ကျန်းမာရေးအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက် သို့မဟုတ် မုယောစပါး

ကဏ္ဍ – Health

(စတီဗင်)

မုယောစပါး (ဘာလီ- Barley) အကြောင်းကို ပညာရှင်ကြီး အိဗ်နေ့ အလ်-ကိုင်ယီးမ်က သူ့ရဲ့ကျမ်းဖြစ်တဲ့ “တမန်တော်မြတ်၏ ဆေးနည်းများ – The Prophetic Muslim” ထဲမှာ ပြုစုရေးသားခဲ့ပါတယ်။

တလ်ဘီနာ

တလ်ဘီနာ (Talbinah) ဆိုတာ မုယောနဲ့ပြုလုပ်ထားတဲ့ ဟင်းချိုတစ်မျိုးပါ။ အရည်ကြဲပြီး နို့လိုမျိုးအဖြူရောင်ရှိတာကြောင့် အဲဒီမုယောဟင်းချိုကို တလ်ဘီနာလို့ခေါ်ကြောင်း သိရပါတယ်။

တလ်ဘီနာနဲ့ ပတ်သက်ပြီး တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ရဲ့ ဟဒီးဆ်မိန့်မှာချက်တွေမှာ မကြာခဏဆိုသလိုတွေ့နိုင်ပါတယ်။ တစ်ခေါက်မှာဆိုရင် ကိုယ်တော်မြတ်ရဲ့ ဇနီးသည် အိုင်ရှာ (ရသွေ့) သခင်မရဲ့ ဆွေမျိုးသားချင်းတစ်ဦး ကွယ်လွန်သေဆုံးသွားခဲ့ပါတယ်။ နာရေးလာမေးသူအမျိုးသမီးတွေရောက်လာပြီးနောက် အသီးသီးပြန်သွားကြပြီး မိသားစုဝင်တွေသာကျန်ရစ်ခဲ့ပါတယ်။ အိုင်ရှာသခင်မက မြေအိုးနဲ့ တလ်ဘီနာကြိုပါတယ်။ ပြီးတော့ တာရစ်လို့ခေါ်တဲ့ အသားနဲ့ပေါင်မုန့်နဲ့ ပြုလုပ်ထားတဲ့ စားစရာတစ်ခုပြုလုပ်ပါတယ်။ အဲဒီအပေါ်ကို တလ်ဘီအရည်စမ်းလိုက်ပါတယ်။ ပြီးတော့ အိုင်ရှာသခင်မက သူနဲ့အတူရှိနေတဲ့ အမျိုးသမီးတွေကိုအခုလိုပြောပါတယ်။ “ဒါကိုစားကြပါ။ အလ္လာဟ့်တမန်တော် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် အခုလို မိန့်တာကို ကျမကြားဖူးပါတယ်။ တလ်ဘီနာဟာ နာမကျန်းသူရဲ့ နှလုံးသားကို အပန်းပြေစေပြီး ဝမ်းနည်းပူဆွေးခြင်းတစ်ချို့ကို ဖယ်ရှားပေးပါတယ်လို့ ကိုယ်တော်က မိန့်ခဲ့ပါတယ်” (ဘူခါရီ ၄၇၉/၉)

ဒါ့အပြင် အိဗ်နေ့မာဂျဟ်ကျမ်း ဟဒီးဆ် ၃၄၄၆ နဲ့ တခြားဟီဒီးဆ်တွေမှာလည်း မုယောဟင်းချိုနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကိုတွေ့နိုင်ပါတယ်။

မုယောဆိုသည်မှာ

မုယောစပါး (ဘာလီ) သည် မြက်ပင်မျိုးနွယ် Poaceae ဖြစ်ပြီး သတ္တဗေဒအမည် Hordeum vulgare ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ မုယောအမျိုးအစားအများအပြားပေါက်ပေမယ့် လူစားသုံးတဲ့ပမာဏကတော့ အင်မတန်နည်းပါတယ်။ မုယောဟာ ခြံမွေးတိရစ္ဆာန်တွေကိုကျွေးတဲ့ အဓိကအစားတစ်မျိုးလည်းဖြစ်ပါတယ်။ မုယောကိုစားလို့ရဖို့အတွက် အစေ့ကို ပထမဆုံးအခွံချွတ်ရပါမယ်။ မုယောပင်ဟာ ၁ ပေခွဲကနေ ၄ ပေအထိအရှည်ရှိပြီး အေးတဲ့ရာသီဥတုမှာ ပိုမိုဖြစ်ထွန်းပါတယ်။

မုယောမှာဘာပါသလဲ

မုယောမှာ ကာဗိုဟိုက်ဒြိတ် (၅၅% ကဆီဓာတ်၊ ၁၅% ဖိုက်ဘာ)၊ ပရိုတိန်း (၁၂%)၊ အဆီ (၃%) နဲ့ ဗိုက်တာမင်၊ သတ္တုဓာတ်၊ ဖလေဗိုနွိုက် (Flavonoids) နဲ့ အန်တိုဆိုက်ယာနင် (Anthocyanin) ဓာတ်တို့ပါဝင်ပါတယ်။ ဗိုက်တာမင်ထဲမှာဆိုရင် B1 (သိုင်ယာမင်း)၊ B2 (ရိုင်ဗိုဖလေဗင်)၊ B3 (နိုက်ယာဆင်)၊ B5 (ပန်တိုသဲနစ်)၊ B6၊ B9 (ဖိုးလိတ်) တို့ပါဝင်ပါတယ်။ သတ္တုဓာတ်မှာဆိုရင် စီလီနီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ မီးစုန်းဓာတ်တို့ပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တို့လည်းပါ ပါတယ်။ အဲဒီဓာတ်တွေက ပေးတဲ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Phytochemicals – ဒါကတော့ အပင်မှာပါတဲ့ သဘာဝဓာတုဓာတ်ပေါင်းတွေပါ။ ဒီဓာတ်ပေါင်းတွေဟာ နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။
  • ပျော်ဝင်နိုင်သော ဖိုက်ဘာအမျှင်ဓာတ်ဟာ သွေးတွင်း ကိုလက်စထြောကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ချပေးပါတယ်။ ခန္ဓာကိုယ်သကြားစုပ်ယူမှုကို နှေးကွေးစေတာကြောင့် အမျိုးအစား- ၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ (အင်ဆူလင်မမှီခိုသော ဆီးချို) ဖြစ်ပွားနိုင်ခြေကို လျော့ချပေးပါတယ်။
  • မပျော်ဝင်နိုင်သော ဖိုက်ဘာအမျှင်ဓာတ်တွေဟာ လေဝမ်းမှန်ခြင်းကို အထောက်အကူပြုပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာကဲ့သို့သော ကင်ဆာတစ်ချို့ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
  • ကဆီဓာတ် – နူးညံ့ခြင်းနဲ့ စုပ်ယူနိုင်စွမ်းဂုဏ်သတ္တိရှိပါတယ်။
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း – အထူးသဖြင့် ဗိုက်တာမင် C နဲ့ ဗိုက်တာမင် E တို့ဟာ ကင်ဆာဖြစ်စေတဲ့ မတည်ငြိမ်တဲ့ Free Radicals တွေကြောင့်ဖြစ်ပွားရတဲ့ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
  • သွေးအတွင်း ဂလူးကို့စ်ဓာတ်ကို ထိန်းညှိပေးရာမှာ အရေးပါတဲ့ ခရိုမီယမ်ဓာတ်တို့ ကြွယ်ဝပါတယ်။ ကင်ဆာဖြစ်ပွားနိုင်ခြေနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးရာမှာ အရေးပါတဲ့ Tocols နဲ့ tocotrienols အဆီဓာတ်တို့ပါဝင်တာကြောင့် မုယောဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပါတယ်။

ခေတ်သစ်ဆေးသိပ္ပံတွေ့ရှိချက်များ

ခေတ်သစ်ဆေးသိပ္ပံတိုးတက်လာတာနဲ့အမျှ မုယောရဲ့အကျိုးကျေးဇူးတွေကို ပိုပြီးသိလာပါတယ်။ မုယောမှာပါတဲ့ ကဆီဓာတ်ဟာ ဝမ်းပျော့စေခြင်း၊ စုပ်ယူမှုအားကောင်းစေခြင်း၊ ရောင်ရမ်းမှုသက်သာစေခြင်း၊ ပိုးသတ်ပေးခြင်း အစရှိတဲ့ ဂုစ်သတ္တိတွေရှိတာကြောင့် အူလမ်းကြောင်းနံရံတွေကို အဆင်ပြေချောမွေ့စေသလို အစာအိမ်နာခြင်း၊ ရောင်ရမ်းခြင်းတွေမှာလည်း အကျိုးထူးကြောင်း တွေ့ရှိရပါတယ်။

မုယောမှာပါတဲ့ ဗိုက်တာမင် B အမျိုးမျိုးဟာ အာရုံကြောစနစ်ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာကို တည်ငြိမ်ကျန်းမာစေပါတယ်။ ဗိုက်တာမင် B ချို့တဲ့ခြင်းဟာ စိတ်ကျရောဂါနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ရဲ့ ဟဒီးဆ်တော်ထဲမှာ တလ်ဘီနာဟာ ဝမ်းနည်းပူဆွေးခြင်းတစ်ချို့ကို ဖယ်ရှားပေးတယ်လို့ ဆိုခဲ့တာပါ။ ခန္ဓာကိုယ်ဟာ ဗိုက်တာမင် B ကို မသိုလှောင်နိုင်တာကြောင့် နေ့စဉ်စားသုံးရာမှာ ပုံမှန်ပါဝင်ဖို့ အရေးကြီးပါတယ်။

မုယောမှာ ဖိုက်ဘာအမျှင်ဓာတ်အများအပြားပါဝင်တာကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါသည်တွေနဲ့ ဆီးချိုအစပျိုးနေသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ မုယောမှာပါတဲ့ Beta-glucan ဖိုက်ဘာဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ အချိုဓာတ် (ဂလူးကို့စ်) စုပ်ယူနိုင်စွမ်းကို နှေးကွေးစေပါတယ်။ ဒါ့အပြင် စုပ်ယူစွမ်းမြင့်တဲ့ မုယောဟာ မစင်ထဲမှာပါတဲ့ ရေဓာတ်ကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူပေးရာမှာ အထောက်အကူပြုတာကြောင့် မပြင်းထန်တဲ့ ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

မုယောသို့မဟုတ် မုယောပါဝင်တဲ့ စားသောက်ကုန်တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါ (CHD) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးကြောင်း အမေရိကန်စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (U.S. FDA) က ၂၀၀၆ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

မုယောစိမ်း (Green Barley) မှာ ဗိုက်တာမင် A, C, B1, B2 နဲ့ B12 တို့အပြင် ဖောလစ်အက်ဆစ်၊ ကယ်လစီယမ်၊ သံဓာတ်နဲ့ မီးစုန်းဓာတ်တို့ ကြွယ်ဝပါတယ်။ ဒါ့အပြင့် တခြားအပင်တွေထက် မုယောစပါးပင်မှာ Essential Amino Acids ကိုးမျိုးစလုံးပါဝင်ပါတယ်။ အဲဒီကိုးမျိုးကို ခန္ဓာကိုယ်က အလိုလျောက်မထုတ်ပေးနိုင်ပါတယ်။ မုယောစိမ်းမှာ အစိမ်းရောင်ခြယ်ဓာတ် (Chlorophyll) မြင့်မားစွာပါဝင်ပါတယ်။ အဲဒီဓာတ်ဟာ ကင်ဆာဖြစ်စေတဲ့ Free Radicals တွေကို ရှင်းလင်းပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့ ဆောင်ရွက်တာကြောင့် ကင်ဆာကို ကာကွယ်ပေးပါတယ်။

မုယောမှာပါတဲ့ Alpha-tocopherol succinate (ဗိုက်တာမင် E အနွယ်တစ်မျိုး) ဟာလည်း ကင်ဆာတိုက်ဖျက်စွမ်းရည်ရှိတယ်လို့ သိရပါတယ်။ သွေးကင်ဆာ၊ ဦးနှောက်အကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကဲ့သို့ ကင်ဆာတွေကို ကာကွယ်တားဆီးပေးတယ်လို့ သိရပါတယ်။

မုယောမှာ ဗိုက်တာမင် C နဲ့ Carotenoids တွေပါဝင်ခြင်းဟာ အသားအရေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။ အဲဒီဓာတ်တွေကို မုယောစိမ်းမှာ အဓိကတွေ့ရပြီး အရေပြားဆဲလ်တွေမှာရှိတဲ့ Mitrochondria ကို သစ်လွင်စေတာကြောင့် ပိုမိုနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာပါ။

မုယောစိမ်းစပါးမှာ အမဲခါးဆစ်သားထက် ပရိုတိန်းဓာတ်ပိုမိုပါဝင်ပါတယ်။ ဒေါက်ခွ (Spinach) ထက် သံဓာတ် ငါးဆ ပိုပါပါတယ်။ လိမ္မော်ရည်ထက် ဗိုက်တာမင် C ခုနှစ်ဆ ပိုပါပါတယ်။ နွားနို့ထက် ကယ်လဆီယမ် ၁၁ ဆ ပိုပါပါတယ်။

မုယောစပါးဟာ ရင်သားကင်ဆာ၊ သည်းခြေကျောက်၊ ကလေးဘဝပန်းနာရင်ကြပ်နဲ့ အရိုးအဆစ်ရောင်ရမ်းနာတို့ကိုပါ သက်သာစေနိုင်တယ်ဆိုတဲ့ သုတေသနလေ့လာချက်တွေလည်း ရှိပါသေးတယ်။

အသုံးပြုနည်း

  • ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ ကျန်းမာရေးအတွက် – တလ်ဘီနာကို နေကောင်းသည်အထိ သောက်ပါ။ တလ်ဘီနာလုပ်နည်းကတော့ :- ၁၀၀% မုယောမှုန့်ကို စားပွဲတင်ဇွန်း ၁-၂ ဇွန်းစာခွက်ထဲထည့်ပါ။ နို့သမဟုတ် ရေကို တစ်ဝက်ဖြည့်ပြီး ဖျော်ပါ။ အဲဒီဖျော်ရည်ကို မီးအေးအေးနဲ့ ၅-၁၀ မိနစ် သို့မဟုတ် ဟင်းချိုအဆင့်ရောက်သွားတဲ့အထိကြိုပါ။ အဲဒီနောက်သောက်ပါ။ အရသာပိုကောင်းစေချင်ရင် သကြားသို့မဟုတ် ပျားရည်ထည့်နိုင်ပါတယ်။
  • လည်ပင်းနာရင် – မုယောရေနဲ့ ပလုပ်ကျင်းပါ။
  • အစာအိမ်နာရင် – ဘာလီရေနှစ်ခွက်သို့မဟုတ် သုံးခွက်သောက်ပါ။
  • ဆီးချို၊ ဆီးချိုအစပျိုးခြင်းနဲ့ ဝမ်းချုပ်သူတွေအတွက် – မုယောကို နေ့စဉ်ပုံမှန် ထမင်းအနပ်တိုင်းမှာ ပါဝင်ပါစေ။ တလ်ဘီနာကို ပုံမှန်သောက်ပါ။ မုယောကို ဆန်အစားထိုးစားသုံးပါ။ ပေါင်မုန့်စားတယ်ဆိုရင် မုယောပေါင်မုန့်ပြောင်းလဲစားပါ။ မုယောပေါင်မုန့်ဟာ တမန်တော်မြတ် မုဟမ္မဒ် စားသုံးခဲ့ပါတယ်။
  • ဆီးပိုးဝင်ခြင်းအတွက် – မုယောရေကို တစ်နေ့မှာ အကြိမ်များစွာသောက်ပါ။ အဲဒါဆိုရင် အဆိပ်တွေကို စွန့်ထုတ်ပြီးသားဖြစ်စေပြီး ဆီးကို ကြည်လင်စေပါတယ်။
  • ကင်ဆာသမားတွေအတွက်ဆိုရင် – တလ်ဘီနာကို နေ့စဉ်ထမင်းအနပ်တိုင်းမှာစားသုံးပါ။ မုယောရေကိုလည်း သောက်ပါ။ ဆီလီနီယမ်ဓာတ်ချို့တဲ့ခြင်းဟာ အရေပြားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာကို ဦးတည်စေပါတယ်။
  • ဝမ်းချုပ်ခြင်းနဲ့ သွေးအားနည်းခြင်း – မုယောစိမ်းမှုန့်ကို ရေသို့မဟုတ် ဖျော်ရည်နဲ့ ဖျော်ပြီးသောက်ပါ။ (တစ်ရက်ကို လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ဖျော်သောက်ပါ။ အဆင်ပြေပြီဆိုရင် ၂-၃ ဇွန်းထိ ဖျော်သောက်ပါ)

သတိပြုရန်

မုယောဟာ လူနဲ့တည့်တယ်ဆိုပေမယ့် ဒီအချက်တွေကို သတိထားပေးပါ။

  • Gluten ဓာတ်မတည့်ခြင်း – Celiac အူရောဂါသည်နဲ့ Gluten မတည့်သူတွေဟာ မုယောကို ရှောင်ကျဉ်သင့်ပါတယ်။
  • သွေးတွင်းသကြားဓာတ်ကျဆင်းအောင် ဆေးသောက်နေရတဲ့ အမျိုးအစား-၂ ဆီးချိုရောဂါသည်တွေအနေနဲ့ မုယောကို ဆေးနဲ့ အသေအချာချိန်ညှိပြီး စားသုံးသင့်ပါတယ်။ သွေးအတွင်းသကြားဓာတ် အဆမတန်လျော့နည်းသွားနိုင်မယ့် အန္တရာယ်ရှိလို့ပါ။

မုယောရေဘယ်လိုဖျော်မလဲ

(၁) ရေ ၈ ခွက်

(၂) မုယော ၁ ခွက်

(၃) သံပုရာသီး ၂ လုံး (စိတ်ကြိုက်)

(၄) ပျားရည် ခွက် ၄ပုံ၁ပုံ (စိတ်ကြိုက်)

  • မုရောနဲ့ ရေတို့ကို အိုးတစ်အိုးထဲမှာ ရောထည့်ပါ။ ပြီးရင် ပွက်ပွက်ဆူအောင်တည်ပါ။
  • အဲဒီနောက်အပူကိုလျော့ချပြီး မုယောကို မီးအေးအေးနဲ့ နာရီဝက်တည်ပါ။
  • အဲဒီနောက် ရေစစ်နဲ့ မုယောစေ့တွေကိုစစ်ထုတ်ပြီး ရေကိုသက်သက်ထားပါ။
  • မသောက်ခင်အရင် မုယောရေကိုအအေးခံပါ။
  • ကလေးတွေကိုအရသာကောင်းကောင်းနဲ့တိုက်ချင်ရင် သံပုရာသီးနှစ်လုံးညှစ်ထည့်ပြီး ပျားရည်နည်းနည်းထည့်ပေးပါ။ ပြီးရင် အသေအချာမွှေပြီး သောက်နိုင်ပါပြီ။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf