လူမှုဆက်ဆံရေးတိုးတက်စေမယ့် ရွှေဖြူစည်းကမ်း (The Platinum Rule)

ကဏ္ဍ – Social Science

စာဖတ်သူဟာအမေရိကန်နိုင်ငံသားဖြစ်တယ်ဆိုပါစို့။ တခြားနိုင်ငံကိုအလည်အပတ်သွားပြီး ကိုယ့်နိုင်ငံကိုပြန်ရောက်ချိန် Custom ကိုဖြတ်ရတယ်။ အမေရိကန်ပြည်ထောင်စုမှာမွေးတဲ့ အမေရိကန်နိုင်ငံသားစစ်စစ်တစ်ယောက်ဖြစ်ပေမယ့် Custom အရာရှိက စာဖတ်သူကို စေ့စေ့ကြည့်ပြီးအောက်ပါမေးခွန်းတွေမေးပါလေရာ။

  • ခင်ဗျားဘယ်ကလဲ?
  • ခင်ဗျားကိုဘယ်မှာမွေးခဲ့လဲ?
  • ခင်ဗျားရဲ့မိဘတွေကိုဘယ်မှာမွေးခဲ့လဲ?
  • ခင်ဗျားရဲ့အဘိုးအဘွားတွေကိုရော ဘယ်မှာမွေးခဲ့လဲ?

အဲဒီမေးခွန်းလေးခုထဲက အပေါ်က နှစ်ခုကတော့ အဓိပ္ပါယ်ရှိပါတယ်။ အဲဒီနှစ်ချက်က အမေရိကန်နိုင်ငံသားဟုတ်မဟုတ်ဆုံးဖြတ်ဖို့လုံလောက်ပြီလေ။ ကျန်မေးခွန်းနှစ်ခုမေးခံရတာတော့ လုံးဝအဓိပ္ပါယ်မရှိဘူးမဟုတ်လား။

အမေရိကန်ပြည်ထောင်စုက လူဖြူမဟုတ်တဲ့ အသားအရောင်ရှိသူ သို့မဟုတ် ဥရောပနွယ်ဖွားမဟုတ်သူ (people of color) အများစုဟာ “မင်းဘယ်ကလဲ” ဆိုတဲ့မေးခွန်းကို အမေးခံရဖူးတဲ့အတွေ့အကြုံတွေရှိကြပါတယ်။ လူတွေပြည့်ကျပ်ညပ်နေတဲ့ ခရီးသည်တင်ဘတ်စ်ကားပေါ်မှာ လူဖြူမဟုတ်သူတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အသေအချောရွေးထုတ်ပြီး “မင်းဘယ်ကလဲ” လို့မေးလိုက်ခြင်းဟာ ရိုးရိုးသားသားသိချင်လို့မေးတာမဟုတ်ဘဲ အမေးခံရသူက နိုင်ငံခြားသားရုပ်ပေါက်နေလို့ တမင်မေးတာဖြစ်ပါတယ်။ အဲဒီမှာမေးတဲ့လူက အမေးခံရသူကို နိုင်ငံခြားသားအဖြစ်သတ်မှတ်ပြီး မေးတာကြောင့် အမေးခံရသူပြန်ဖြေတဲ့အခါ သူနေတဲ့မြို့ကိုပြောရုံနဲ့ မပြီးပါဘူး။ ဘာကြောင့်လဲဆိုတော့ မေးတဲ့လူက အမေးခံရသူရဲ့မျိုးရိုးစဉ်ဆက်ဘယ်ကလာသလဲ ဆိုတာကို မသိရမချင်း တစ်မျိုးပြီးတစ်မျိုးကလိနေမှာမိုလို့ပါပဲ။

“မင်းဘယ်ကလဲ” လို့ အမေးခံရခြင်းဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ကို ပြည်ပသား (ဧည့်သည်) လို့ သတ်မှတ်ယူဆခြင်းဖြစ်တာကြောင့် Microaggression (အသေးစားဒေါသ) ဖြစ်ပေါ်နိုင်ပါတယ်။ Microaggression ဆိုတာ “လူဖြူမဟုတ်သူ (people of color) တွေက လူနည်းစုလူမျိုးအုပ်စုမှာပါဝင်နေတာခြင်းကို ရည်ညွှန်းပြီး မတရားသဖြင့် ရှုတ်ချဝေဖန်ခြင်း၊ အပုပ်ချခြင်း၊ သိက္ခာချခြင်းများပြုလုပ်သောကြောင့် အပြန်အလှန်အချီအချစကားများခြင်း၊ အဲဒီကနေတစ်ဆင့်ပေါက်ဖွားလာတဲ့ အသေးစားဒေါသ”ကိုဆိုလိုပါတယ်။ ဒီနိုင်ငံသားဖြစ်လို့ ဒီနိုင်ငံမှာ နေနေပါလျက် “မင်းဘယ်ကလဲ” ဆိုတဲ့မေးခွန်းမျိုးမေးခံရခြင်းဟာ မိမိကို ပြည်ပသား (ဧည့်သည်) လို့ သမုတ်လိုက်တာဖြစ်ပါတယ်။ အဲဒီလိုခံစားရခြင်းဟာ microaggression ဖြစ်နိုင်ပါတယ်။

Custom အရာရှိမေးတဲ့ မလိုအပ်တဲ့မေးခွန်းတွေ ထပ်ခါတလဲလဲမေးခံရခြင်း၊ နိုင်ငံသားဖြစ်ပါလျက် နိုင်ငံခြားသားတစ်ဦးလို ထပ်ခါတလဲလဲဆက်ဆံခံရခြင်း၊ ကိုယ့်နိုင်ငံထဲကိုပြန်ဝင်ဖို့ ဟန့်တားခံနေရခြင်းတွေကနေ Microaggression ဖြစ်ပေါ်နိုင်ပါတယ်။ Microaggression ခံစားရတဲ့လူတစ်ယောက်မှာ “ဒီနိုင်ငံကငါနဲ့မဆိုင်ဘူး” ဆိုတဲ့ခံစားချက်မျိုးတွေ ဖြစ်ပေါ်လာနိုငပါသေးတယ်။ သုတေသီတွေရဲ့ပြောကြားချက်အရ Microaggression ခံစားရသူမှာ စိတ်ကျန်းမာရေးထိခိုက်နိုင်တယ်လို့သိရပါတယ်။ မကြာသေးခင်က အတည်ပြုလိုက်ပြီး လက်တလောပြဿနာတွေတက်နေတဲ့ မွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံတွေက လူတွေကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်ခြင်းရဲ့လောလောလတ်လတ်အကျိုးဆက်အဖြစ် နိုင်ငံခြားသားရုပ်ပေါက်တယ်လို့ ယူဆသူမှန်သမျှကို နိုင်ငံသားဖြစ်နေလင့်ကစား အမေရိကန်ပြည်ထောင်စုထဲသို့ လွယ်လွယ်ပေးမ၀င်ခြင်းတွေကြုံတွေ့နေရပါတယ်။

အမေရိကန်နိုင်ငံသား၊ အမေရိကန်လူမျိုးဖြစ်ခြင်းဟာ လူဖြူဖြစ်ခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ အမေရိကန်အများစုက ဖြေဆိုကြောင်း စစ်တမ်းကောက်ယူမှုတစ်ခုအရသိရှိရပါတယ်။ လူဖြူတစ်ယောက် “မင်းဘယ်ကလဲ” လို့ မေးခံရခြင်းဟာ သူ့ရဲ့မျိုးရိုးစဉ်ဆက်ကိုမေးတာမဟုတ်ဘူး “ဘယ်မှာနေလဲ” လို့ မေးတဲ့အဓိပ္ပါယ်သာသက်ရောက်ပါတယ်။ ဒီအတွက် အဲဒီမေးခွန်းက လူဖြူတွေကို မထိခိုက်စေပါဘူး။ ဒီမေးခွန်းကြောင့် မိမိမှာ Microaggression ဖြစ်ပေါ်နိုင်တယ်လို့ ယူဆသူတွေအနေနဲ့ကတော့ ဒီမေးခွန်းကြောင့် ဆတ်ဆတ်ထိမခံဖြစ်ရပါတယ်။

Microaggression ဆိုတဲ့ခံစားချက် တကယ်ရှိမရှိသံသယဖြစ်ခြင်းဟာ “အမေရိကန်လူ့အသိုင်းအ၀ိုင်းထဲကနေ ဖယ်ထုတ်ခံထားရတဲ့အုပ်စုတွေဟာ သူတို့နေ့စဉ်လူမှုဘ၀မှာ ခံစားကြုံတွေ့နေရတာတွေကို မသိချင်ယောင်ဆောင်ခြင်း၊ လျစ်လျူရှုခြင်းနဲ့ မဟုတ်မမှန်ငြင်းဆိုခြင်း” သာဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်မရှိခြင်းလို့ တစ်လုံးထဲနဲ့ပြောရင်လုံလောက်မယ်ထင်ပါတယ်။

လူဖြူနဲ့ လူဖြူမဟုတ်သူတွေအကြား တစ်ဦးသဘောထားကိုတစ်ဦး အပြန်အလှန်နားလည်မှုမရခြင်းဟာ quid pro quo (ဆန်ပေးဆေးရ သို့မဟုတ် တစ်ခုပေး၍တစ်ခုပြန်ရခြင်း) ဆိုတဲ့ အမြင်ကြောင့်ဖြစ်ပါတယ်။ ရွှေစည်းကမ်း (The Golden Rule) ကတော့ “ကိုယ့်ကိုထိခိုက်နာကျင်စေမယ့်အရာကို တခြားလူကိုလည်းမကျူးလွန်ပါနဲ့” တဲ့။ တစ်နည်း – “ကိုယ်ဆက်ဆံခံချင်တဲ့ပုံစံနဲ့ တစ်ပါးသူကိုဆက်ဆံပါ” တဲ့။

A အုပ်စုဆက်ဆံခံချင်တဲ့ပုံစံဟာ B အုပ်စုဆက်ဆံခံချင်တဲ့ပုံစံမဟုတ်ပါဘူး။ A အုပ်စုက “ငါတို့ကိုဒီလိုပုံစံဆက်ဆံကြ” လို့ ဆိုခြင်းဟာ B အုပ်စုက “ငါတို့လည်း A အုပ်စုလိုဆက်ဆံခံချင်တယ်” ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။

ဒါထက်ပိုပြီး အသုံးဝင်မှာက ရွှေဖြူစည်းကမ်း (The Platinum Rule) ပါ။ “တစ်ပါးသူဆက်ဆံခံချင်တဲ့ပုံစံအတိုင်း ကိုယ်က ဆက်ဆံပေးပါ” တဲ့။ ဆိုတော့ တခြားလူက “မင်းဘယ်ကလဲ”ဆိုတဲ့မေးခွန်းအမေးမခံချင်ဘူးဆိုရင် ကိုယ်ကလည်းမမေးပါနဲ့။ အဲဒီမေးခွန်းက ကိုယ့်အတွက်အဆင်ပြေနေပါစေ၊ သူတစ်ပါးမကြိုက်ရင်မမေးရဘူး။

ကပြားတွေ၊ လူဖြူမဟုတ်သူတွေနဲ့ လူဖြူအကြား ပြောဆိုဆက်ဆံတော့မယ်ဆိုရင် “မင်းဘယ်ကလဲ” “မင်းကဘာလူမျိုးလဲ” “မင်းကဘာလဲ” ဆိုတဲ့မေးခွန်းထက် “နေကောင်းလား” ဆိုတဲ့မေးခွန်းနဲ့ အစပြုခြင်းက ပိုပြီးအကျိုးရှိပါလိမ့်မယ်။ ယဉ်ကျေးမှု၊ ဓလေ့၊ လူမျိုး၊ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား အစရှိတာတွေနဲ့ သက်ဆိုင်တဲ့ ပိုမိုနက်နဲတဲ့ဆွေးနွေးချက်တွေကို ရင်းနှီးမှုရယူပြီးမှသာ အစပျိုးသင့်ပါတယ်။ နောက်ပြီးအရေးအကြီးဆုံးက “ရွှေဖြူစည်းကမ်း” ကိုမမေ့ပါနဲ့။ ဒီရွှေဖြူစည်းကမ်းဟာ ဘယ်နေရာ၊ ဘယ်ဒေသမှာမဆိုအသုံးတည့်ပါလိမ့်မယ်။

(မောင်သုညရေးသည်)

By – Gordon C. Nagayama Hall, Ph.D.

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –

Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz