သင်္ကြန်ရောက်တိုင်း သတိရမိသူတစ်ဦး

ကဏ္ဍ – Cover Story

ကိုဖြိုးဝေအောင် ကွယ်လွန်ခဲ့တာ (၄) နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ (၄) ရက်၊ လွတ်လပ်ရေးနေ့ မနက်စောစောပိုင်းအချိန် ရန်ကုန်မြို့နေအိမ်မှာ ကိုဖြိုးဝေအောင် ကွယ်လွန်သွားခဲ့ပါတယ်။ သူဘာကြောင့် ကွယ်လွန်ခဲ့သလဲ၊ သူ့အတွက်တရားမျှတမှုရော ရပြီလား၊ သူ့အကြောင်း နည်းနည်းလောက် ငှဲ့စောင်းကြည့်ကြရအောင်။

ဖြိုးဝေအောင်ဆိုတာ အညွန့်တလူလူနဲ့ တက်လမ်းတွေအများကြီးရှိတဲ့ တက်သစ်စ လူငယ် အီလက်ထရောနစ် အင်ဂျင်နီယာတစ်ယောက်ပါ။ သူ့မှာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မိသားစုလေးလည်း ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၀ ခုနှစ် ဧပြီလရဲ့ ညတစ်ညမှာတော့ သင်္ကြန်ရက်အတွင်း X2O မဏ္ဍပ်ဗုံးဖောက်ခွဲရာမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့က သူ့ကိုလာရောက်ဖမ်းဆီးသွားကြပါတယ်။

သူ့မှာအပြစ်ရှိတယ်လို့ မ၀န်ခံမချင်း အချုပ်ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ညှင်းပမ်းနှိပ်စက်ခဲ့ကြပါတယ်။ သူဝန်ခံမှသာ အမှုတပ်စွဲပြီး ထောင်ချလို့ရမှာကိုး။ ဒီလိုနည်းမျိုးဟာ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့တွေ တကယ့်တရားခံလက်သည်ကို ရှာမရတော့ဘူးဆိုရင် အသုံးချနေကြနည်းပါ။ အမှုနဲ့ဘာမှမသက်ဆိုင်သူတွေ ခံရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အစိုးရကိုယ်တိုင်လုပ်ပြီး အပြစ်မဲ့ပြည်သူတစ်ယောက်ယောက်ကို အခုလိုနှိပ်စက်၊ ၀န်ခံအောင်လုပ်ပြီး ထိုးကျွေးတတ်ပါသေးတယ်။ ဒီလိုအမှုမျိုး စစ်အာဏာရှင်လက်အောက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ မရှားလှပါဘူး။

ဗဟိုထောင်အတွင်း အူကြောင်ကြောင်နိုင်လှပြီး ကသိုက်ကရိုက်ပြုလုပ်တဲ့ (အမည်ခံ) တရားရုံးမှာ ဖြိုးဝေအောင်က သူ့ကိုနှိပ်စက်တဲ့အကြောင်းအရာ အသေးစိတ်ကို ဖွင့်ချပြခဲ့ပါတယ်။ လိုရာဆွဲမေးခွန်းတွေနဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့ တရားစီရင်ရေးအပြီးမှာတော့ ဖြိုးဝေအောင်ဟာ ဖြစ်စဉ်တစ်ခုလုံးအတွက် အပြစ်ရှိသူအဖြစ် ရှိရှိသမျှ တပ်လို့ရတဲ့ ပုဒ်မမှန်သမျှ အတပ်ခံလိုက်ပြီး ၂၀၁၂ခုနှစ် မတ်လမှာတော့ သေဒဏ်ဆိုပြီး ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ အဲဒီနှစ်သြဂုတ်လမှာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

ဖြိုးဝေအောင်ကို နှိပ်စက်ညှင်းပမ်းခဲ့တဲ့လုပ်ရပ်တွေက ကမ်းကုန်ခဲ့ပါတယ်။ ကိုယ်သာမက၊ စိတ်ပါညှင်းပမ်းခံခဲ့ရပါတယ်။ နှိပ်စက်မှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ထောင်ကျစဉ် ကုသခွင့်တောင်းခဲ့ပေမယ့် အကြိမ်ကြိမ်ပယ်ချခြင်းခံခဲ့ရပါတယ်။ ထောင်ထဲမှာ ဆေးကုသခွင့်ငြင်းပယ်ခံရတာကို အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က သိသွားခဲ့တာကြောင့် ၂၀၁၂ မေ လ မှာ စမ်းသပ်စစ်ဆေးပေးခဲ့ပါတယ်။ CT စကင် အဖြေအရ သူအသက်ရှင်နိုင်ဖို့ လပိုင်းလောက်သာကျန်တော့ကြောင်း ဆရာဝန်တွေက ပြောလိုက်ပါတယ်။

ဖြိုးဝေအောင်ရဲ့ ညီကိုတော်စပ်သူကလည်း အဲဒီတုန်းကတာဝန်ထမ်းဆောင်လျက်ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးအစီရင်ခံစာတင်သွင်းသူဆီကို စာတစ်စောင်ရေးပို့ခဲ့ပါတယ်။ စာထဲမှာ အစ်ကိုဖြစ်သူဟာ သူ့အသက်ကိုရင်းပြီး မြန်မာနိုင်ငံက အာဏာရှင်တွေ ဘယ်လောက်ဆိုးဝါးရက်စက်သလဲဆိုတာကို ပြသသွားတယ် လို့ ဖော်ပြခဲ့ပါတယ်။ အစ်ကိုဖြစ်သူနဲ့ ဆရာဝန်ဖြစ်သူတို့ရဲ့စကားဟာ ၂၀၁၃ လွတ်လပ်ရေးနေ့မှာ စိတ်မကောင်းစွာနဲ့ပဲ မှန်ကန်သွားပါတယ်။

မကွယ်လွန်ခင် ကိုဖြိုးဝေအောင်ဟာ ခါးအောက်ပိုင်းသေပြီး လမ်းမလျှောက်နိုင်လောက်အောင် ဝေဒနာဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ ဒါပေမဲ့စိတ်ဓာတ်တော့ မကျခဲ့ပါဘူး။ သူနေပြန်ကောင်းလာမယ်လို့ ယုံကြည်ခဲ့ရှာပြီး ဖခင်ကောင်းတစ်ဦးပီသစွာ သူ့သမီးလေးကို ပညာသင်ကြားဖို့ အပြည့်အ၀ထောက်ပံ့ဖို့သာ အာရုံစိုက်ခဲ့ပါတယ်။

ဒါ့အပြင် ကိုဖြိုးဝေအောင်ဟာ သူ့ကိုနှိပ်စက်ညှင်းပမ်းခဲ့သူတွေကို တစ်ရက်ကျရင် တရားဥပဒေအရ ပြန်လည်အရေးယူနိုင်ဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ ကိုဖြိုးဝေအောင်လို တခြားသော မတရားအဖမ်းဆီးခံရသူတွေဟာ ပြန်လွတ်မြောက်လာရင် တုန်လှုပ်ကြောက်ရွံနေကြပြီး ဘာကိုမှမပြောရဲကြပေမယ့် သူကတော့ တကယ်ကို စိတ်ဓာတ်ခိုင်မာလွန်းခဲ့ပါတယ်။ သူ့မှာပြန်လည်ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာရှိခဲ့တယ်။ စိတ်ကဘယ်လောက်ရှိရှိ၊ သူ့ရဲ့ယိုယွင်းနေတဲ့ ခန္ဓာကိုယ်ကြီးကတော့ အဲဒီစိတ်နောက်ကို မလိုက်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကိုဖြိုးဝေအောင်ရဲ့ ကျန်ရစ်သူမိသားစုကတော့ AHRC ရဲ့အကူအညီနဲ့ မတရားမှုကျူးလွန်ရာမှာ ပါဝင်ပက်သတ်ခဲ့သူတွေကို တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ ကိုဖြိုးဝေအောင်လို မတရားဖမ်းဆီးနှိပ်စက်ခံနေရသူတွေ အများကြီးရှိပါတယ်။ ဖြိုးဝေအောင်ကို သတိရခြင်းက အဲဒီလူတွေ ပေးဆပ်ခံရတာကို အသိအမှတ်ပြုခြင်းပါပဲ။ မကြာသေးခင်ကပဲ ရှေ့နေကြီး ဦးကိုနီတစ်ယောက် မြန်မာနိုင်ငံရဲ့ဝင်ပေါက်ဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူမြင်ကွင်းမှာတင် ဦးခေါင်းကိုသေနတ်နဲ့ ပစ်ခတ်အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ နောက်ထပ်နောက်ထပ်သော ကိုဖြိုးဝေအောင်တွေ၊ ဦးကိုနီတွေမရှိလာဖို့အတွက် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာကိုင်တွယ်ဖို့အရေးကြီးနေပါပြီ။ အပြောသက်သက်မဟုတ်တဲ့ တရားဥပဒေစိုးမိုးရေးကိုသာ အလိုရှိပါတယ်။

ကိုဖြိုးဝေအောင်နဲ့ ပတ်သက်တဲ့အထောက်အထားမှတ်တမ်းတွေကို အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က အသေးစိတ်စုစည်းထားပါတယ်။ ( www.humanrights.asia/countries/burma/phyo-wai-aung )

ကိုဖြိုးဝေအောင်ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်သိပြီးသားပါ။ ဘာကြောင်လဲဆိုတော့ ၂၀၁၃ ဇန်န၀ါရီ ၁၇ ရက်ကတည်းက အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Bijo Francis က အောက်ပါလူတွေကို လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးခဲ့ပြီးသားပါ။

ဒေါ်အောင်ဆန်းစုကြည်၊
သူရဦးအောင်ကို၊
ဦးအောင်ငြိမ်း
ဒေါက်တာအေးမောင်

http://www.humanrights.asia/news/ahrc-news/AHRC-OLT-002-2013

အဖြစ်မှန်အမြန်ဆုံးပေါ်ပေါက်ပါစေ။

(စတီဗင်ရေးသည်)