လူမျိုးတုံးသတ်ဖြတ်မှုခံရခြင်းမရှိဟု ယခင်က ရိုဟင်ဂျာများအတွက် ရပ်တည်ခဲ့သူ ကာဒီနယ်ရဟန်းမင်းကြီး မိန့်ကြား

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူနည်းစုသည် နိုင်ငံသားဖြစ်မှုအခက်အခဲအပါဝင် ပဋိပက္ခနှင့် ဒုက္ခသုက္ခများကို ရင်ဆိုင်နေကြရသော်လည်း လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေခြင်းမရှိဟု ဗတီကန်မှ ခန့်အပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ပုပ်ရဟန်းမင်းကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက သကက်သလစ်မဂ္ဂဇင်း Curx ကို မိန့်ကြားလိုက်သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအစီရင်ခံစာထဲတွင် ရခိုင်ပြည်နယ်၌ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားခြင်းရှိနေနိုင်ကြောင်းဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အစုလိုက်အပြုံလိုက်ရှိနေပြီး ရိုဟင်ဂျာများသည် နိုင်ငံမဲ့ခြင်းနှင့် အကြမ်းဖက်စစ်ဆင်ရေးကို ရင်ဆိုင်နေရကြောင်း ယင်းအစီရင်ခံစာထဲ၌  ဖော်ပြခဲ့သည်။

ယခင်က ကာဒီနယ်ဘိုသည် ရိုဟင်ဂျာများအပေါ် ကောင်းမွန်စွာဆက်ဆံရန် တစ်စိုက်မတ်မတ်ထောက်ခံပြောကြားခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလကပင် ရခိုင်ပြည်နယ်နေရာအနှံ့ အဟန့်အတားမဲ့ သွားလာခွင့်ပေးသင့်ကြောင်း၊ နိုင်ငံတကာလူသားချင်းစာနာရေးအဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူအခွင့်အရေးစောင့်ကြည့်သူများကို ခွင့်ပြုသင့်ကြောင်း၊ ကုလသမဂ္ဂအစီရင်ခံစာထဲတွင်ဖော်ပြထားသည့် ရာဇဝတ်မှုများကို စစ်ဆေးရန်နိုင်ငံတကာအသိုင်းအဝိုင်းကို ခွင့်ပြုပေးသင့်ကြောင်း အစရှိသည့်အချက်များကို လိုက်နာရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သေးသည်။

ကုလအစီရင်ခံစာထွက်ချိန်တွင် ကာဒီနယ်မောင်ဘိုက “ရင်ကွယ်ဖွယ်ရာ စိတ်မကောင်းဖြစ်စရာ” ဟူ၍ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သေးသည်။

လွန်ခဲ့သော မေလ ၄ ရက် က ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်နှင့် ဥရောပခရီးစဉ်သွားရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကာ ဗာတီကန်၌ သံရုံးဖွင့်လှစ်ရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း ကာဒီနယ် ချားလ်စ်မောင်ဘိုက ဂျီနိုဆိုက်နှင့် လူမျိုးတုံးသတ်ဖြတ်မှုမရှိသည်မှာ ထင်ရှားကြောင်း မိန့်ခဲ့ခြင်းဖြစ်သည်။

ကက်သလစ်ဘာသာဝင်များ၏ ဥသျှောင် ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်က ၂၀၁၅ မေလ အတွင် ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာဒုက္ခသည်အရေးနှင့်ပတ်သက်၍ နှလုံးသားထဲတွင် နာကျင်မှုနှင့် စိုးရိမ်ပူပန်စိတ်တွေဖြစ်ရကြောင်း၊ အသက်အန္တရာယ်ရင်ဆိုင်နေရသူများကို ကူညီသည့်နိုင်ငံများကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်မိန့်ကြားခဲ့သည်။

ထို့အပြင် လွန်ခဲ့သော ဖေဖော်ဝါရီလကလည်း လူနည်းစုရိုဟင်ဂျာများသည် ၎င်းတို့ကိုင်စွဲထားသော ယုံကြည်ချက်ကြောင့် ညှင်းပမ်းနှိပ်စက်ခံ၊ သတ်ဖြတ်ခံနေရသည်ကို ယခုလိုမိန့်ခဲ့သေးသည်။

“သူတို့တတွေခံစားနေရတာ နှစ်တွေကြာမြင့်ခဲ့ပါပြီ။ သူတို့ဟာ ယဉ်ကျေးမှုနဲ့ မွတ်စလင်ယုံကြည်ချက်အတိုင်းနေထိုင်ခြင်းသက်သက်ကြောင့် ညှဉ်းပန်းနှိပ်စက်ခံ၊ အသတ်ဖြတ်ခံနေရတာပါ”  ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်က မိန့်ခဲ့ခြင်းဖြစ်သည်။

Ref: cruxnow

ဆက်စပ် ဖတ်ရှုရန်

ရိုဟင်ဂျာလူနည်းစုအပေါ် ရက်စက်မှုကျူးလွန်နေခြင်းကို ပုပ်ရဟန်းမင်းကြီး အပြင်းအထန်ဝေဖန်

http://wp.me/p5pNNN-hz

ရိုဟင်ဂျာကိစ္စပုပ်ရဟန်းမင်းကြီးမိန့် (ရုပ်သံ)

http://bit.ly/2tXXsFS

ဗာတီကန်တွင် မြန်မာသံရုံးဖွင့်မည်

http://bit.ly/2sA2w5O

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။