လမ်းပေါ်ဝတ်ပြုသည့် ပြည်သူများကို အမိန့်ကြေညာစာထုတ်ပြန်၍ ပိတ်ပင်

၃၁ ရက် ညနေပိုင်းတွင် သာကတေမြို့နယ် အနော်မာ (၁၃) လမ်း အနောက် လမ်းမပေါ်၌ ၁၅ မိနစ်ခန့် ဝတ်ပြုဆုတောင်းခဲ့ကြသော အစ္စလာမ်ဘာသာဝင် ၅၀ ဦးခန့်အား အများပြည်သူသွားလာသည့် လမ်းပေါ်၌ ခွင့်ပြုချက်မရှိဆုတောင်းသည်ဟု ဆိုကာ ယင်းကဲ့သို့အပြုအမူများလုပ်ဆောင်ခြင်းလုံးဝမပြုရန် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၃၃ အရ အမိန့်ကြေညာချက်တစ်စောင်ကို သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဆန်းဝင်းက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

အမိန့်စာထဲတွင် အများပြည်သူသွားလာသည့် လမ်းပေါ်တွင် ခွင့်မပြုချက်မရှိဆုတောင်းခြင်းသည် အများပြည်သူဆိုင်ရာနေရာအား ပိတ်ပင်ခြင်း၊ နယ်မြေအေးချမ်းသာယာရေးကို ထိခိုက်စေမည့် အကြောင်းရှိခြင်း၊ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားစေနိုင်ခြင်းတို့ကြောင့် ရပ်ရွာအေးချမ်းချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ နောက်နောင် အများပြည်သူဆိုင်ရာလမ်း၊ ချောင်း၊ မြောင်း၊ တူးမြောင်းများမှဖြစ်စေ၊ အများပြည်သူဆိုင်ရာနေရာမှဖြစ်စေ၊ ဥပဒေနှင့် ဆန့်ကျင်သောပိတ်ပင်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလိုလားအပ်သော ပြဿနာများဖြစ်ပွားစေသည့် အပြုအမူများ လုပ်ဆောင်ခြင်းကို လုံးဝမပြုလုပ်ရပ် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၁၃၃ အရ အမိန့်ထုတ်ပြန်ကြောင်း ရေးသားထားသည်။

ယနေ့ ည ခြောက်နာရီကျော်ဝန်းကျင်တွင် သာကေတမြို့နယ်ရှိ ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အမိန့်ကြေညာစာကို လိုက်လံသတိပေးခဲ့ကြောင်းလည်းသိရသည်။

လွန်ခဲ့သည့်ဧပြီ ၂၈ရက်တွင် သင်္ကန်းဝတ်များ ဦးဆောင်သည့် အစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီများက ဒေသခံအာဏာပိုင်များကို ဖိအားပေးကာ စာသင်ကျောင်းများအတွင်း ဘာသာရေးဝတ်ပြုသည်ဆိုသည့်အကြောင်းပြချက်ဖြင့် မွတ်စလင် ဘာသာရေးစာသင်ကျောင်းနှစ်ကျောင်းကို ချိတ်ပိတ်ပေးရန်အဓမ္မတောင်းဆိုခဲ့ကြသည်။ ချိတ်ပင်စဉ်က ယာယီသာဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သော်လည်း ယခု တစ်လကျော်သည်အထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိသေးပေ။

ယခုကျရောက်နေသည့် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇန်ဥပုသ်လအတွင်း ဥပုသ်စောင့်ထိန်းထိမ်းခြင်း၊ ဥပုသ်ထွက်ခြင်းနှင့် ညဘက်အပိုဆောင်းဝတ်ပြုခြင်းများကိုလည်း လုပ်နေကျအတိုင်း မဆောင်ရွက်နိုင်သောကြောင့် ဘာသာရေးတာဝန်ကို လမ်းမများပေါ်၌ ခက်ခဲစွာ ထမ်းဆောင်ရလျက်ရှိရာမှ ယခုကဲ့သို့ အမိန့်ကြေညာချက်ထုတ်ပြန်ကာ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ – Facebook ပေါ်တွင် မူရင်းတင်သူ

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7