The Sun သတင်းစာပါ မွတ်စလင်မုန်းတီးရေးဆောင်းပါးကို ဗြိတိန်နိုင်ငံရေးသမား ၁၀၀ ကျော် ရှုတ်ချ

ဗြိတိန်ထုတ် နာမည်ကြီး The Sun သတင်းစာထဲမှာ နိုင်ငံအတွင်းရှိမွတ်စလင်အသိုင်းအဝိုင်းကို ရည်ရွယ်ပြီး နာဇီ-ဆန်ဆန်အသုံးအနှုံးများနဲ့ ကော်လံပြည့်ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့တာကြောင့် အရေးယူဆောင်ရွက်ပေးရန် ပါတီစုံမှနိုင်ငံရေးသမား ၁၀၀ ကျော်က အိတ်ဖွင့်ပေးစာများပေးပို့ထားကြောင်း သိရသည်။
 
အိတ်ဖွင့်ပေးစာများကို လေဘာပါတီ၊ ကွန်ဆာဗေးတစ်ပါတီ၊ လစ်ဘရယ်ဒီမိုကရက်ပါတီ၊ ဂရင်းပါတီတို့မှ လွှတ်တော်အမတ်များက စုပေါင်း၍ “ဆောင်းပါးဟာ အမုန်းတရားနဲ့ တစ်ယူသန်ဘက်လိုက်မှုတွေဖုံးလွှမ်းနေတယ်” ဟု ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆောင်းပါးကို သတင်းစာ၏နိုင်ငံရေးအယ်ဒီတာဟောင်း Trevor Kavanagh ဆိုသူကရေးသားခဲ့ခြင်းဖြစ်သည်။
 
မစ္စတာ ကဗားနားက ဆောင်ပါးထဲတွင် အစ္စလာမ်သည် “ပြောမထွက်လောက်သောအကြောက်တရား” နှင့် ဖွဲ့စည်းထားပြီး ယင်းအကြောက်တရားသည် ဗြိတိန်သာမက ဥရောပတစ်ခွင်လုံးကို ကျယ်ပြန့်စွာ ပေါင်းစပ်စုစည်းစေခဲ့ကြောင်းရေးသားထားသော်လည်း ၎င်းအယူအဆသည် နိုင်ငံရေးအရမှားယွင်းလျက်ရှိသည်ဟု ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။ “ဒီမွတ်စလင်ပြဿနာကို ကျုပ်တို့ဘာလုပ်ကြမလဲ” ဆိုသည့် မေးခွန်းဖြင့် ဆောင်းပါးကိုအဆုံးသတ်ထားသည်။
 
လေဘာပါတီ အမတ် Naz Shah နှင့် အခြားထင်ရှားသောအမတ်များက ဦးဆောင်၍ လွှတ်တော်အမတ် ၁၀၇ ဦးကို စုစည်းက အိတ်ဖွင့်ပေးစာရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းဆောင်းပါးအပေါ် ဂျူးနှင့် မွတ်စလင်အဖွဲ့အစည်းတို့က စာနယ်ဇင်းအဖွဲ့အစည်း Independent Press Standards Organisation (Ipso) သို့ ပူးတွဲတိုင်ကြားစာပေးပို့ခဲ့ပြီးနောက်ပိုင်း အိတ်ဖွင့်ပေးစာများ စတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
တိုင်ကြားစာထဲတွင် “၂၁ ရာစုကော်လံစားဆောင်းပါးရှင်တစ်ယောက်က လူနည်းစုအသိုင်းအဝိုင်းကို ပြစ်မှတ်ထားပြီး နာဇီဆန်ဆန်အသုံးအနှုံးတွေနဲ့ တိုက်ခိုက်ခဲ့ခြင်းက တော်တော်လေးတုန်လှုပ်စရာကောင်းပါတယ်။ အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် မီဒီယာတွေရဲ့တင်ဆက်မှုတွေဟာ မွတ်စလင်တွေကို ပြစ်မှတ်ထားတဲ့ အမုန်းတရားအခြေခံရာဇတ်ဝတ်မှုတွေ မုန်းတီးမှုတွေကို မြင့်တက်စေနိုင်ပါတယ်။ ယူကေ မွတ်စလင်တွေဟာ လက်ရှိမှာလည်း လက်ယာစွန်းအုပ်စုတွေနဲ့ နာဇီလက်သစ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကိုရင်ဆိုင်နေရပါတယ်။ ခင်ဗျားရဲ့ဆောင်းပါးဟာ မွတ်စလင်တွေအပေါ် အမုန်းတရားနဲ့ ရန်လိုမှုတွေပိုများလာအောင် ဆွပေးလိုက်သလိုပါပဲ။
 
လွန်ခဲ့သည့် အင်္ဂါနေ့ကအထိ အဆိုပါဆောင်းပါးနှင့်ပတ်သက်၍ တိုင်ကြားစာပေါင်း ၁၅၀ တိတိရရှိထားပြီးဖြစ်ကြောင်း Ipso ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါဆောင်းပါးသည် အယ်ဒီတာတို့စောင့်ထိမ်းအပ်သည့် ကျင့်ဝတ် အချက် ၁၂ (ခွဲခြားဆက်ဆံခြင်း) နှင့် ငြိစွန်းလျက်ရှိသည်ဟု သိရသည်။
 
Trevor Kavanagh ၏ ဆောင်းပါးအပေါ် အမေရိကန်အပါအဝင် ကမ္ဘာ့ထိပ်တန်းမီဒီယာကြီးများက တုံ့ပြန်ဆောင်းပါးများရေးသားကာ ပြစ်တင်ရှုတ်ချခဲ့သေးသည်။
Ref: Independent.co.uk

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP