ဝေလမင်းသမီးဒိုင်ယာနာနဲ့ မွတ်စလင်ချစ်သူတို့ရဲ့လျှို့ဝှက်ချက်တစ်ခု ဘုန်းတော်ကြီးတစ်ပါးထုတ်ဖော်မိန့်ကြား

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝေလမင်းသမီး ဒိုင်ယာနာဟာ သူမရဲ့မွတ်စလင်ချစ်သူ ဒိုဒီဖာယဒ်နဲ့ လက်ထပ်လို့ရမရဆိုတာနဲ့ပတ်သက်ပြီး အင်ဂလီကန်ဘုန်းကြီးတစ်ပါးကို မေးမြန်းခဲ့ဖူးကြောင်း သတင်းထွက်ပေါ်လာပါတယ်။

၁၉၉၇ခုနှစ် သြဂုတ် ၃၁ရက်က ဒိုင်ယာနာတို့စုံတွဲ ပြင်သစ်နိုင်ငံမှာ ကားတိုက်မှုဖြစ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မတိုင်ခင် ရက်အနည်းငယ်အရင်က ဒိုင်ယာနာဟာ မွတ်စလင်နဲ့လက်ထပ်ခွင့်ရှိမရှိကို လန်ဒန်အနောက်ခြမ်း ကင်စင်တန်နန်းတော်ပရဝုဏ်ထဲမှာရှိတဲ့ စိန့်မေရီအားဘော့ချာခ်ျကြောင်းက ဘုန်းကြီး ဖာသာဖရန့်ဂယ်လီကို မေးမြန်းခဲ့တာပါ။ သူမမကွယ်လွန်ခင် လအနည်းငယ်အရင်က ချာခ်ျကြောင်းကို မှန်မှန်စသွားခဲ့ပါတယ်။ လူတွေသတိထားမိမှာစိုးလို့ ချာခ်ျအနောက်ပေါက်ကနေဝင်ရောက်လေ့ရှိခဲ့ပါတယ်။

“ဘာသာမတူသူနှစ်ယောက်လက်ထပ်လို့ရမလားဆိုပြီးကျနော့်ကိုလာမေးခဲ့တာ။ ကျနော်က ရတယ်လို့ပြန်ဖြေပေးခဲ့ပါတယ်” လို့ ဘုန်းကြီးမိန့်ပါတယ်။ “ကျနော်နဲ့စကားပြောနေရင်းတန်းလန်းပဲ သူ့ဆီကိုဖုန်းဝင်လာတယ်။ ဒိုဒီမှန်းအသိသာကြီး။ သူမမျက်ခုံးတွေအရောင်လက်သွားတယ်။ သူမပြန်ခါနီး သူတို့လက်ထပ်ရင် ကျနော်ထိမ်းမြားပေးနိုင်မလားဆိုပြီး မေးသွားသေးတယ်။ သူမရဲ့အချစ်ကတော်တော်ကြီးကို ထင်ရှားပါတယ်” လို့ ဆက်ပြောပါတယ်။

အားလပ်ရပ်တုန်းက မြေထဲပင်လယ်မှာ မိုဟမ္မဒ် ဖာယဒ်ပိုင်တဲ့ရွက်လှေ Jonikal နဲ့ အပန်းဖြေနေတုန်း ဖာသာဂယ်လီဆီကို ဒိုင်ယာနာကဖုန်းဆက်လာပါတယ်။ ဖုန်းထဲမှာ“ကျမမှာသတင်းကောင်းရှိတယ်” လို့ ပြောသွားခဲ့ပါတယ်။ ပြီးတော့ သူမပြန်လာရင် ကင်စင်တန်နန်းတော်မှာဘုန်းကြီးနဲ့တွေ့ဆုံဖို့ ချိန်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာတော့ ပါရီမြို့မှာယာဉ်တိုက်မှုဖြစ်ပြီး အသက် ၄၁ နှစ်အရွယ် ချစ်သူ ဒိုဒီနဲ့အတူ ကွယ်လွန်ခဲ့ရှာပါတယ်။ “အကယ်လို့ ဒိုင်ယာနာနဲ့ ဒိုဒီတို့သာ မသေခဲ့ဘူးဆိုရင် သူတို့သေချာပေါက်လက်ထပ်ဖြစ်ကြမှာ” လို့ အီတလီနွယ်ဖွားဘုန်းတော်ကြီး ဖာသာ ဂယ်လီကို အတိတ်ကိုပြန်အောက်မေ့ရင်းမိန့်ပါတယ်။

“ဒိုင်ယာနာက တော်တော်လေးကိုပျော်နေရှာတာ။ စူးစူးနစ်နစ်လည်းချစ်နေရှာတယ်။ အမြဲတမ်းအနာဂတ်ကိုမျှော်ကြည့်တတ်တယ်။ မွတ်စလင်တစ်ယောက်ကိုလက်ထပ်ဖို့ အလေးစားခံခရစ်ယာန်လူကြီးပိုင်းတစ်ယောက်ရဲ့ထောက်ခံမှုကိုရဖို့ သူမကကြိုးစားခဲ့တယ်။ ချစ်သူဒိုဒီဆီကရတဲ့ မြတ်နိုးလေးစားမှုကို သူမတော်တော်လေးကို အထင်ကြီးလေးစားခဲ့ရှာတာ။ သူမတစ်ခါမှမရခဲ့ဖူးတဲ့ ကြင်နာမှု၊ ချစ်ခြင်းမေတ္တာနဲ့ လုံခြုံမှုတို့ကို ဒိုဒီကပေးခဲ့တယ်လို့ သူမခံစားခဲ့တာပါ။ ဒိုင်ယာနာဟာ အင်မတန်နွေးထွေးရည်မွန်တဲ့ အမျိုးသမီးပါ။ ချစ်ခြင်းမေတ္တာနဲ့ တွယ်တမှုကို လိုလားတောင့်တသူတစ်ယောက်ဖြစ်ပါတယ်။ ကျနော့်စိတ်ထင်သူမလိုချင်တဲ့အရာတွေ ဒိုဒီဆီမှာရှာတွေ့ခဲ့တယ်နဲ့တူပါတယ်” လို့ ဘုန်းတော်ကြီးက မိန့်သွားပါတယ်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ
Mediafire – http://bit.ly/2umlRbf