“ကျွန်တော့်မှာအစာအိမ်ပြသနာရှိတယ်၊ ဆွိယာမ်ဥပုသ်ဘယ်လိုစောင့်ထိန်းရမလဲ?”

ကဏ္ဍ – Health
 
ရမဇာန် ကမ္ဘာအရပ်ရပ်က သန်းပေါင်းများစွာသောမွတ်စလင်တွေဟာ ဥပုသ်စောင့်ထိန်းကြပါတယ်။ ကျန်းမာရေးပုံမှန်ကောင်းသူအတွက် ဥပုသ်စောင့်ထိန်းခြင်းကဗိုက်ဆာရုံလွဲပြီးဘာပြသနာမှမရှိနိုင်ပေမယ့် အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်အနာရှိသူတွေအတွက်တော့ စိန်ခေါ်မှုတစ်ရပ်ပါ။
 
ဗိုက်ဆာရင် အစာအိမ်ထဲမှာ အက်ဆစ်ထွက်တတ်ပါတယ်။ ဥပုသ်လမှာအချိန်အတော်ကြာအောင် အစားအသောက် မစားရတာကြောင့် အက်ဆစ်တွေထွက်မှာပါ။ နဂိုကတည်းက အစာအိမ်ဝေဒနာအခံရှိသူတွေအတွက်တော့ အဲဒီအက်ဆစ်ဟာ အစာမရှိတဲ့အစာအိမ်နံရံကို ဒုက္ခပေးပြီး မခံမရပ်နိုင်အောင်နာကြင်မှုတွေပေးနိုင်ပါတယ်။ တချို့လည်းဆိုးဆိုးရွားရွားခံစားရတာမဟုတ်ပေမယ့် အစာအိမ်ဝေဒနာရှိတာကိုအကြောင်းပြပြီး ဥပုသ်စောင့်ထိန်းခြင်းကို ပျက်ကွက်ကြသလို တချို့ကြပြန်တော့လည်း ဆိုးဆိုးရွားရွားဝေဒနာခံစားနေရပေမယ့် မရမကစောင့်ထိန်းပြီး ကိုယ့် risk ကို ယူကြပြန်တယ်။ အစ္စလာမ်ဘာသာက အလယ်အလတ်လမ်းစဉ်အတိုင်း လျှောက်လှမ်းဖို့ဆုံးမထားတာကြောင့် ကိုယ့်အနေအထားကိုနားလည်ရပါမယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ဘာသာရေးအဆုံးအမယှဉ်လာတဲ့အခါမှ အာလင်မ်သာသနာ့ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အမှန်ကန်ဆုံးနဲ့ အလယ်အလတ်အတိုင်းကျင့်သုံးဖို့ အထူးအရေးကြီးပါတယ်။
 
အစာအိမ်ဝေဒနာ
 
ပထမဆုံးအနေနဲ့သိထားသင့်တာက အစာအိမ်ဝေဒနာအကြောင်းပါ။ အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ဆိုတာကတော့ အစာအိမ်နံရံတွေရောင်ရမ်းခြင်းဖြစ်ပြီး အစာအိမ်အနာ(Peptic Ulcer) ဆိုတာကတော့ အစာအိမ်နံရံမှာအနာဖြစ်ခြင်းပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ အစာအိမ်အူလမ်းကြောင်းကာကွယ်ရေးဖြစ်စဉ်နဲ့ အက်ဆစ်ထွက်ခြင်းတို့ကြားက မျှခြေပျက်စီးလို့ပါ။ အက်ဆစ်အထွက်များတော့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေလည်း အလျင်မီအောင်မလိုက်နိုင်တော့တာလို့ အလွယ်မှတ်ထားလို့ရပါတယ်။ အစာအိမ်ရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာနှစ်ခုလုံးကို ဖြစ်စေတဲ့အကြောင်းတရားကတော့ အတူတူပါပဲ။
အဖြစ်အများဆုံးကတော့ Helicobacter pylori (H. pylori) လို့အမည်ရတဲ့ ပြင်းထန်လှတဲ့အက်ဆစ်ဓာတ်ထဲမှာပါ အသက်ရှင်နိုင်ပြီး အစာအိမ်နံရံကို သိမ်းပိုက်နေထိုင်တဲ့ဘက်တီးရီးယားပိုးကြောင့်ပါ။
 
နောက်ထပ်တွေကတော့ NSAID လို့ခေါ်တဲ့အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ- Ibuprofen, Aspirin, Diclofenac) အလွန်အကျွံသောက်ခြင်း၊ စတီးရွိုက်ဆေးတွေပမာဏာများများသောက်ရခြင်း၊ အရက်သေစာ သောက်စားခြင်းနဲ့ ဆေးလိပ်သောက်သုံးခြင်းတွေကလည်း အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်အနာကို ဖြစ်ပွားစေပါတယ်။
 
အရင်ကတော့ စိုးရိမ်ကြောင့်ကြခြင်း သို့မဟုတ် စိတ်ဖိစီးမှုတွေကြောင့် အစာအိမ်အနာဖြစ်တတ်တယ်လို့ ချိတ်ဆက်ယုံထားကြပေမယ့်လည်း အခုတော့ဘာဆက်စပ်မှုမှမရှိတော့ဘူးလို့ ဆိုကြပြန်တယ်။ ဒါပေမဲ့ သတိထားရမှာက အစာအိမ်အနာရှိသူတွေမှာ စိတ်ဖိစီးမှုများလာပြီဆိုရင် ဝေဒနာပိုဆိုးတတ်ပါတယ်။ ဖြစ်စေတာတော့မဟုတ်၊ ဖြစ်နေပြီးသားကိုပိုးဆိုးစေတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ စိတ်ဖိစီးတာမျိုး မဟုတ်ဘဲ ပြင်ပခန္ဓာကိုယ်ဝေဒနာတစ်ခုခုဖိစီးခြင်း (ဥပမာ မီး/ရေနွေးပူ/အက်ဆစ်/အလ်ကာလီ လောင်ကျွမ်းခံရခြင်း) ကြောင့်ဆိုရင်တော့ အစာအိမ်အနာဖြစ်ဖို့အလားအလာသိပ်ကိုများပါတယ်။
 
အစာအိမ်ဝေဒနာရှိသူတွေမှာ အစာမကြေတာမျိုးဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာကတော့ နံရိုးအဆုံး ဗိုက်အပေါ်နားကနေ ရင်ဘတ်ထိအောင် မအီမသာဖြစ်တာမျိုး၊ ဗိုက်အောင့်ဝေဒနာကနေ မခံမရပ်နိုင်အောင် နာကြင်လာပြီး သွေးအန်တာမျိုးထိအောင်ဖြစ်တတ်ပါတယ်။ အက်ဆစ်အချဉ်ရေတွေခံတွင်းထဲထိအောင် ဆန်တက်လာတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။
ရောဂါကိုဘယ်လိုရှာဖွေပါတယ်ဆိုတာကိုတော့ ဒီနေရာမှာမလိုအပ်ဘူးထင်လို့မရှင်းပြတော့ပါဘူး။ အစာအိမ်ဝေဒနာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရိုဇာဥပုသ်စောင့်ထိန်းထားချိန်မှာလည်း လျော့ပါးသက်သာအောင်လုပ်လို့ရပါတယ်။
 
မွတ်စလင်အများစုရဲ့မကောင်းတဲ့အကျင့်တစ်ခုက စဲဟ်ရီကိုစောစီးစားပြီးတာနဲ့ တန်းပြီးအချိန်ကြာကြာလှဲအိပ်တာပါ။ အဲဒီလိုလုပ်ခြင်းက အက်ဆစ်ဆန်တက်ခြင်းကိုဖြစ်စေတယ်။ တမန်တော်မုဟမ္မဒ် (Peacebeuponhim) မိန့်မှာခဲ့တဲ့စကားကတော့ “စဲဟ်ရီကိုနောက်ကျမှ (အချိန်ကပ်ပြီး)စားပါ။ ဒါပေသိ အိဖ်သာရီကို အမြန်ဆုံးဖြေပါ” ဆိုတာပါပဲ။
 
နောက်ထပ်ပြသနာတစ်ခုကတော့ အိဖ်သာရီဝါဖြေအပြီးမှာအဝအပြဲစားကြတယ်၊ ပြီးတော့ ဆေးလိပ်ကို အားရပါးရသောက်ကြတယ်။ ဒီအကျင့်ဆိုးက အစာအိမ်ဝေဒနာရှင်တွေအတွက် အစာမကြေခြင်းနဲ့ ဗိုက်အောင့်ခြင်းတွေ ဖြစ်စေမှာပါ။ ဝါဖြေတဲ့အချိန်မှာ တစ်ချီထဲဗိုက်ကယ်နေအောင်မစားဘဲ နည်းနည်းနဲ့ အကြိမ်များများစားသင့်ပါတယ်။ ပထမဆုံးစဖြေဖြေခြင်း (မဂ်ရိဗ်ဆွလားသ်မတိုင်ခင်) စွံပလွံနဲ့ တခြားပေါ့ပေါ့ပါးပါး အစားတွေကိုအရင်စားပါ။ အစာကြီးတွေမစားပါနဲ့ဦး။ နောက်ပြီး သရာဝီမတိုင်ခင်ရောက်တော့မှ အစာကြီး (ထမင်း၊ ခေါက်ဆွဲ၊ အသား၊ ငါးအစရှိသည်) တို့ကိုစားပါ။
 
ပြီးတော့ အပူ၊ အစပ်နဲ့ အက်ဆစ်ဓာတ်ပါတဲ့အစားအစာတွေစားသုံးတာမျိုးကိုရှောင်ကြင်ပါ။ အဲဒီဟာတွေက အစာအိမ်ဝေဒနာကို ဒုက္ခကောင်းကောင်းပေးပါလိမ့်မယ်။ ကက်ဖိန်းဓာတ်ပါတဲ့ ကော်ဖီကလည်း ဆီးများများသွားဖို့ လှုံဆော်ပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်စေတတ်ပါတယ်။ အချိုကဲတဲ့ဖျော်ရည်တွေကလည်း ဆီးမကြာခဏသွားစေတတ်ပြီး ရေငတ်စေပါတယ်။ ရမဿွာန်လမှာ ကာဗိုဟိုက်ဒြိတ်၊ ပရိုတိန်း၊ အဆီဓာတ်၊ ဗိုက်တာမင်နဲ့အမျှင်ဓာတ်ပါတဲ့အစာတွေကို လောက်လောက်ငငစားပေးဖို့အထူးအရေးကြီးလှပါတယ်။ အစားစားလို့ ရတဲ့အချိန်မှာ ရေများများသောက်ပေးဖို့လည်းအထူးအရေးကြီးလှပါတယ်။ အသက်ရှုခြင်း၊ ချွေးထွက်ခြင်း၊ အပေါ့အလေးစွန့်ခြင်းတွေကနေတစ်ဆင့် တစ်နေ့ကို ရေဓာတ် ၂.၅လီတာထိအောင် ခန္ဓာကိုယ်ကနေ ဆုံးရှုံးရတတ်တာကို သတိထားရပါမယ်။
 
Lifestyle ကိုထိန်းဖို့ OK ပြီဆိုရင် ဆေးသောက်ဖို့လုပ်ရပါမယ်။ အစာအိမ်ရောင်ရမ်းခြင်းနဲ့ အစာအိမ်အနာအတွက် Antacids လို့ခေါ်တဲ့ (Kremil S, ဒိုင်ဂျင်း)၊ PPI လို့ခေါ်တဲ့ (Omeprazole, Pantoprazole) နဲ့ H2 antagonist လို့ခေါ်တဲ့ (Ranitidine) တွေသောက်လို့ရပါတယ်။ အစာအိမ်ဝေဒနာရှိသူတွေအနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးအညွှန်းကို ညွှန်ကြားတဲ့အတိုင်း အချိန်အဆနဲ့သောက်ဖို့အရေးကြီးပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အလွယ်သောက်တာမျိုး မလုပ်သင့်ပါဘူး။ အကယ်လို့အစာအိမ်ဆေးကို နဂိုကတည်းက စွဲသောက်နေသူဆိုရင် ရမဇာန်အမှီကိုယ်ပြနေကြ ဆရာဝန်နဲ့ပြန်ပြပြီး လိုအပ်တဲ့ပြောင်းလဲမှုတွေလုပ်ရပါမယ်။ ဥပမာ တစ်နေ့သုံးကြိမ် သောက်နေရတယ်ဆိုရင် နေ့ခင်းဘက်မှာ ဥပုသ်စောင့်ထိန်းထားတာကြောင့် ဆေးသောက်ချိန်ကို ပြောင်းလဲ ချိန်ညှိဖို့လိုအပ်လာပါပြီ။
 
အရေးကြီးတဲ့အချက်က အစာအိမ်ဝေဒနာရဲ့အန္တရာယ်ရှိလက္ခဏာတွေကိုအထူးဂရုစိုက်ရပါမယ်။ ပျို့ခြင်း၊ အန်ခြင်း၊ အန်တာသွေးပါခြင်း၊ ဝမ်းမည်းမည်းများသွားခြင်း၊ ဗိုက်ထဲကမခံမရပ်နိုင်အောင်ထိုးအောင့်လာခြင်းတွေဖြစ်လာပြီဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရပါမယ်။ သက်ဆိုင်ရာမိသားစုဝင်၊ ညီကိုမောင်နှမဆွေမျိုးသားချင်းတွေ အနေနဲ့လည်း ကိုယ့်လူထဲက အစာအိမ်ဝေဒနာရှိသူကို ရမဇာန်ဥပုသ်လမှာဂရုစိုက်ပေးရပါမယ်။ အသားအရေ၊ ခြေဖဝါး၊ လက်ဖ၀ါးတွေပုံမှန်ထက်ဖြူဖတ်ဖြူရော်ဖြစ်လာပြီဆိုရင် မမြင်ရတဲ့နေရာ (ဥပမာအစာအိမ်ထဲ)မှာ သွေးထွက်နေတာကြောင့် သွေးအားနည်းတဲ့လက္ခဏာလို့ သိထားရပါမယ်။ ဆေးရုံကိုအမြန်ဆုံးပြေးပါ။ နောက်ပြီးတော့ အစာအိမ်ဝေဒနာရှင်ရဲ့ ကိုယ်အလေးချိန်သိသိသာသာကျသွားတာ၊ အစာသိပ်မစားနိုင်တော့တာတွေ သတိထားမိပြီဆိုရင်လည်း နောက်ဆက်တွဲ စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်နေပြီဆိုတာသိထားပါ။
 
အရေးအကြီးဆုံးကတော့ ကျန်းမာရေးအခြေအနေနဲ့ ဘာသာရေးအဆုံးအမကြားထဲမှာ မျှခြေညှိပါ။ အစ္စလာမ်ဘာသာဆိုတာ ဘာကြီးပဲဘယ်လောက်အခက်အခဲရှိရှိမလုပ်နိုင်ရင်လည်းမရမကလုပ်ရမယ်၊ မေးခွန်းမထုတ်နဲ့လို့ ပညတ်ထားတဲ့ဘာသာတရားမဟုတ်ပါ။ အသိပညာအပြင် အကန့်အသတ်လေးတွေထားပြီး လူတစ်ယောက်လိုက်နာ နိုင်မယ့် အနေအထားပေါ်မှာပဲ ပြဋ္ဌာန်းချက်တွေထုတ်ထားတာဖြစ်ပါတယ်။
 
ရှောင်ရန်
 
ဆီကြော်၊ အဆီဓာတ်များသော၊ အက်ဆစ်ဓာတ်ဖောဖောသီသီပါသော အစားအစာနဲ့အသီးအနှံများ (သံပုရာ၊ သံပုယိုအမျိုးအစားအသီးတွေ၊ ဂရိတ်ဖရုနဲ့ လိမ္မော်၊ ကမ္ပလာလိုမျိုးအသီးတွေ)ကိုရှောင်ပါ။ ဒါ့အပြင် ခရမ်းချဉ်သီးကို အခြေခံပြီး ချက်ပြုတ်၊ စီမံထားတဲ့ အစားအစာတွေကိုလည်းရှောင်ပါ။ ခရ်းချဉ်သီးက အက်ဆစ်ဓာတ် အရမ်းကြွယ်ဝပါတယ်။
အစပ်ကဲသောအစားအစာများနဲ့ ရယ်ဒီမိတ်စည်သွတ်ဘူးများကိုရှောင်ပါ။ အဲဒီတာရှည်ခံအစားအစာတွေထဲမှာ တာရှည်ခံအောင်ထားတဲ့ဓာတုပစ္စည်းတွေပါဝင်တာကြောင့် အစာအိမ်ဝေဒနာကိုပိုဆိုးစေပါတယ်။
အချိုဓာတ် သကြားဓာတ်ကဲလွန်းသောအစာများကိုလည်းရှောင်ပါ။ စဲဟ်ရီဝါစောင့်ချိန်နဲ့ အိဖ်သာရ်ဝါဖြေချိန်မှာ အလွန်အကျွံဗိုက်ကားနေအောင်စားသုံးခြင်းကိုရှောင်ပါ။ ဝါဖြေချိန် နောက်ကျခြင်း မဖြစ်အောင်အတတ်နိုင်ဆုံး ကြိုးစားပါ။
 
လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ အစရှိတဲ့ကဖိန်းဓာတ်ပါဝင်မှုများပြားတဲ့အစားအသောက်များကိုရှောင်ပါ။ ကိုကာကိုလာ၊ ပက်စီ၊ ဂတ်စ်ပါသော Max Plus အစရှိတဲ့အချိုရည်များကိုရှောင်ပါ။
 
အထူးသဖြင့်ဆေးလိပ်လုံးဝမသောက်တာအကောင်းဆုံးပါပဲ။ ဆေးလိပ်သောက်ခြင်းနဲ့ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်းတို့က ဆက်စပ်နေပါတယ်။ ရမဇာန်လက ဆေးလိပ်ဖြတ်ဖို့အတွက်အကောင်းဆုံး လတစ်လပါ။ ဒါ့အပြင်အစာအိမ်အနာရှိသူတွေအတွက် ဆေးလိပ်သောက်ခြင်းက အနာကြတ်ခြင်းကို အချိန်ကြာမြင့်စေပါတယ်။ အစာအိမ်နံရံကိုဒုက္ခပေးမယ့်ဆေးတွေကိုလည်းရှောင်ပါ (အထက်တွင်ဖော်ပြပြီး)။
 
စားရန်
 
ကာဗိုဟိုက်ဒြိတ်နဲ့ အစာကြေချိန်ကြာမြင့်တဲ့အစားအစာတွေကို စဲဟ်ရီဝါစောင့်ချိန်မှာစားပါ။ တခြားအချိုတွေ စားနေမယ့်အစား စွံပလွံ၊ အမျှင်ဓာတ်၊ ပိုက်တက်စီယံဓာတ်၊ မဂ္ဂနီစီယံဓာတ်ကြွယ်ဝတဲ့အစာတွေစားပါ။
 
ဗာဒံသီးဟာ ပရိုတိန်းဓာတ်နဲ့အမျှင်ဓာတ်ကြွယ်ဝပါတယ်။ ဗာဒံသီးနဲ့ နွားနို့ပေါင်းစပ်ခြင်းက အာဟာရတစ်ခွက်ပါပဲ။
 
ငှက်ပျောသီးတွေကတော့ ကာဗိုဟိုက်ဒြိတ်၊ ပိုတက်စီယံနဲ့ မဂ္ဂနီစီယံဓာတ်တွေပေါကြွယ်ဝပါတယ်။ အဆီနဲ့အကြော်တွေထက် ကျက်နေအာင်ကင်ထားတဲ့အစားတွေကိုစားသင့်ပါတယ်။ နည်းနည်းနဲ့ အကြိမ်များများစားပါ။ ဝါဖြေချိန်နောက်မကျပါစေနဲ့။ အစာအိမ်အတွက်ပုံမှန်မှီဝဲရမယ့်ဆေးကိုလည်း လုံးဝမမေ့ပါနဲ့။
 
သောက်ရန်
 
ရေကိုသာများများသောက်ပါ။ အက်ဆစ်ဓာတ်ပေါကြွယ်ဝတဲ့အသီးတွေနဲ့ဖျော်ထားတဲ့ဖျော်ရည်တွေကိုရှောင်ပါ။ ပိုတက်စီယံဓာတ်ပေါကြွယ်ဝတဲ့အရည်ကိုများများသောက်ပါ။ ဒါမှနောက်တစ်နေ့အတွက်ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့အရေးကြီးဓာတ်တွေလုံလုံလောက်လောက်ရှိနေမှာပါ။ စဲဟ်ရီဝါစောင့်ချိန်မှာ နွားနို့တစ်ဖန်ခွက်အပြည့်သောက်သင့်ပါတယ်။ အစာအိမ်ဝေဒနာအတွက်သင့်တော်ပါတယ်။
 
စောင့်ကြည့်ရန်
 
ဆရာဝန်တွေနဲ့သုတေသီတွေကတော့ အစာအငတ်နေခြင်းဟာ အစာအိမ်ဝေဒနာကိုပိုဆိုးစေတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့လည်း သေသေချာချာဂရုစိုက်မယ်ဆိုရင်တော့ ပြသနာမရှိလှပါဘူး။
သုတေသနတွေ့ရှိချက်တွေအရ အစာအိမ်ရဲ့အက်ဆစ် level က မွန်းလွဲချိန်ဆိုရင် အမြင့်ဆုံးလို့ဆိုပါတယ်။ ဒါကြောင့်အဲဒီအချိန်အပိုင်းအခြားနဲ့နောက်ပိုင်းမှာ ဂရုပိုစိုက်ပါ။ အသားအရေ၊ လက်ဖဝါး၊ ခြေဖ၀ါး ပုံမှန်မဟုတ်ဘဲ ဖြူဖျော့လာတာ၊ မျက်ခွံအတွင်းသားအောက်ပိုင်းတွေ ဖြူဖျော့လာတာကိုလည်း ဂရုစိုက်ပြီးစောင့်ကြည့်ပါ။
 
ကိုယ်အလေးချိန်နဲ့ စားတာလျော့မလျော့ကိုလည်း စောင့်ကြည့်ပါ။ အစ္စလာမ်တရားတော်က ဆွိယာမ်ဥပုသ် စောင့်ထိန်းရင် ကိုယ့်ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုပါက စောင့်ကိုစောင့်ရမယ့်ဆိုပြီး အတင်း အကျပ် မပညတ်ထားပါဘူး။ ရမဇာန်လမှာ ရိုဇာအပြည့်ရဖို့အတွက် ကိုယ်ဘယ်လိုနေထိုင်စားသောက် ပြုမူမယ်ဆိုရင် အသက်သာဆုံး ဖြစ်မလဲဆိုတာကိုယ်သာအသိဆုံးဖြစ်တာမို့ အမြဲတမ်းဂရုစိုက်ပါ။ ကိုယ်ပြနေကြဆရာဝန်နဲ့ အမြဲတမ်းအဆက်အသွယ်ထားပါ။ ကိုယ့်အခြေအနေကိုအမြဲတမ်းတိုင်ပင်ပါ။
 
စာရေးသူ ကိုယ်တိုင်မှာလည်းအစာအိမ်ပြဿနာရှိပါတယ်။ များသောအားဖြင့် Type A Personality လို့ ခေါ်ကြတဲ့ တက္ကသိုလ်ကျောင်းသား၊ စီးပွားရေးသမား၊ ဆေးလောကသားတွေမှာ အစာအိမ်ပြသနာရှိတတ်ပါတယ်။ ရမဇာန် ဥပုသ်လရောက်ပြီဆိုရင် အစာအိမ်ဝေဒနာရှိသူတွေက ကျွန်တော်တို့ ရိုဇာ ဘယ်လိုထားရမလဲဆိုတဲ့မေးခွန်း အမြဲမေးတတ်ကြတယ်။ ဒါကြောင့် ကိုယ်တိုင်လည်းဖတ်ရှုမှတ်သားသလို တခြားလူတွေလည်း နားလည်သိရှိသွားအောင် မျှဝေပေးဖို့တောင်းဆိုအပ်ပါတယ်။
(စတီဗင်)
ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။