅၀ မြင့်မားပါတယ်။ စပျစ်သီးအခွံမှာပါဝင်တဲ့ resveratrol ဆိုတဲ့ အပင်ဓာတ်ပစ္စည်းတစ်ခုပါဝင်တာကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာဖြစ်ပွားမှုကို ဆန့်ကျင်ပေးနိုင်ပါတယ်။ စပျစ်သီးမှာ အပင်တွေမှာပါဝင်ပြီး လူ့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ Flavonoid ဓာတ်မြင့်မားစွာပါဝင်ပါတယ်။ စပျစ်သီးအနီရောင်မှာ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကို တိုက်ဖျက်ပေးတဲ့ carotenoid lycopene ဓာတ်ပါဝင်ပါတယ်။

အကျိုးကျေးဇူး

နှလုံးကျန်းမာရေး – အထက်မှာဖော်ပြခဲ့တဲ့အတိုင်း စပျစ်သီး အဖြူနဲ့ အနီတို့ရဲ့ အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း resveratol အပြင် caffeic, caftaric, coumaric နဲ့ coutaric acids ဓာတ်တို့ အမြောက်အမြားပါဝင်ပါတယ်။ အဲဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ နှလုံးကို ကာကွယ်ပေးပါတယ်။ သုတေသနလေ့လာတွေ့ရှိချက်တစ်ခုအရ စပျစ်ဖျော်ရည်ဟာ သွေးအတွင်း ကောင်းမွန်တဲ့ ကိုလက်စထြော အဆီဓာတ်ကို မြင့်တက်စေနိုင်တယ်လို့လည်း သိရပါတယ်။

ကင်ဆာ – စပျစ်သီးဟာ ကင်ဆာကိုကာကွယ်ပေးရုံမက ကင်ဆာကြီးထွားမှုကိုလည်း တိုက်ဖျက်ပေးနိုင်ကြောင်း သုတေသနအမြောက်အမြားက သက်သေပြခဲ့ပြီးပါပြီ။

မှတ်ဉာဏ် – စပျစ်ဖျော်ရည်သောက်ခြင်းအားဖြင့် မှတ်ဉာဏ်တို အားနည်းခြင်းကို တိုးတက်ကောင်းမွန်စေပါတယ်။ ပြီးတော့ ဦးနှောက်နဲ့ အာရုကြောဆိုင်ရာ လုပ်ဆောင်မှုနဲ့ ခန္ဓာကိုယ်မျှခြေထိန်းညှိမှုအပြင် အာရုကြောအာကောင်းစေကြောင်းကိုလည်း စမ်းသပ်တွေ့ရှိခဲ့ပြီးပါပြီ။

ကိုယ်အလေးချိန် – စပျစ်စေ့ဟာ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ မကောင်းတဲ့အဆီတွေ စုပ်ယူမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ဘယ်လိုရွေးမလဲ

စပျစ်သီးရွေးတော့မယ်ဆိုရင် အခွံတင်းတင်းရင်းရင်းရှိပြီး အတွန့်မပါတာကိုရွေးယူပါ။ စပျစ်သီးဟာ တခြားအသီးတွေလိုမဟုတ်ဘဲ အစိမ်းကိုခူးမိပြီးရင် ခူးပြီးအသီးတွေဟာ ဆက်လက်မှည့်ခြင်းမရှိတော့ပါဘူး။ သာမန်အခန်းအပူချိန်မှာတင် စပျစ်သီးဟာ ရက်ပေါင်းများစွာ လတ်လတ်ဆတ်ဆတ် ဆက်ရှိနိုင်ပါတယ်။ မဆေးမကြောဘဲ ရေခဲသေတ္တာထဲထည့်ထားရင် ပိုပြီးတောင် တာရှည်ခံပါသေးတယ်။

===============

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h