ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန်ရှုတ်ချပါကြောင်းနှင့် လူမျိုးရေးဘာသာရေးပြဿနာဖြစ်အောင် အင်တာနက်တွင်လှုံဆော်ရေးသားနေခြင်းများကို ကြပ်မတ်ကာကွယ်တားဆီးပေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတောင်းဆို

ဉာဏ်အလင်း

အစ္စလာမ်ဘာသာဝင်များအနေဖြင့် င်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် ဘာသာတစ်ခုနှင့် တစ်အခုအကြားမလိုလားအပ်သော ပဋိပက္ခများဖြစ်ပေါ်လာစေရန် ဘာသာရေးပုတ်ခတ်စော်ကားမှုများ၊ လှုံဆော်မှုများ၊ လုပ်ကြံသတင်းလွှင့်မှုများ ဆောင်ရွက်လာသည်များကို လက်ခံယုံကြည်ခြင်း၊ ဖြန့်ဝေခြင်း၊ စိတ်လိုက်မာန်ပါတုံ့ပြန်ခြင်းများမပြုလုပ်ကြပါရန်နှင့် မိမိတို့ပတ်ဝန်းကျင်တွင် အဖျက်အမှောက်လုပ်ရပ်များ မသင်္ကာဖွယ်ရာတွေ့ရှိပါက နီးစပ်ရာအစိုးရအုပ်ချုပ်ရေးအဖွဲ့များသို့ အချိန်မှီအသိပေးအကြောင်းကြားပေးရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက စက်တင်ဘာ ၉ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ကာ အထူးသတိပေးပန်ကြားလိုက်သည်။

ထို့အပြင် အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှလက်ခံခဲ့ခြင်းမရှိဘဲ လုံးဝဆန့်ကျင်ပါကြောင်း၊ အစ္စလာမ့်တရားတော်တွင် အပြစ်မဲ့ပြည်သူများထိခိုက်နစ်နာစေသည့်အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခြင်းမရှိရန် တားမြစ်ထားပါကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်ခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန်ဆန့်ကျင်ရှုတ်ချပါကြောင်းကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။

ARSA အကြမ်းဖက်အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးအပါအဝင်မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်ကို နိုင်ငံတော်၏သတင်းထုတ်ပြန်ချက်အရ သိရှိရသဖြင့် လွန်စွာစိုးရိမ်မကင်းဖြစ်ရသလို တစ်ဖက်တွင်လည်း လူမျိုးရေး၊ ဘာသာရေးပြဿနာဖြစ်အောင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများမှ လှုံဆော်ရေးသားနေသည်များကိုလည်း အစိုးရအနေဖြင့် ကြပ်မတ်ကာကွယ် တားဆီးဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။

ကြေညာချက်နှစ်စောင်လုံးကို မြန်မာနိုင်ငံရှိ အဓိကအစ္စလာမ်ဘာသာရေးအဖွဲ့အစည်း (၅) ဖွဲ့၏ တာဝန်ရှိသူများက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ –Islamic Religious Affairs Council Myanmar

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs