“မြန်မာနိုင်ငံမှာဘာသာရေးလွတ်လပ်ခွင့်ရှိပါတယ်”

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သဘောထား
 
ဉာဏ်အလင်း
 
လွန်ခဲ့သော ၁၁ နှစ်အရင်တွင် နေပြည်တော်ကို မြို့တော်အဖြစ် မသတ်မှတ်ခင်က ရန်ကုန်သည် မြို့တော်ဖြစ်ခဲ့သည်။ ကားများပိတ်ဆို့နေသည့် လမ်းမများ၊ အရောင်မှိန်နေပြီဖြစ်သော ကိုလိုနီခေတ်အဆောက်အအုံများ၊ ရွှေတိဂုံဘုရား၏ အလှအပများသည် အမြဲတစေလှုပ်ရှားနေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု တင်စားကြသည့် မြို့တော်ဟောင်း ရန်ကုန်၏ နိစ္စဓူဝပုံရိပ်များဖြစ်သည်။
NLD ရွေးကောက်ပွဲနိုင်ပြီးချိန်တွင် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ ဦးဖြိုးမင်းသိန်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ဖြစ်ပြီး ထောင်ထဲ၌ ၁၅ နှစ် နေခဲ့ရသူဖြစ်သည်။
 
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ထောင်ကျစဉ်အတွေ့အကြုံနှင့် ပတ်သက်၍ ယခုလိုပြောသည်။
 
“စစ်ထောက်လှမ်းရေး ဖမ်းတာခံရတုန်းက ကျနော့်အသက် ၂၀ ကျော်ပဲရှိသေးတယ်။ ကျနော့်အပေါ်ချမှတ်တဲ့ပြစ်ဒဏ်တွေကို များနိုင်သမျှများအောင် လုပ်ခဲ့ကြတယ်”
 
“အဲဒီအတွေ့အကြုံက ကျနော့်ကို ပိုပြီးရင့်ကျက်တဲ့လူဖြစ်စေခဲ့တယ်။ အချက်နှစ်ချက်ကြောင့် ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လေးစားစိတ်၊ နောက်တစ်ချက်က ဗုဒ္ဓဘာသာပါ။ ဗုဒ္ဓ၀ါဒကို ကျင့်သုံးခြင်းဟာ ခက်ခဲတဲ့အချိန်မှာ အများကြီးအထောက်အကူဖြစ်စေပါတယ်”
 
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စနစ်တကျလျစ်လျူရှုထားခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် အာဏာအလွဲသုံးစားလုပ်ခဲ့ခြင်းများကို NLD နှင့် ဦးဖြိုးမင်းသိန်းတို့ တိုက်ပွဲဝင်နေရသည်။ မဲဆန္ဒရှင်များကလည်း ယင်းအကြောင်းကို အသေအချာနားလည်သဘောပေါက်ပြီး NLD ကို ထောက်ခံအားပေးနေဆဲဖြစ်သည်။
 
ဗုဒ္ဓဘာသာအစွန်းရောက်အုပ်စု၏ မုန်းတီးရေးလှုံဆော်ချက်များနှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စိတ်ထိခိုက်နေသော ဒေသခံမွတ်စလင်အသိုင်းအ၀ိုင်းကလည်း ယင်းကဲ့သို့မတည်ငြိမ်အောင်လုပ်နေသူများသည် စစ်အုပ်စုများသာဖြစ်ကြောင်း ခံစားနားလည်ပေးကြသည်။
 
လွန်ခဲ့သည့် မေလ ၉ ရက် ကလည်း သင်္ကန်းဝတ်များဦးဆောင်သည့် လူရမ်းကားတစ်အုပ်သည် တရားမ၀င်ဘင်္ဂလီရှာဖွေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် မွတ်စလင်အများစုနေထိုင်ရာ မင်္ဂလာတောင်ညွှန့်မြို့နယ်သို့ အဓိကရုဏ်းဖန်တီးမည့်အသွင်ဖြင့် ၀င်ရောက်စုရုံးခဲ့ကြသည်။
 
ယင်းအခြေအနေသည် အလျင်အမြန်ပင် တင်းမာလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သေနတ်ကို သတိပေး ပစ်ဖောက်မှုများပြုလုပ်ခဲ့ရသေးသည်။
 
“အဲဒီအဖြစ်အပျက်က သွေးထိုးလှုံဆော်သူတွေကြောင့်ဖြစ်ရတာ။ သူတို့အားလုံးကို အရေးယူဆောင်ရွက်သွားမယ်။ အဲဒီအတွက် တရားဥပဒေစိုးမိုးရေးထိန်းကျောင်းတဲ့အဖွဲ့အစည်းတွေက လုပ်ဆောင်နေပါပြီ” ဟု ၀န်ကြီးချုပ်ကပြောသည်။
 
မေလ ၁၂ ရက် က ယင်းဆူပူမှုတွင် ပါဝင်ပတ်သက်သူတချို့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခဲ့သည်။
 
ရခိုင်အရေးနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်း၏ ရပ်တည်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်တူနီးပါးကျသည်။ သို့သော် ဒေါ်အောင်ဆန်းစုပြောဆိုဆက်ဆံပုံနှင့် နှိုင်းယှဉ်ပါက သူ၏လေသံထဲတွင် စာနာမှုများ ရောစွက်နေသည်။
 
မြန်မာနိုင်ငံအတွင်း မတူကွဲပြားသော ယဉ်ကျေးမှုနှင့် ဘာသာတရားများကို ၀န်ကြီးချုပ်က ယခုလိုရှုမြင်သည်။ “မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိပါတယ်။ မြို့လယ်ကောင် ဆူးလေဘုရားတစ်ဝိုက်မှာ ဘန်ဂါလီဗလီတစ်လုံး၊ ချာခ်ျကျောင်းတစ်ကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းရှိတယ်” ဟု သူက ပြောသည်။
 
“ရခိုင်ပြည်နယ် ပဋိပက္ခက ဘာသာရေးကြောင့်မဟုတ်ဘူး။ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးမှာ အသိအမှတ်ပြုခြင်းမခံရဘူး။ အဲဒီရခိုင်မှာပဲ မွတ်စလင်တွေဖြစ်တဲ့ ကမန်တိုင်းရင်းသားတွေရှိတာပဲလေ။ အဲဒါကို က ရခိုင်ပြဿနာဟာ ဘာသာရေးကြောင့်မဟုတ်ဘဲ တိုင်းရင်းသားအရေးဆိုတာ သက်သေပဲ”
 
“ဘာသာတရားအားလုံး သာတူညီမျှဖြစ်စေမယ့် နိုင်ငံတစ်ခုဖြစ်အောင် ကျနော်တို့ ကြိုးစားတည်ဆောက်နေပါတယ်။ ဒါဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ရင့်ကျက်ခြင်းရဲ့ တစ်စိတ်တစ်ဒေသပါပဲ” ဟု သူကပြောလိုက်သည်။
 
South China Morning Post မီဒီယာမှ တင်ဆက်သည့် KARIM RASLAN ရေးသားသော ‘PRISON MADE ME MATURE’: MEET SUU KYI’S MAN IN YANGON ဆောင်းပါးကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။
 
အင်္ဂလိပ်ဘာသာဖြင့် အပြည့်အစုံဖတ်ရှုရန် – http://www.scmp.com/week-asia/politics/article/2094425/prison-made-me-mature-meet-suu-kyis-man-yangon
 
Photo Credit – Karim Raslan