တောင်အာဖရိကနိုင်ငံရဲ့ အစောဆုံးဗလီဝတ်ကျောင်တော် သို့မဟုတ် အောင်ဝလ်ဗလီ

ကဏ္ဍ – Muslim Heritage

(စတီဗင်)

အောင်ဝလ် (Auwal/Awwal) ဗလီဝတ်ကျောင်းတော်ဟာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့အနီး ဘိုကပ်အရပ်မှာတည်ရှိပြီး နိုင်ငံရဲ့ပထမဆုံးဗလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။ ကိပ်ကို ဗြိတိသျှတို့ ပထမဆုံးအကြိမ် ကိုလိုနီပြုသိမ်းပိုက်စဉ် ၁၇၉၄ ခုနှစ်မှာ  ဒီဗလီကိုစတင်ဆောက်လုပ်ခဲ့တာပါ။ ဗလီကို သူကောင်းပြုခံ လူမည်းမွတ်စလင်ကျွန် (Vryezwarten ဟုခေါ်သည်) တစ်ယောက်ဖြစ်တဲ့ ကိုရီဒွန် ဗန်ကေလွန် (Coridon van Ceylon) ပိုင်တဲ့မြေပေါ်ဆောက်ထားတာဖြစ်ပါတယ်။ အဆောက်အအုံဆောက်ခါစမှာ ဗလီမဖြစ်သေးပါဘူး။ ကိုရီဒွန်ရဲ့ သမီးဖြစ်သူ ဆာသ်ဂျီး ဗန်ဒီကပ် (Saartjie van de Kaap) က အဲဒီအဆောက်အအုံကို ဖခင်ဆီကနေ အမွေဆက်ခံပြီးနောက် ကုန်လှောင်ရုံအဖြစ်အသုံးချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆောက်အအုံကို ဗလီအဖြစ် လှူဒါန်းပေးခဲ့တာကြောင့် တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံးဗလီဝတ်ကျောင်းတော်ဖြစ်လာခဲ့ပါတယ်။

၁၇၉၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ဗလီကို ၁၉၀၇ ခုနှစ်ရောက်မှ ပြန်လည်မွမ်းမံခဲ့ပြီး ၁၉၃၆ ခုနှစ်မှာတော့အကြီးစားပြင်ဆင်ရေးလုပ်ခဲ့ပါတယ်။ ဒီဗလီဟာ လူပရိသတ်နဲ့ ဝတ်ပြုဆုတောင်းတဲ့ ပထမဆုံးဗလီဖြစ်သလို ကိပ်မွတ်စလင်တွေရဲ့ ယဉ်ကျေးမှုနဲ့ အာရဗစ်-အာဖရိကန်းဘာသာစကားကို အရင်ဆုံးသင်ပြပေးခဲ့ပါတယ်။ ဒီဗလီဟာ တောင်အာဖရိကမွတ်စလင်တွေအတွက် အစ္စလာမ်သာသနာကို အသိအမှတ်ပြုခံရခြင်းနဲ့ ကျွန်တွေလွတ်လပ်စွာ ဝတ်ပြုဆုတောင်းဖို့ရာ ခွင့်ပြုခံရခြင်းရဲ့ ပြယုဂ်အဆောက်အအုံလည်းဖြစ်ပါတယ်။ Tuan Guru လို့ အမည်တွင်တဲ့ ဘာသာရေးဆရာ ကာဒီ အဗ္ဗဒွစ္စလာမ်က ဗလီရဲ့ပထမဆုံးရှေ့ဆောင်ဆရာ အီမာမ်တာဝန်ကိုထမ်းရွက်ခဲ့ပါတယ်။ Taun Guru ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်ပါတယ်။ သူဟာ ကုရ်အာန်ကျမ်းစာကို အာဂုံဆောင်ကျက်မှတ်ထားသူဖြစ်တဲ့အားလျော်စွာ ထောင်ကျစဉ်မှာ ကျမ်းစာတစ်အုပ်လုံးကို အလွတ်လက်တန်းချရေးခဲ့ပြီး အဲဒီလက်ရေးမူကို အောင်ဝလ်ဗလီထဲမှာ ပြသထားပါတယ်။ Tuan Guru ဟာ ဗလီမှာ ဘာသာရေးစာသင်ကျောင်း မဒ်ရဆာတစ်ကျောင်းဖွင့်ခဲ့ပြီး ကလေးနဲ့ လူကြီးအားလုံးကို အစ္စလာမ်အရေးအရာတွေသင်ကြားပေးခဲ့ပါတယ်။

Guru ကွယ်လွန်ပြီးနောက်ပိုင်း ဗလီဒကာ ဆာသ်ဂျီးဗန်ဒီကပ်ရဲ့ ခင်ပွန်း ဘင်္ဂလားသား အာခ်မဒ်က အီမာမ်လုပ်ခဲ့ပါတယ်။ အီမာမ်ရာထူးကို အာခ်မဒ် မိသားစုအစဉ်အဆက်ဆက်ခံခဲ့ပြီး နောက်ဆုံးမိသားစုဝင် အီမာမ်ကတော့ ဂဆန်းအာခ်မဒ်ဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရှေ့ဆောင်ဆရာရာထူးကို တခြားဘာသာရေးဆရာတွေက ဆက်ခံခဲ့ကြပါတယ်။

=============

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h