ဖိလစ်ပိုင်နိုင်ငံက ရှေးအကျဆုံး ရှိုက်ခ် ကရီးမ် မခ်ဒူးမ် ဗလီဝတ်ကျောင်းတော်

ကဏ္ဍ – Muslim Heritage
(စတီဗင်)
 
ရှိုက်ခ် ကရီးမ် မခ်ဒူးမ် ဗလီဝတ်ကျောင်းတော်ဟာ ဖိလစ်ပိုင်နိုင်ငံ တာဝီ-တာဝီကျွန်းပြည်နယ် စီမြူနယ်ကျွန်းစုပေါ်က တူးဘစ် အင်ဒန်ဂန်ဆိုတဲ့အရပ်မှာတည်ရှိပြီး တစ်နိုင်ငံလုံးမှာ ရှေးအကျဆုံးဗလီဖြစ်ပါတယ်။
 
၁၃၈၀ ခုနှစ်မှာ အာရပ်လူမျိုး တရားသူကြီးသူလည်းဖြစ်၊ ပညာရှင်လည်းဖြစ်သူ ရှိုက်ခ် ကရီမွလ် မခ်ဒူးမ်ဟာ သူ့ရဲ့ ညီအစ်ကို ခြောက်ဦးနဲ့အတူ ဆီမြူနယ်ကျွန်းကမ်းခြေကို လှေငယ်လေးတစ်စင်းနဲ့ရောက်လာခဲ့ပါတယ်။ သူတို့တွေဟာ တာဝီ-တာဝီကျွန်းစုတစ်လွှားနေထိုင်တဲ့ ကျွန်းသူကျွန်းသားတွေကို အစ္စလာမ်သာသနာအကြောင်းလိုက်လံရှင်းပြပြီး အမှန်တရားဘက်ကို ဖိတ်ခေါ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျွန်းပေါ်မှာ အစ္စလာမ်သာသနာကိုအုတ်မြစ်ချနိုင်တဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။
 
ရှိုက်ခ်ဟာ ကျွန်းပေါ်ကို ဘာချပ်ဝတ်တန်ဆာမှမဝတ်ဘဲ သာမန်အဝတ်စားလေးနဲ့သာရောက်လာခဲ့တာပါ။ ကျွန်းပေါ်မှာရှိတဲ့ ဒိဋ္ဌိနဲ့ နတ်ကိုးကွယ်သူတွေအတွက် ပညာဉာဏ်အလင်း၊ စိတ်ငြိမ်အေးချမ်းမှုနဲ့ ကိုယ်ကျင့်တရားတွေ ဆောင်းကြဉ်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ရှိုက်ခ်ကိုယ်တိုင်ကြီးကြပ်ပြီး မွတ်စလင်တွေ ဝတ်ပြုဖို့ရာအတွက် ဗလီဆောက်လုပ်စေခဲ့ပါတယ်။
ဗလီရဲ့မူလဒေါက်တိုင်တွေကို အသေအချာထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ၆၃၈ နှစ်ကျော်သက်တမ်းရှိပြီဖြစ်တဲ့ သစ်မာအမျိုးအစားပင်စည်ဒေါက်တိုင်တွေဟာ နေဒဏ်၊ မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ အဲဒီဒေါက်တိုင်တွေကိုသာ ဖြိုခဲ့မယ်ဆိုရင် ဆီမြူနယ်ကျွန်းတစ်ကျွန်းလုံးရေအောက်ထဲနစ်မြုပ်သွားလိမ့်မယ်လို့ ဒေသခံတွေ အယူစွဲနေကြပါတယ်။ ဟိုးအရင် ဒေသခံတွေဟာ ဒေါက်တိုင်တွေက သစ်သားစတွေကို နည်းနည်းစီခွာယူပြီး အိမ်ကသောက်ရေထဲမှာ စိမ်သောက်ကြပါတယ်။ အဲဒီလိုသောက်ရင် ရောဂါဝေဒနာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ယူဆကြလို့ပါ။ နောက်ဆုံးတော့ ဗလီဝတ်ကျောင်းတော်နဲ့ ဒေါက်တိုင်ကို ထိန်းသိမ်းဖို့ အသိဝင်ခဲ့တဲ့ ကျွန်းသားတွေဟာ အဝတ်ဖြူနှစ်စနဲ့ ဒေါက်တိုင်နှစ်ခုကို ဖုံးအုပ်လိုက်ကြပါတယ်။
ကျွန်းသားတွေပြောတဲ့ နောက်ထပ် အဖြစ်အပျက်တစ်ခုအရ ဗလီကိုဖောင်ဒေးရှင်းတူးဖို့ ဒေါက်တိုင်တွေကို လုံးဝဖယ်လို့မရဘူးလို့သိရပါတယ်။ ရွှေ့လို့လည်းမရသလို ခုတ်ပစ်လို့လည်းမရပါဘူး။ ဒေါက်တိုင်တစ်ခုမှာဆိုရင် ပုဆိန်ရာကိုတောင်တွေ့ရပါတယ်။
 
မူရင်းဗလီအဆောက်အအုံဟောင်းက ဒေါက်တိုင်တွေကို ပြန်လည်မွမ်းမံဆောက်လုပ်ထားတဲ့ ဗလီသစ်ထဲမှာ တွေ့မြင်ရဆဲဖြစ်ပါတယ်။ မူလဗလီဟာ လေးထောင့်စပ်စပ်ဖြစ်ပြီး အုန်းလက်မိုးထားတာပါ။ ဒေါက်တိုင်လေးခုနဲ့ အဓိကထောင်မတ်ထားပါတယ်။ အနီးအနားမှာလည်း အုန်းပင်တွေအများအပြားတွေ့နိုင်ပါတယ်။
 
ဗလီနဲ့ မီတာအနည်းငယ်အကွာမှာ ရှိုက်ခ်မခ်ဒူးမ်ရဲ့ အုတ်ဂူရှိပါတယ်။ ရာသီဥတုဒဏ်ကိုအန်တုပြီး အုတ်ဂူက နှစ်ပေါင်းများစွာကြာတဲ့အထိ အကောင်းအတိုင်းရှိနေဆဲပါပဲ။
၂၀၁၃ ခုနှစ် မေလ ၂၄ ရက်မှာ ဒီဗလီကြီးကို နိုင်ငံသမိုင်းဝင်အမွေအနှစ်နေရာသတ်မှတ်ခြင်းဆိုင်ရာ အက်ဥပဒေ အမှတ် ၁၀၅၇၃ အရ သတ်မှတ်ပြီး နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူလိုက်ပါပြီ။
ဒီနေ့ခေတ်ဖိလစ်ပိုင်နိုင်ငံမှာ ခရစ်ယာန်ဘာသာကိုအများဆုံးကိုးကွယ်ကြတယ်ဆိုပေမယ့် လက်ဝါးကပ်တိုင် ရောက်မလာခင် နှစ်ပေါင်း ၂၀၀ နီးပါးအရင်ကတည်းက အစ္စလာမ်သာသနာဟာ ရောက်နှင့်နေပြီးဖြစ်တာကို ဗလီကြီးက သက်သေထူနေပါတယ်။
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM