ဘဝကိုနေပျော်အောင်နေပါ

ကဏ္ဍ – Spiritual
 
(မျိုးအိနြေ္ဒပို)
 
ကားမောင်းရင်ဒေါသတကြီးမောင်းသူဘယ်နှစ်ယောက်ကို သင်မြင်ဖူးပါသလဲ။ တချို့များဆိုရင် စတီယာတိုင်ကို တဖုန်းဖုန်းထုရင်း “ဟာကွာ.. တောက်၊ လမ်းကတစ်ချိန်လုံးပိတ်ကျပ်နေတော့တာပဲ” လို့ အဆက်မပြတ် ညည်းညူတာမျိုးကို မြင်ဖူးကြပါလိမ့်မယ်။
 
“ဟာကွာ။ ပူအိုက်နေတာပဲ” ဆိုပြီး တတွတ်တွတ်ရေရွတ်ရင်း လမ်းလျှောက်တဲ့လူမျိုးကိုလည်းမြင်ဖူးမှာပေါ့။ သူလိုလူနဲ့ ဘယ်သူက စကားလက်ဆုံပြောချင်ပါ့မလဲ။
 
အကယ်လို့ အဲဒီလိုလူစားမျိုးတွေဟာ စာရှုသူရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး တစ်ရုံးထဲ အလုပ်အတူလုပ်ရတယ်ဆိုပါစို့။ သူညည်းညူတာကိုမြင်ရတိုင်း ငရဲကျသလိုခံစားနေရမှာအသေအချာပါပဲ။ “ငါ့ကောင်ရေ… အလုပ်တွေကတော့ တအားပဲကွာ။ တောက်! လစာကလည်း ဘယ်တော့မှ တိုးမလဲမသိဘူး” လို့ရေရွတ်ရင်း သင့်ကို အာရုံလာနှောက်ပါလိမ့်မယ်။ မျက်မှောင်ကြုတ်ပြီး ရုံးတက်၊ မကျေမချမ်းရေရွတ်ရင်း ရုံးဆင်းတဲ့လူနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ရတာ နည်းနည်းနောနောဒုက္ခမှမဟုတ်ဘဲ။ အဲဒီလို လူစားမျိုးတွေဟာ တစ်ခါတစ်လေမှာ သားဖြစ်သူက ဘယ်လိုဆိုးကြောင်း၊ မိန်းမနဲ့အဆင်မပြေကြောင်း၊ ခေါင်းကိုက်ကြောင်း၊ ဗိုက်အောင့်ကြောင်း၊ ခြေလက်ကိုက်ကြောင်း အမျိုးမျိုး ညည်းညူတတ်ပါသေးတယ်။
 
ခပ်တိုတိုပြောရမယ်ဆိုရင် အခုလိုပြဿနာတွေဟာ ကျမတို့နေ့စဉ်ဘဝမှာ အမြဲလိုလိုကြုံတွေ့နေရပေမယ့် အဲဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ကလည်း အဖြေမရှိပြန်ဘူး။ ဒါပေမဲ့ တစ်နည်းတော့ရှိပါတယ်။
အဲဒါကတော့ ကိုယ့်ဘဝကိုယ်နေပျော်အောင်နေဖို့ပါပဲ။ ကိုယ်ကြုံတွေ့နေရတဲ့လုပ်ငန်းခွင် မပြေလည်မှုတွေကို မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ် ဆိုးကျိုးမသက်ရောက်ပါစေနဲ့။ သင့်မပြေလည်မှုတွေကို သူတို့တွေက အဖြေမရှာပေးနိုင်မယ့်အတူတူ သူတို့ကို ဘာကိစ္စ ဒုက္ခပေးနေဦးမှာလဲ။ သင့်ကိုသူတို့ရဲ့အမြင်မှာ၊ သူတို့ရဲ့မှတ်ဉာဏ်တွေထဲမှာ ဝမ်းနည်းပူဆွေးနေသူတစ်ယောက်လို့ အမြင်မခံပါနဲ့။
 
ဒါကြောင့်ပဲ ကျမတို့ရဲ့ နှစ်ဘဝသခင်ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ်ကြီး ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က တစ်စုံတစ်ဦးကွယ်လွန်သေဆုံးသွားပြီဆိုရင် အဆက်မပြတ်ငိုယိုမြည်တမ်းခြင်း၊ အော်ဟစ်သောင်းကျန်းခြင်း၊ အင်္ကျီတွေစုတ်ဖြဲပြီး ရင်ဘတ်စည်တီးခြင်း၊ ကတုံးရိတ်ပစ်ခြင်း အစရှိတာတွေကို တားမြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသေကို တကယ်တမ်းဆက်ဆံရမှာ အဲဒီနည်းတွေမဟုတ်ပါဘူး။ လူသေကို ရေမိုးချိုးပေးရမယ်၊ ကဖန်ပိတ်စဖြူပတ်ပေးရမယ်၊ ဂျနာဇာဆွလာသ်ဖတ်ပေးရမယ်၊ ဒိုအာတောင်းပေးရပါမယ်။ အဲဒီနောက် မြေချဒဖန်ပြီး လွတ်ငြိမ်းချမ်းသာခွင့်အတွက် ဒိုအာတောင်းပေးရပါမယ်။ အဲဒီလိုမှမဟုတ် အော်ဟစ်သောင်းကျန်းပြီး အဆက်မပြတ်ငိုယိုနေမယ်ဆိုရင် အချိန်ကုန်တာကလွဲလို့ ဘယ်သူ့အတွက်များ အကျိုးရှိမှာပါလဲ။
 
တစ်ခေါက်က အလ်-မာအ်ဖီ ဘင်န် ဆူလိုင်မန်းဟာ အဖော်တစ်ယောက်အနဲ့လမ်းလျှောက်ထွက်နေခဲ့တယ်။ အဖော်က သူ့ဖက်လှည့်ပြီး “ဒီနေ့အတော်အေးတာပဲ” လို့ မျက်မှောင်ကြုတ်ရင်း ပြောလိုက်တယ်။
 
အလ်-မာအ်ဖီက “အခုရော နွေးသွားပြီလား” လို့ မေးတော့ အဖော်က “ဟင့်အင်း” လို့ ပြန်ဖြေတယ်။ ဒါနဲ့ အလ်-မာအ်ဖီက “ဒါဆိုရင် အေးတယ်လို့ ဘာကြောင့် အထွန့်တက်နေသေးလဲ။ အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးတော်တွေကို ချီးမွမ်းထောပနာပြုလိုက်တာကမှ မင်းအတွက်အကျိုးရှိလိမ့်ဦးမယ်” လို့ ဆုံးမစကားပြောလိုက်ပါတယ်။ တော်တော်လေးနားလည်မှုရှိပြီး ပညာအမြော်အမြင်နဲ့ပြည့်စုံတဲ့စကားဖြစ်ပါတယ်။
 
ကိုယ်တိုင်တောင် သတိမထားမိတဲ့ပြဿနာတွေကို အစဆွဲမထုတ်ပါနဲ့။ ဘာမှမဟုတ်တဲ့ သေးသေးမွှားမွှားကိစ္စတွေကို အကျယ်မချဲ့ပါနဲ့။ ကိုယ့်ဘဝကိုနေပျော်အောင်နေကြပါ။
 
Ref: Enjoy Your Life
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM