တမန်တော်မုဟမ္မဒ် (pbuh)၏ ကျန်းမာရေးလမ်းညွှန်ချက်များ

ကဏ္ဍ – Health
အစ္စလာမ်သာသနာက မွတ်စလင်တွေကို စားသောက်တဲ့ ကျင့်ဝတ်ထုံးတမ်းတွေသင်ကြားပေးထားပြီး ကျန်းမာတဲ့ဘ၀ကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာလမ်းညွှန်ပြသထားပါတယ်။ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကိုယ်တော်တိုင်က သန့်ပြန့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကို စားဖို့အတွက် နောက်လိုက်တွေကို လမ်းညွှန်ဆုံးမထားပါတယ်။ ကုရ်အာန်ကျမ်းမြတ်ထဲရဲ့ လမ်းညွှန်ချက်နဲ့အညီ သဘာဝကျစွာ စားသောက်နေထိုင်ဖို့ဆုံးမထားပါတယ်။ ဒီဆုံးမချက်တွေဟာ လူမှုကျင့်ဝတ်ရဲ့ အခြေခံစည်းမျဉ်းတွေလို့ဆိုရင်လည်းမမှားပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ်တော်မြတ်ဆုံးမထားတဲ့ အချက် (၁၀) ကို လေ့လာကြည့်ပါ။
 
(၁) မလွန်မကျွံစားသောက်ပါ
 
အစားအသောက်လျှော့စားခြင်းဟာ နာမကျန်းမှုနဲ့ ရောဂါတွေကိုကာကွယ်ပေးတယ်လို့ ကိုယ်တော်မြတ်က ဆိုထားပါတယ်။ အစ္စလာမ့်လမ်းညွှန်ချက်အရ အစာအိမ်ရဲ့ သုံးပုံတစ်ပုံဟာ အစာအစား၊ နောက်ထပ်သုံးပုံတစ်ပုံဟာ အရည်နဲ့ နောက်ဆုံးသုံးပုံတစ်ပုံဟာ ရှုဖို့လေထားရမယ်လို့ ဆိုထားပါတယ်။
 
(၂) ဖြည်းဖြည်းစားပါ
 
အစာချေခြင်းဖြစ်စဉ်ကိုအထောက်အကူပြုစေဖို့အတွက် အစားအသောက်စားရင် ဖြည်းဖြည်းသာသာစားဖို့အတွက် တမန်တော်မုဟမ္မဒ် (pbuh) က အသေအချာတိုက်တွန်းထားပါတယ်။ ဗိုက်ပြည့်ကြောင်းကို ဦးနှောက်က သိဖို့အတွက် မိနစ် ၂၀ ခန့်အချိန်ကြာတတ်ပါတယ်။ ဖြည်းဖြည်းစားခြင်းအားဖြင့် အစာကြေခြင်းကို အထောက်အကူဖြစ်စေမှာပါ။ ဘာကြောင့်လဲဆိုတော့ အစားအစာကို အသေအချာကျေညပ်အောင် ၀ါးစားခြင်းအားဖြင့် အစောချေလုပ်ငန်းကို အထောက်အကူဖြစ်စေပါတယ်။ အသေအချာဝါးစားခြင်းဟာ အစာအိမ်နဲ့ အူတွေထဲမှာ မကျေတဲ့အစာတွေကို ချေဖျက်ရတာလောက် စွမ်းအင်သုံးစွဲဖို့မလိုအပ်ပါဘူး။
 
(၃) ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေရန် အားကစားလုပ်ပါ
 
အစ္စလာမ်သာသနာမှာ ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားလုပ်ခြင်းက အရေးကြီးပါတယ်။ မြားပစ်ခြင်း၊ ရေကူးခြင်း၊ မြင်းစီးခြင်းတွေကို အဓိက အားပေးထားပါတယ်။ ကိုယ်ကာယကျန်းမာတဲ့ အားကစားတွေကို အစ္စလာမ်က အားပေးပါတယ်။ ကျန်းမာသန်စွမ်းခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်ကို ခ၀ပ်ကိုးကွယ်ရာမှာ အင်းအားချိနဲ့သူထက် ပိုပြီး ကောင်းမွန်တက်ကြွစွာ စူးစူးနစ်နစ် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာမှသာ တစ်ပါးသူတွေကို ကူညီနိုင်မှာပါ။
(၄) အိပ်စက်ခြင်းနှင့် ဆွလားသ်ဝတ်ပြုခြင်း
 
ကိုယ်တော်မြတ်က အိပ်ရေးလုံလုံလောက်လောက်အိပ်ဖို့ ညွှန်ကြားထားပါတယ်။ ကိုယ်တော်မြတ်ဟာ အိပ်ရေးပျက်လေ့မရှိသလို အလွန်အကျွံအိပ်စက်ခြင်းလည်းမရှိခဲ့ပါဘူး။ ညကိုစောစောအိပ်ပြီး မနက်ကိုစောစောထဖို့ ကိုယ်တော်မြတ်က မိန့်ခြွေထားပါတယ်။ သိပ္ပံအရလည်း အိပ်ယာစောစောဝင်ခြင်းဟာ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းစောင့်ရှောင်နိုင်ခြင်း၊ အလုပ်များကိုပိုမိုထိရောက်စွာလုပ်ကိုင်နိုင်ခြင်းနဲ့ ရောဂါဆိုးများ (ဆီးချို၊ အ၀လွန်ခြင်းနှင့် နှလုံးရောဂါများ) ကို ရှောင်ရှားနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့ သိရပါတယ်။
 
ဆွလားသ်ဝတ်ပြုခြင်းဟာ အစ္စလာမ်မဏ္ဍိုင်ကြီးငါးခုထဲမှာတစ်ခုအပါအ၀င်ဖြစ်ပြီး မွတ်စလင်တိုင်းမဖြစ်မနေ ထမ်းဆောင်ရမယ့်တာဝန်လည်းဖြစ်ပါတယ်။ ဟဒီးဆ်တော်တစ်ပုဒ်အရ တမန်တော်မြတ်က အခုလိုပြောခဲ့တယ်လို့ သိရပါတယ်။ “ဆွလားသ်ဝတ်ပြုခြင်းသည် ဆေးတစ်လက်ဖြစ်သည်” တဲ့။ ကိုယ်ကာယကျန်းမာမှုအတွက် ဆွလားသ်ကပေးတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဉာဏ်အလင်းအတွဲ (၁) အမှတ် (၃) မှာ “ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ စဂ်ျဒဟ်မှန်မှန်ချကြစို့” ဆိုတဲ့ခေါင်းစဉ်နဲ့ အရှည်ရေးခဲ့ပြီးပါပြီ။ ဆွလားသ်ဝတ်ပြုခြင်းကြောင့် သွေးလည်ပတ်မှုကောင်းမွန်သလို အရိုးအဆစ်နဲ့ ကြွက်သားတွေကိုလည်း လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေပါတယ်။
 
(၅) ဝေမျှစားသောက်ခြင်း
 
စည်းစိမ်ဥစ္စာအပေါ် အလွန်အကျူးယစ်မူး ဇိမ်ခံခြင်း၊ အရသာခံခြင်းမရှိစေရန် တမန်တော်မုဟမ္မဒ် (pbuh) က မိမိနောက်လိုက်တွေကို ဆုံးမထားပါတယ်။ “ကိုယ့်အိမ်နီးချင်းက စားစရာမရှိချိန် ဗိုက်ပြည့်အောင်စားသောက်သူဟာ အီမာန်ရှင် (ယုံကြည်သက်ဝင်သူ) မဟုတ်” လို့ ဆိုထားပါတယ်။ ဘယ်လောက်လှပတဲ့ လူသားဝါဒပါလဲ။
 
(၆) စည်းလုံးခြင်းသည်အင်အား
 
မွတ်စလင်တွေကို အတူတကွစားသောက်ဖို့အတွက် တမန်တော်မြတ်က ဆုံးမခဲ့ပါသေးတယ်။ မိသားစုနဲ့ အတူစားသောက်ခြင်းဟာ ချစ်ခင်ရင်းနှီးမှုတိုးပွားစေတယ်လို့ ကိုယ်တော်မြတ်က ပြောခဲ့ပါတယ်။ အပေါင်းအဖော်နဲ့စားသောက်ခြင်းဟာ ပိုပြီးလည်းသက်တောင့်သက်သာရှိသလို လူအချင်းချင်းကြားမှာ သဟာဇာတဖြစ်ခြင်း၊ နားလည်မှုရှိခြင်းကို တိုးပွားစေပါတယ်။ ကိုယ်တော်မြတ်က “အတူတကွစားသောက်ပါ။ သီးခြားမစားသောက်လေနှင့်။ ကောင်းချီးမင်္ဂလာဟာ အဖော်အပေါင်းနဲ့ အတူရှိနေပါတယ်” လို့ မိန့်ခဲ့ပါတယ်။
(၇) ဥပုသ်စောင့်ခြင်း
 
အချိန်တစ်ခု သတ်မှတ်ပြီး ချိန်ကိုက်စားသောက်ခြင်းဟာ ကျန်းမာရေးအပေါ်သက်ရောက်မှုရှိတယ်လို့ ဆေးပညာတွေ့ရှိချက်တွေက ဆိုပါတယ်။ ဥပုသ်စောင့်ထိန်းခြင်းကို ကိုယ်တော်မြတ်က ရမ်ဇန်တစ်လထဲမှာသာမက အစ္စလာမ့်လတိုင်းရဲ့ တနင်္လာနေ့၊ ကြာသာပတေးနေ့၊ ၁၃ရက်၊ ၁၄ရက်၊ ၁၅ရက်နေ့တို့မှာလည်း စောင့်ထိန်းခဲ့ပါတယ်။ ရံဖန်ရံခါ ဥပုသ်စောင့်ခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးအများအပြားရှိတာကြောင့် ခေတ်စားလာပါပြီ။ ဥပုသ်စောင့်ခြင်းဟာ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ဒါ့အပြင် ဥပုသ်စောင့်ခြင်းအားဖြင့် အင်ဆူလင်ဟော်မုန်းတုံ့ပြန်မှုကို မြင့်တက်စေခြင်း၊ ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေခြင်း၊ အစာငတ်မွတ်မှုကိုထိန်းချုပ်နိုင်ခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေခြင်း၊ ခုခံအားစနစ်ကို အားကောင်းစေခြင်း စတဲ့အကျိုးကျေးဇူးမြောက်မြားစွာရှိပါတယ်။
 
(၈) သွားနှင့် ခံတွင်းကျန်းမာရေး
 
မအိပ်ခင်နဲ့ အိပ်ပြီးချိန်မှာ အာရာသ်ဆိုတဲ့ သစ်ကိုင်းနဲ့ ကိုယ်တော်မြတ်အမြဲသွားတိုက်ပါတယ်။ အဲဒီလိုသစ်ကိုင်းအမျိုးအစားကို သွားတိုက်တံအဖြစ် ဒီနေ့ခေတ်ထိအောင် အသုံးပြုကြပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အီမာန်ယုံကြည်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တမန်တော်မြတ်က မိန့်ထားပါတယ်။ ဒါဟာ မွတ်စလင်တစ်ယောက် သန့်ပြန့်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သင်ပြထားတာပါပဲ။ Scottish Health Survey က ပြုလုပ်တဲ့ သုတေသနအရ သွားနှင့်ခံတွင်း ညစ်ပတ်သူဟာ နှလုံးရောဂါဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုထားပါတယ်။
 
(၉) ရေကိုဖြည်းဖြည်းသောက်ပါ
 
ရေကိုကုလားအုတ်လို တစ်ရှုမနားဘဲမသောက်ဘဲ ဖြည်းဖြည်းချင်း တစ်ငုံချင်းစီသောက်ဖို့ တမန်တော်မြတ်က မိန့်ထားပါတယ်။ အချိန်တိုအတွင်း ရေအများအပြားသောက်ခြင်းဟာ သွေးတွင်းလျှပ်လိုက်ရည်မမျှတမှုကို ဖြစ်စေပြီး မူးဝေတတ်ပါတယ်။ ရေကိုဖြည်းဖြည်းသောက်ခြင်းဟာ ရေဓာတ်ကိုခန္ဓာကိုယ်က လိုအပ်သလောက်သာယူပြီး မလိုအပ်တာစွန့်ထုတ်နိုင်ဖို့ အထောက်အကူပြုစေပါတယ်။
 
(၁၀) စိတ်ကျန်းမာရေး
 
ဘ၀အပြောင်းအလဲတွေကိုလက်ခံပြီး စိတ်ကိုငြိမ်းချမ်းစွာထားဖို့ တမန်တော်မြတ်က မိန့်တော်မူခဲ့ပါတယ်။ မိမိကိုယ်ကိုယ် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် ဒေါသထွက်ခြင်းဆိုတဲ့ နွံတောထဲမနစ်မြုပ်ဖို့ သတိပေးထားပါတယ်။
 
လူတစ်ဦးက တမန်တော်မြတ်ဆီလာပြီး အခုလိုပြောပါတယ်။ “ကျနော်မျိုးကို ဆုံးမတော်မူပါ” ဆိုတော့ ကိုယ်တော်က “ဒေါသမထွက်လေနှင့်” လို့ မိန့်ပါတယ်။ အဲဒီလူဟာ ဆုံးမဖို့အတွက် အကြိမ်ကြိမ်အခါခါတောင်းဆိုပေမယ့် ကိုယ်တော်မြတ်က “ဒေါသမထွက်နဲ့” လို့ သာ အခေါက်တိုင်းပြန်မိန့်ခဲ့ပါတယ်။ မိမိဒေါသကိုထိန်းသိမ်းနိုင်သူဟာ ဘယ်အရာကိုမဆိုထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ တမန်တော်မုဟမ္မဒ် (pbuh) က သိတော်မူပါတယ်။
 
“နပမ်းသတ်နိုင်သူ (လုံးထွေးသတ်ပုတ်နိုင်သူ) ဟာ ခွန်အားကြီးမားသူမဟုတ်ဘူး။ ခွန်အားကြီးမားသူဆိုတာ ဒေါသထွက်ချိန်မှာ အဲဒီဒေါသကို ထိန်းချုပ်နိုင်သူဖြစ်တယ်” လို့ ကိုယ်တော်မြတ်က မိန့်ထားပါတယ်။ ဒေါသဟာ မကောင်းမှုဒုစရိုက်မှန်သမျှရဲ့ တံခါးပေါက်အားလုံးကို ဖွင့်လှစ်ပေးပြီး ကောင်းမှုမှန်သမျှရဲ့တံခါးတွေကနေ ဝေးကွာစေပါတယ်။
 
သုတေသနတွေအရ ဒေါသထွက်ခြင်းဟာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းနဲ့ ခုခံအားနည်းခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အလားအလာရှိကြောင်းတွေ့ရှိထားပါတယ်။
 
Ref: healthfitnessrevolution.
(စတီဗင်ရေးသည်)
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1