ရမဇာန် ဥပုသ်လနဲ့ ရန်ကုန်မွတ်စလင်တွေရဲ့အခက်အခဲ

ရန်ကုန် မုတ်သုံမိုးက တဖွဲဖွဲ၊ မိုးက တခြိမ်းခြိမ်း။ ရာသီဥတုကို ထီးနဲ့ အံတုပြီး မွတ်စလင်တချို့ဗလီရှေ့မှာ တန်းစီတိုးနစ်နဲ့ အလှည့်ကျ ထမင်းနဲ့ ဟင်းနည်းနည်းစီ ရယူဖို့ စောင့်နေကြတယ်။ ဥပုသ်ထွက်ရင်စားကြဖို့ပါ။

Dozens of Muslims stand in line at a mosque under umbrellas during a monsoon downpour in Yangon waiting for a small portion of rice and curry to break their fast during the holy month of Ramadan. (Photo: AFP / Ye Aung Thu)

 
စစ်အစိုးရလက်ထက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ခြောက်စုလောက်ကတည်းက အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွေကို ဝတ်ပြုဆုတောင်းရာနေရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့လမှာတော့ ရန်ကုန်အရှေ့ပိုင်းက စာသင်ကျောင်းတချို့ကို ဗုဒ္ဓဘာသာအမျိုးသားရေးလူရမ်းအုပ်စုတစ်စုက ဦးဆောင်ပြီး ပိတ်ပင်ခဲ့ပါတယ်။
 
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ခွဲခြားဆက်ဆံမှုတွေ တော်တော်ကြုံလာခဲ့တယ်” လို့ အဲဒီစာသင်ကျောင်းတွေမှာ ဝတ်ပြုခဲ့သူ ဟူစိန်ကပြောပါတယ်။
 
မုတ်ဆိတ်နဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးနားမှာ အငွေ့တထောင်းထောင်းထနေတဲ့ ပဲအိုးကြီးတွေကိုမွှေတဲ့ သစ်သားယောက်မကြီးတွေ ထောင်ထားပါတယ်။
 
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပါအဝင် မွတ်စလင်လူဦးရေဟာ မြန်မာနိုင်ငံမှာ သုံး ကနေ လေး ရာခိုင်နှုန်းသာရှိပါတယ်။ မြန်မာနိုင်ငံကို အစ္စလာမ်ဘာသာခြေကုပ်ယူနိုင်ခဲ့တာကတော့ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။
 
အခုတော့ မွတ်စလင်တွေဟာ ကိုယ့်အမိမြေမှာ အလိုမရှိသူတွေအဖြစ် ဆက်ဆံခံရတယ်လို့ ခံစားနေကြရပါတယ်။
 
“ကျနော်ငယ်ငယ်တုန်းကဆို ဘာခွဲခြားဆက်ဆံမှုမှမရှိဘူး။ ဗုဒ္ဓဘာသာဝင်တွေနဲ့လည်း ရင်းရင်းနှီးနှီးရှိတယ်။ အစားအသောက်ဆိုလည်း သူ့အိမ်ကိုယ်စား၊ ကိုယ့်အိမ်သူစားပဲ။ အခုတော့ ဒီနိုင်ငံမှာ ကိုယ့်ဘာသာတရားကို ကျင့်သုံးတာတောင်မှ လွတ်လပ်ခွင့်မရှိတော့ဘူး” လို့ ဟူစိန်က ဆက်ပြောပါတယ်။
 
အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွေ ပိတ်ပင်လိုက်တာကြောင့် ဝတ်ပြုဆုတောင်းချိန် လူ ရာချီ စုပေါင်းဝတ်ပြုဖို့ တော်တော်လေး ခက်ခဲနေရတယ်လို့ သာကေတ ဗလီက အတွင်းရေးမှူးဖြစ်တဲ့ ဦးအောင်ထူးမြင့်က ပြောပါတယ်။
 
အထွဋ်အမြတ်ထားရာ ရမဇာန်ဥပုသ်လစတော့ မွတ်စလင်ရပ်ကွက်သားတွေက မိုးရေထဲမှာ လမ်းပေါ်ထွက်ပြီး သတ္တိရှိရှိ ဝတ်ပြုခဲ့ကြပေမယ့် အာဏာပိုင်တွေက အဲဒီစုဝေးမှုကို ချက်ချင်းဆိုသလို ပိတ်ပင်လိုက်ကြပါတယ်။ ဒါ့အပြင် အဲဒီဝတ်ပြုမှုမှာပါဝင်သူ သုံးဦးဟာ တရားတဘောင်နဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ အကြောင်းပြချက်ကတော့ ဘာသာရေးဝတ်ပြုဆုတောင်းဖို့ လူစုဝေးခြင်းဟာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်လို့ပါတဲ့။
 
ဘာသာရေးစာသင်ကျောင်း မဒ်ရဆာတွေကို ဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုတာကိုမသိရသေးသလို ကျောင်းသားပေါင်း ၃၀၀ ရဲ့ ပညာရေးဟာလည်း ဘယ်လိုဖြစ်မလဲဆိုတာကိုလည်း သမိကြောင်း ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဘိုကြီးက ပြောပါတယ်။
 
“သမ္မတနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီကို စာတင်ခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှမရခဲ့ဘူး” လို့ သူက ဆိုပါတယ်။

Dozens of Muslims stand in line at a mosque under umbrellas during a monsoon downpour in Yangon waiting to break their fast during Ramadan. (Photo: AFP / Ye Aung Thu)

မွတ်စလင်တွေကို ဆက်ဆံတဲ့ပုံစံတွေကြောင့် မြန်မာနိုင်ငံဟာ ဝေဖန်ပြစ်တင်မှုတွေ ကြုံရတာ များလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဟာလည်း မွတ်စလင်ဆန့်ကျင်ရေးသွေးထိုးလှုံဆော်မှုတွေကို ထိန်းချုပ်ဟန့်တားဖို့ အရေး ရုန်းကန်နေရပါတယ်။ ဒီကြားထဲ ရိုဟင်ဂျာတွေကို ကိုယ်စားပြုသယောင် ဟန်ရေးပြတဲ့ အစွန်းရောက်အုပ်စုတစ်စုဟာလည်း လွန်ခဲ့တဲ့နှစ်တုန်းက ရဲကင်းတွေကိုဝင်ရောက် စီးနင်းခဲ့ပါသေးတယ်။
 
ဗုဒ္ဓဘာသာအစွန်းရောက်အုပ်စုဟာ တဖြည်းဖြည်းအရှိန်မြှင့်လှုပ်ရှားလာကြပြီး မွတ်စလင်တွေဦးဆောင်ကျင်းပတဲ့ ပွဲတွေကို ဝင်ရောက်နှောင့်ယှက်ဟန့်တားကာ ပိတ်ပင်ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီတစ်ခုထောင်ကာ မွတ်စလင်ဆန့်ကျင်ရေးလုပ်ဖို့ ခြေလှမ်းပြင်ခြင်း၊ ရန်ကုန်မြို့လမ်းမထက်မှာ မွတ်စလင်တွေကို စော်ကားခြင်းတွေ ပေါ်ပေါ်ထင်ထင်လုပ်လာကြပါပြီ။
 
ဆူပူအကြမ်းဖက်မှုနောက်ကွယ်က ခေါင်းဆောင်လို့ ယူဆရသူတချို့ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံ့အကြီးဆုံး ဗုဒ္ဓဘာသာအဖွဲ့ကြီး “မဟန” ကလည်း အမျိုးသားရေးအစွန်းရောက်အုပ်စု “မဘသ” ကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ မဘသဟာ နာမည်သာ ပြောင်းဖို့လိုအပ်ခဲ့ပါတယ်။
 
သာမန်မွတ်စလင်နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်လုပ်စာကိုရှာ ကိုယ့်ထမင်းကိုယ်စားပြီး ပြစ်မှတ်ထားခံရမှာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
 
တစ်သက်လုံးရန်ကုန်မှာနေထိုင်ကြီးပြင်းလာတဲ့ ချာပါတီရောင်းသူ အသက် ၅၇ နှစ်အရွယ် ဦး ဟာရွန်ကလည်း အမျိုးသားရေးအစွန်းရောက်အုပ်စုတွေကို ပိုပိုပြီး စိုးရိမ်လာတယ်လို့ ဆိုပါတယ်။
 
“ဒီလိုအခြေအနေမျိုးတွေကို ဖန်တီးနေတာ အုပ်စုတစ်စုပဲရှိတယ်” လို့ သူက AFP သတင်းဌာနကို ပြောပါတယ်။ သူ့အိမ်မှာ ဇနီးသည်၊ သားသမီးသုံးယောက်တို့နဲ့ အတူတူနေပါတယ်။ မဘသ ဆိုတဲ့ အသုံးအနှုံးကိုတောင် အတိအကျဖွံ့ဟပြီး မပြောချင်တဲ့ပုံပါပဲ။
 
“အဲဒီအဖွဲ့သာ အပြီးပျောက်သွားမယ်ဆိုရင် အကုန်ငြိမ်းချမ်းသွားလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်
 
Source: AFP
ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။